စိတ်ဓာတ်တွေ ညီညွတ်ရဦးမည့် တောင်ငူ အပိုင်း(၁)

Photo: Lynn Myat

 

(၁)

ရန်ကုန်မှ ကျွန်တော်စီးလာသော ဂန္ထဝင် တောင်ငူ ခရီးသည်တင်ယာဉ်သည် တောင်ငူမြို့ နယ်နိမိတ် ထဲ ဝင်လာသည်။ မြန်မာပြည်တောင်ပိုင်းဆီ ဝင် နှင့်ပြီးသော မုတ်သုံက သည်ကိုတော့ အပြည့်အဝ မရောက်သေး။ အုံ့ဆိုင်းနေသော တိမ်စိုင်ညိုတို့ သည် နောက်မှာကျန်ရစ်ပြီ။ တိမ်သားညိုညိုကို အနားကွပ်ပေးထားသော အလင်း ငွေမျှင်စတို့ ပြိုး ပြက်လာသည်။

ယင်းသည်ပင် တောင်ငူ၏ပစ္စုပ္ပန်ဖြစ်နေသည်။ ဟိုယခင် အညိုရောင်နယ်မြေ ဖြစ်ခဲ့စဉ်က ညိုရီသော အတိတ်သည် နောက် မှာ ကျန်ရစ်ခဲ့ပြီ။ မြို့ပြဥပဓိရုပ်သည် ပြောင်းလဲလာသည်။

လွန်ခဲ့သော ၂၉ နှစ် ကျွန်တော် တောင်ငူကို ပထမအကြိမ် ရောက်ခဲ့စဉ်က အစိုးရဧည့်ဂေဟာမှ အပ တခြားတည်းခိုခန်းဟူ၍ မရှိခဲ့။ ယခု မြို့မှာ ဟိုတယ် ဆယ်လုံး ရှိနေပါပြီ။ ဟိုအရင် သံတောင် ဘက်ကို သွားတော့ ရိုင်ဖယ်သေနတ်အိုကြီး ကိုင်ထားသည့် ပြည်သူ့စစ်များက လုံခြုံရေးယူထားကြသည်။ ယခု ထိုလမ်းပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ အကြောင့်ကြကင်းစွာ ဥဒဟို သွားလာ လျက်ရှိနေပြီ။

ဒေသခံတို့အဆို တိုင်းစစ်ဌာနချုပ်စိုက်သော မြို့ဖြစ်၍ လုံ ခြုံရေးအပြည့်အဝရှိသည်။ ယခင်ကလို ကင်းစောင့်ရခြင်းမျိုးတွေ မရှိတော့။ လုပ်အားပေး ပေါ်တာအဆွဲခံရမှာကို စိုးတထိတ်ထိတ် ဖြင့် နေရတာမျိုးလည်း မရှိတော့။ အတိတ်နှင့် နှိုင်းယှဉ်လျှင် တောင်ငူသည် တိုးတက်ဖွံ့ဖြိုးလာပြီဟူ၍ ဒေသခံများက မှတ် ချက်ပေးပါသည်။

‘တကယ်လုပ်ရင် အဟုတ်ဖြစ်မယ်၊ ဖြစ်သလိုနေရင် နေ သလိုဖြစ်မှာပဲ’ဆိုသော မူကို လက်ကိုင်ထားသူ စီးပွားရေးလုပ် ငန်းရှင်လည်း ဖြစ်၊ တောင်ငူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးမြင့်ညိုက ”ဒီကနေ့သည် မနေ့ကနဲ့ မတူစေရ”ဟု ပြောပါသည်။

”မြို့ရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးလာတယ်”ဟု သူက   ပြောသည်။

တောင်ငူသည် နိုင်ငံတော်သမ္မတ၏ အဖွံ့ဖြိုးအတိုးတက် ဆုံး မြို့ဆု ရရှိထားပါသည်။ ကျွန်တော့်ခရီးစဉ်ကို ကူညီပေးခဲ့သော ကိုကျော်စွာဝင်းနှင့် ကိုကျော်သူဝင်းတို့လို ဒေသခံလူငယ်များက သည်လို ဆုချီးမြှင့်ခံရခြင်းအပေါ် စိတ်ဓာတ်တက်ကြွနေကြပါ သည်။ ယင်းမှာ မြို့၏ ပရဟိတအားကောင်းသောကြောင့် ဖြစ်နိုင် ကြောင်း သူတို့က ပြောပါသည်။ မြို့မှာ ပရဟိတအဖွဲ့ကြီးငယ် ၇ဝ ကျော် ရှိပါသည်။

တချို့ကမူ သည်ဘက် သုံး၊ လေးနှစ်တာကာလအတွင်း မြို့ တွင် လူမှုရေး၊ စီးပွားရေးကဏ္ဍများ၌ အပေါ်ယံ ရုပ်ဝတ္ထုတိုးတက် မှုမျိုးမဟုတ်ဘဲ အခြေခံကျကျ ဖွံ့ဖြိုးမှုမျိုး သိပ်မရှိခဲ့ဟု ရှုမြင်ကြပါ သည်။ သူတို့အဆို ဆင်းရဲမှုလျှော့ချရေးကလည်း အဆင်မပြေနိုင် သေး။ အဓိကတစ်ခုက မြေယာပြဿ    နာဖြစ်ပါသည်။

သည်အတွင်း ၂ဝ၁၅ ပွတ်အားတွေကို မြို့က ခံလာရသည် ဟု မြို့ခံတချို့က ပြောပါသည်။ ယင်းမှာ နိုင်ငံရေးအင်အားစုများ ၏ အားပြိုင်မှုဖြစ်ပါသည်။ တစ်ဖက်က လုပ်တာကို နောက်တစ် ဖက်က ဆန့်ကျင်ကန့်ကွက်ခြင်းတွေ ရှိနေသည်။

သည်လိုပဋိပက္ခတွေသည် ပညာနှင့် ဗဟုသုတအားနည်း၍ ဖြစ်ကြောင်း တက်ကြွသူလူငယ်လူလတ်တချို့က သုံးသပ်သည်။ ထို့ကြောင့် လူမှုပညာပေးအစီအစဉ်များကို သူတို့က လုပ်ဆောင် သည်။ မြို့မှာ စိတ်ဝမ်းကွဲမှုများ  ကျဉ်းမြောင်းသွားစေရန်ဖြစ် ကြောင်း သူတို့က ပြောပါသည်။

(၂)

ကျွန်တော်တည်းခိုသော ရွိုင်ရယ်ကေတုမတီဟိုတယ်က တောင်ငူခေတ်၏ စစ်သွေးကြွခဲ့ပုံကို ထင်ဟပ်နေပါသည်။ ကေတု မတီမင်းနေပြည်ကို တည်ခဲ့သော မင်းကြီးညိုရုပ်တုကြီးများ၊ လက်ဖျားထိပ်ကို အပ်ရိုက်သွင်းကာ သူရဲကောင်းရွေးချယ်နေပုံ ရုပ်တုကြီးများက တခမ်းတနားနိုင်လှ၏။

ထိုရွိုင်ရယ်ကေတုမတီကမ်းစပ်ဆီသို့ လေးကျွန်းကန်တော် မင်္ဂလာမှ လှိုင်းယဉ်နုကလေးများက တဖျတ်ဖျတ် ရိုက်ခတ်နေ သည်။ မုတ်သုံရနံ့သင်းသော လေပြည်ငယ်က စိမ်းမြမြကန်ရေပြင် ကို ကလူကျီစယ်နေသည်ကိုး။ ကန်တစ်ဖက်မှာ ဟိုယခင် တောင် ငူခေတ် မိုးကောင်းခဲ့စဉ်က နန်းတော်တည်ရာ၏ ကျုံးမြို့ရိုး ဟောင်းကြီးက ညို့ညို့မှိုင်းမှိုင်းရှိနေသည်။ မြို့ရိုးရာကြီး၏ အောက် တွင်တော့ ၂၁ ရာစုခေတ်၏ ကားတွေ၊ ဆိုင်ကယ်တွေက ပြေး လွှားသွားနေကြသည်။

သမိုင်းပညာရှင် ဒေါက်တာကျော်သက် ရေးသားပြုစုသော ‘ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်း’ စာအုပ်၌ ပုဂံပြည်ကြီး ပျက် ပြီးနောက် တောင်ငူသည် ရှမ်းတို့ ဖိနှိပ်ညှဉ်းပန်းမှုဘေးမှ ပြေး လာကြသော မြန်မာများ၏ ခိုလှုံရာဒေသဖြစ်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။

သမိုင်းမှတ်တမ်းများအရ မင်းကြီးညို (၁၄၈၆-၁၅၃၁) က ကေတုမတီမင်းနေပြည်တော်ကို တည်ထောင်ခဲ့ပါသည်။ ထိုမင်း လက်ထက်တွင် တောင်ငူသည် အင်းဝမှ ဘွဲ့တံဆိပ်နာမများ ချီး မြှင့်ခံရသည်သာမက နယ်မြေဒေသလည်း တိုးပွားလာသည်။ အင်းဝရွှေနန်းကြော့ရှင် နရပတိသည် မိမိသမီးတော်ကို တောင်ငူ ဘုရင်နှင့် လက်ဆက်ပေးခြင်းဖြင့် မင်းသမီးနှင့်အတူ ကျောက် ဆည်ဒေသရှိ ဆည်ရေသောက်လယ်မြေများသည် တောင်ငူ လက်အောက် ရောက်ခဲ့ရကြောင်း ‘မြန်မာနိုင်ငံသမိုင်း’စာအုပ် မှာ ဖော်ပြထားသည်။

တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့ လက်ထက်တွင် ဒုတိယ အကြိမ် မြန်မာနိုင်ငံကို ပြန်လည်စည်းလုံးပေးခဲ့ပါသည်။ ထိုရှင် ဘုရင်နှစ်ပါးစလုံးသည် ထိုင်းကို အလုံးအရင်းဖြင့် စစ်ချီတိုက်ခိုက် ခဲ့ကြသော်လည်း သူတို့အများဆုံး စစ်ခင်းခဲ့ရသည်မှာ ပြည်တွင်း ရှိ ပြည်ထောင်များနှင့်သာ ဖြစ်လေသည်။

ထိုသမိုင်းကြောင်းသည်ကား ပြီးဆုံးမသွား။ မျက်မှောက် ခေတ် မကြာသေးမီကအထိပင် တောင်ငူသည် ကိုယ့်တိုင်းရင်း သား အချင်းချင်း တိုက်ခိုက်သော ပြည်တွင်းစစ်မီးသင့်ရာ နေရာ တစ်ခုဖြစ်ခဲ့ရသည်။

တောင်ငူ၏ ရှေးရာဇဝင်ကြောင်းကို ပြောမည်ဆိုလျှင် စာ ဆို စစ်ဘုရင် နတ်သျှင်နောင်ကိုလည်း ချန်ထား၍ မရစကောင်း။ သီဟသူရဘွဲ့မည်ခံ နတ်သျှင်နောင်ဘုရင်သည် လက်ရုံးရည်သာ မက မြန်မာစာပေလောကတွင်လည်း ရတုဖွဲ့ဆိုခြင်း၌ အထူးထင် ရှားသော စာဆိုတော်ကြီးပါ။ စကားလုံး ကြွယ်ဝသူဖြစ်သော ကြောင့် အဓိပ္ပာယ်တူသော်လည်း စကားလုံးချင်း မထပ်အောင် သုံးစွဲနိုင်သဖြင့် ထူးခြားလှကြောင်း သမိုင်းမှတ်တမ်းအတင်ခံရသူ ဖြစ်ပါသည်။ ပေါ်တူဂီလူမျိုး ဖိလစ်ဒေဘရေတိုနီကိုတေခေါ် ငဇင် ကာနှင့် သွေးသောက်ရောင်းရင်းများဖြစ်ခဲ့သည်ကတော့ သူ့ အတွက် ကံဆိုးမိုးမှောင်ကျရသည်ဟုပဲ ဆိုရချိမ့်မည်။

‘ဆဲဗင်းဒေး’အယ်ဒီတာ ကိုအားမာန် ချိတ်ဆက်ပေးလိုက် သော နယ်ခံသတင်းထောက် ကိုကျော်စွာဝင်းက တောင်ငူသည် မြို့သက် ၅ဝ၄ နှစ် ရှိခဲ့ပြီဟု ပြောပြသည်။ မြို့တည်၊ နန်းတည် ပွဲ တော်များ ကျင်းပခဲ့သည်မှာ ခြောက်နှစ်မြောက်ခဲ့ပြီ။  ယင်းတို့ကို သမဝါယမဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်း ပေါင်း သောင်းချီ အကုန်အကျခံကာ စီစဉ်ပေးခဲ့တာဟု ဆိုပါ သည်။ ဦးခင်မောင်အေးက တောင်ငူနယ်ဇာတိဟု သိရပါသည်။ ကျွန်တော်တည်းနေသည့် ရွိုင်ရယ်ကေတုမတီဟိုတယ်ကို သူ ပိုင် ဆိုင်ကြောင်းလည်း မြို့ခံများက ပြောပြပါသည်။

သံတောင်မြို့ အဝင်။ ဓာတ်ပုံ- ထင်အောင်ကျော်

                                                  

(၃)

ငွေခြည်ထိုး တိမ်စိုင်ခဲများ၏ အရိပ်က ပြန်ဖော်ထားသော စိမ်းလဲ့လဲ့ လေးကျွန်းကန်ထဲမှာ ရေယဉ်လှိုင်းများနှင့်အတူ ပြေး နေသည်။ ကန်၏ ဟိုမှာဘက်ရှိ စည်းအလွန်တွင် တောင်ငူမြို့ပြ၏ အင်္ဂတေတောအုပ်က ဇာပဝါပါးကို ဖောက်ကြည့်ရသလို ခပ်မှိုင်း မှိုင်း တွေ့ရပါသည်။

ဟိုအရင်က မြို့ ရှုခင်းသည် မြေမှာ ဝပ်နေသော မိကျောင်း  ကြီးလိုမျိုး။ ယခုမူ ဦးမြင့်ညိုအပြောအတိုင်းဆိုရလျှင် ”တောင်ငူ မြို့ပြအနေအထားသည် အိုးအိမ်တိုက်တာများက အစ ကြီးမား ထည်ဝါ ခံ့ညားလာခဲ့ပါပြီ”။

မင်းကြီးညိုကို ဂုဏ်ပြုသောအားဖြင့် သူ့ရုပ်တုများ ထုလုပ် ခြင်း၊ ကျုံးများကို ပြင်ဆင်ခြင်း၊ ကန်ပတ်လမ်းများဖောက်လုပ်ခြင်း တို့ဖြင့် သမိုင်းကို ပြန်လည်ဖော်ထုတ်သလို မြို့၏ စီးပွားရေး အကွက်အကွင်းကိုလည်း ဖော်ယူဟန် ရှိလေသည်။

တောင်ငူဒေသခံများက ဒါတွေကို ရုပ်ဝတ္ထုတိုးတက်လာမှု ဟူ၍ မှတ်ယူကြပါသည်။ သို့ရာတွင် စိတ်ဓာတ်ပိုင်းတိုးတက်ရေးကို လည်း သူတို့ မမေ့။ အလင်းသစ်ပညာရေးဖောင်ဒေးရှင်းကို တည် ထောင်သူ ကိုမော်သိန်းနိုင်က သူရယ်၊ ကိုကျော်စွာဝင်းနှင့် ကိုသန်းဓနတို့ရယ် ဦးစီးပြီး လူမှုရေးအသင်းအဖွဲ့များကို မြို့မှာ စတင်ဖြစ်ခဲ့ကြောင်း ပြောပြသည်။

”ကျွန်တော်တို့က Development (ဖွံ့ဖြိုးရေး)ကို Focus (အဓိက)လုပ်တယ်။ နောက် Right Culture (မိမိရဲ့ အခွင့် အရေးယဉ်ကျေးမှု)က သိပ်မရှိတော့ အဲဒါကိုDevelop ဖြစ်လာ အောင် လုပ်ပေးနေတယ်”ဟု ပြောပါသည်။ သူက မိခင် မွန်၊ ဖခင် ဗမာတို့မှ မွေးဖွားလာသူဖြစ်ပါသည်။

သူတို့က တောင်ငူစေတနာ့ဝန်ထမ်းအဖွဲ့  (TVT: Taungoo Volunteer Team) ပေါ်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ မြို့မှာ လိုအပ်နေသော စေတနာ့ဝန်ထမ်းအလုပ်များ၊ ဥပမာ-ဗိုလ် ချုပ်အောင်ဆန်းကြေးရုပ်အတွက် ရန်ပုံငွေဖျော်ဖြေပွဲများ တင် ဆက်ခြင်းမျိုးကို လုပ်ပေးခဲ့ကြောင်း စေတနာ့ဝန်ထမ်းပါဝင်ခဲ့သူ သတ္တုဗေဒအင်ဂျင်နီယာ ကိုဇော်မင်းဦးက ပြောပြသည်။

သတင်းထောက်လုပ်သက် ခုနစ်နှစ်ရှိ ကိုကျော်စွာဝင်း (၃၈ နှစ်)က မြို့၏ စိတ်ဓာတ်တွေ ညီညွတ်၍ နိုင်ငံတစ်ဝန်းမှာဖြစ် နေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများရန်မှ ရှောင်ရှားနိုင် ခဲ့ပုံကို ပြောပြပါသည်။ သူ့အဆို ၂ဝဝ၂ ခုနှစ်က တောင်ငူမှာ ဘာသာရေးအဓိကရုဏ်း ကြီးကြီးမားမားဖြစ်ခဲ့သည်။ လူခြောက် ဦး အသက်ဆုံးခဲ့ရသည်။ အိမ်တွေ၊ ဗလီတွေ မီးလောင်ခဲ့သည်။

”ဒီဘက်ခေတ် ရုပ်ဆိုးအကျည်းတန်ပြီး ကမ္ဘာကတောင် ဂရုစိုက်လောက်အောင် ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ခဲ့ တယ်။ ဒါပေမဲ့ တောင်ငူမှာ ဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာရှိတယ်ဆိုပေ မယ့် ဖြစ်မသွားဘူး။ အွန်လိုင်းကနေ လှုံ့ဆော်တာတွေ ရှိခဲ့တယ်။ ဒီမှာ ဘာသာပေါင်းစုံအဖွဲ့တွေ ရှိတယ်။ မြို့အုပ်ချုပ်သူရဲ့ စီမံခန့်ခွဲ မှုကလည်း ကောင်းတယ်။ ဒါကြောင့် အလားအလာတွေ ရှိခဲ့ပေ မယ့် ပဋိပက္ခတွေ မဖြစ်ခဲ့ဘူး”

အမုန်းစကားများကား တမင်တကာ ခွင့်ပြုထားလေ သလား အောက်မေ့ရလောက်အောင်ပင် အဟန့်အတားမရှိ ဖြန့် နေကြဆဲ။ သည်အထဲမှ ပဋိပက္ခကို တားဆီးနိုင်ခဲ့ခြင်းသည် ဘာသာပေါင်းစုံအဖွဲ့ရဲ့ ညီညွတ်မှုဟု ‘အဓိပတိ’သတင်းဂျာနယ် သတင်းထောက် ကိုကျော်သူဝင်းက ပြောပါသည်။ ”ဘာသာခြား တွေကလည်း ဘာသာရေး၊ မြို့ရွာဖွံ့ဖြိုးရေးတွေမှာ လူအား၊ ငွေ အား ပူးပေါင်းပါဝင်ကြတယ်”ဟု သူက ပြောပြပါသည်။

တောင်ငူမှ ပြန်ခါနီးမနက်မှာ တနင်္ဂနွေနေ့တိုင်း မြို့တစ်ခွင် အမှိုက်ကောက် သန့်ရှင်းရေးလုပ်သည့် ‘ခေါင်းလောင်းသံ ၄၈’တွင် ဦးဆောင်သူတစ်ဦးဖြစ်သူ Sun Date လက်ဖက်ရည်ဆိုင်နှင့် မုန့်ဆိုင်ပိုင်ရှင် ကိုစိုးစိုးကို တွေ့ဖြစ်ခဲ့သည်။ တစ်လ အပတ်စဉ် လေးရက်၊ ၁၂ လမှာ ၄၈ ရက် အမှိုက်ကောက်သည်ကို ကိုယ်စား ပြုလျက် ‘ခေါင်းလောင်းသံ ၄၈’ဟူ၍ နာမည်ယူထားခြင်းဖြစ် ပါသည်။

သူတို့က တနင်္ဂနွေ ညနေ လေးနာရီဆိုလျှင် မြို့ထဲလှည့် လည်ကာ အမှိုက်ကောက်ကြသည်။ ကျွန်တော်ရောက်နေသည့် မေ ၂၄ ရက်က ရွှေဆံတော်ဘုရားပွဲဈေးတန်းတွင် သူတို့ အမှိုက် ကောက်ခဲ့ကြသည်။ ကဆုန်လပြည့်နေ့က စသည့် ဘုရားပွဲဈေးက  သိမ်းသွားခဲ့ပြီကိုး။

”ကျွန်တော်တို့အဖွဲ့မှာ လူ ၈ဝ လောက်ရှိတယ်။ စိတ်ဝင် စားတဲ့ ဘာသာလူမျိုးပေါင်းစုံပါတယ်။ မွတ်ဆလင်တွေလည်း ၁၅  ယောက်လောက် ပါတယ်”ဟု ကိုစိုးစိုးက ပြောပါသည်။

ထိုမနက်မှာပင် ကိုဇော်မင်းဦးက ယမန်နှစ် ဖေဖော်ဝါရီ တုန်းက မီးသင့်ခဲ့သော တောင်ငူဈေးကြီးဘက် လိုက်ပို့ပါသည်။ သူ့အဆို ဈေးကြီးကို ငွေအင်အားကြီးမားသူတစ်ဦးက ပြန် ဆောက်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း တချို့က သူတို့ဘာ သာပဲ ပြန်ဆောက်ချင်ကြသည်။ သဘောထားတွေ မညီညွတ်နိုင် ဖြစ်ခဲ့ရသည်။

ကျွန်တော်ရောက်သွားချိန်မှာ လုပ်သားများက မီးသင့်ခဲ့ သော ဈေးအဆောက်အအုံဟောင်းကို ဖြိုဖျက်နေတာ တွေ့ရပါ သည်။ ခေါင်မိုးနေရာ ဟင်းလင်းပွင့်နေပြီး ဆိုင်ခန်းနံရံများသာ ထိုးထိုးထောင်ထောင် ကျန်ရစ်သော ဈေးဟောင်းကြီးက နံရိုး ကြီးတွေ အပြိုင်းပြိုင်းဖြင့် မြေပေါ် တစ်ဝက်တပျက် ပေါ်နေသည့် ဒိုင်နိုဆောရုပ်ကြွင်းကြီးတစ်ခုနှယ်ပါ။ ယခု သည်ဈေးကို မြို့စည် ပင်ဌာန၏ ကြပ်မတ်မှုဖြင့် ပြန်ဆောက်မည်ဆိုသော သတင်း စကားကို ကြားရပါသည်။

တောင်ငူမြို့လယ် တစ်နေရာ ။ ဓာတ်ပုံ- ထင်အောင်ကျော်

 (၄)

မိမိခြေထောက်ပေါ်မှာ မိမိဘာသာရပ်ရခြင်းက တကယ် တော့ တောင်ငူအတွက် မစိမ်း။ ဟိုယခင် ဆိုရှယ်လစ်ခေတ်က ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းဇာတိ ပဲခူးတိုင်းအနောက်ပိုင်းသည် တောင်ငူရှိရာ အရှေ့ပိုင်းထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်ခဲ့သည်ဟု ပဲခူး တိုင်း (အရှေ့ပိုင်း) ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးကိုကိုကြီး က ပြောပါသည်။

”အဲဒီတုန်းက ပဲခူးတိုင်း အနောက်ပိုင်းကို (အထွက်တိုး) ဧည့်မထ စိုက်ခိုင်းခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီက ဧည့်မထပဲ ထွက်တော့တယ်။ ဒီဘက်က ငစိန် ပြည်တွင်းစားဆန်ပဲ စိုက်ရ တယ်။ အနောက်ဘက်ခြမ်းက ဆည်တွေလည်း များတယ်။ ရေ ရှည်မှာ အနောက်ခြမ်းက Develop (ဖွံ့ဖြိုးမှု) ပိုဖြစ်တာပေါ့”

ဒေသခံတို့အဆို တောင်ငူမြို့ အကျယ်အဝန်းက လေးမိုင် ပတ်လည်ရှိပြီး ရပ်ကွက် ၂၃ ခု၊ ကျေးရွာအုပ်စု ၃၇ ခုနှင့် လူဦးရေ ၂၅ဝ,ဝဝဝ ရှိပါသည်။ မြို့ပေါ်မှာ ရောင်းဝယ်ဖောက်ကားရေးကို အဓိကလုပ်ကိုင်ကြပြီး ကျေးလက်များကမူ စိုက်ပျိုးရေးကိုပဲ ဗဟို ပြုနေရသည်။

တောင်ငူမြို့နယ်၏ အရေးကြီးထွက်ကုန်မှာ စပါး၊ သစ်နှင့် ကွမ်းသီးဖြစ်ပါသည်။ မြို့မှာ ဆန်စက်တွေ ရှိသည်။ ပဲခူးတိုင်းဒေသ ကြီးတွင် ဆန်ကို ပြည်တွင်းစားသုံးမှုအတွက် အဓိကထား စိုက် ပျိုးကြသည်။ သို့ရာတွင် ပြည်ပပို့အဖြစ် တရုတ်သို့ မူဆယ်လမ်း ကြောင်းမှ တင်ပို့ကြောင်း ဦးကိုကိုကြီးက ပြောပါသည်။

သည်နေရာမှာ သယ်ယူပို့ဆောင်ရေးစရိတ်က စကားပြော သည်။ ”ဒီကနေ ရှမ်းပြည်နယ်ကို ပို့တဲ့ စရိတ်က အာဖရိကကို ပို့ တဲ့ စရိတ်နဲ့ အတူတူပဲ”ဟု ဦးကိုကိုကြီးက နှိုင်းယှဉ်ပြောသည်။

”အကောက်ဂိတ်တွေ၊ အခွန်အခတွေ ဒါတွေဟာ ကုန်ဈေး နှုန်းပေါ်မှာလည်း ရိုက်ခတ်တယ်”

မှန်သည်။ သည်စရိတ်စကတွေက တရုတ်နှင့် ထိုင်းမှ ဝင် လာသော ကုန်ပစ္စည်းများပေါ်မှာလည်း ထောင်းသည်။ သည် တော့ နောက်ဆုံး စားသုံးသူက ဝယ်ယူရသောအခါ အမှန် တကယ်တန်ဖိုးထက် ဈေးကြီးနေတော့သည်။ လူတွေ၏ ဝင်ငွေ က နိမ့်ပါး၊ ကုန်ဈေးနှုန်းတွေက မြင့်မား။ သည်လိုနိုင်ငံမှ ပြည်သူ တွေ မဆင်းရဲလျှင် တခြား မည်သူများ ဆင်းရဲလေမည်နည်း။

ဆင်းရဲလွန်းတော့လည်း သူများနိုင်ငံမှာ ကျွန်သွားခံရတာ မဆန်းတော့။ ပြည်တွင်းမှာ အနိမ့်ဆုံး တစ်ရက်လုပ်ခ ၃,၆ဝဝ ကျပ်ကိုပင် တချို့က မပေးချင်။ နယ်စပ်ရှိ မြန်မာနိုင်ငံသားများ တရုတ်ဘက်၊ ထိုင်းဘက်ထွက် အလုပ်လုပ်ကြတော့ တစ်ရက် ၉,ဝဝဝ ကျပ်လောက် ရကြသည်။ တောင်ငူမြို့ခံတို့အဆို သူတို့ ဒေသက လူတွေ မြန်မာ-ထိုင်းနယ်စပ်ဘက် သွားလုပ်ကြရာ တစ် ရက် ၅,ဝဝဝ ကျပ်လောက်ရကြသည်။ သည်မှာက တစ်နေ့ ၃,ဝဝဝ ကျပ်လောက်ပဲ ရကြသည်။

သည်တော့ ဒေသတွင်း လုပ်အားတွေက ရွှေ့ပြောင်းလုပ် သားရေစီးထဲ ပါကုန်သည်။ ရလဒ်က ကိုယ့်ပြည်တွင်းမှ လယ် သမားတွေ ထိကြတော့သည်။ စပါးစိုက်သည်ဆိုခြင်းက လူ့လုပ် အားကို အဓိကထားရသည်။ ယခုအခါ လုပ်သားတွေ ရှားပါးကုန် တော့ လုပ်သားစရိတ်တက်လာရုံမက လုပ်အား မလုံလောက် သဖြင့် လုပ်ငန်းလည်း တွင်ကျယ်သင့်သလောက် မတွင်ကျယ် တော့ချေ။ လယ်သမားတွေ အကျိုးအမြတ် နည်းလာသည်။

စပါးအပြီးမှာ တောင်သူများက ပဲ၊ အထူးသဖြင့် မတ်ပဲ စိုက်ကြသည်။ ”လယ်သမားတွေရဲ့ ထွက်ရပ်ပေါက်တစ်ခုပေါ့” ဟု ဦးကိုကိုကြီးက ပြောပါသည်။

သူ့အဆို ယခုအခါ ပဲလည်း အထွက်ကျလာသည်။ မျိုး၊ မြေ သြဇာ၊ နည်းပညာအခက်အခဲနှင့် စရိတ်စကများကြောင့်ဟု ဆိုပါ သည်။ လွန်ခဲ့သော ဆယ်စုနှစ်တွေတုန်းက တစ်ဧက တင်း ၄ဝ ခန့် ထွက်ခဲ့သည်။ ယခု ၁၅ တင်း၊ တင်း ၂ဝ မျှသာ ထွက်တော့သည်။ မြေသြဇာ၊ ပိုးသတ်ဆေးထည့်၍ ပိုထွက်လာသော ပမာဏက ထို မြေသြဇာ၊ ပိုးသတ်ဆေးဖိုး ကျေရုံမျှပဲဆိုလျှင် တောင်သူကလည်း ဘာမှ အကုန်ခံ ထည့်မနေတော့။ သည်လိုနှင့် အထွက်နှုန်းတွေ ကျကျလာတော့သည်။

တောင်သူများအတွက် နောက်ပြဿ       နာတစ်ရပ်ကလည်း ရှိနေပြန်သည်။ သည်ပြဿ      နာက တော်တော်ကြီးပါသည်။ ယင်း မှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်နေသည့် မြေယာပြဿ       နာပါ။

ဒေသခံများအဆို အချို့က ကျွန်းနှင့် သစ်စိုက်ခင်းများ ထူ ထောင်ရန် မြေလွတ်မြေရိုင်းဆိုသည်များကို အစိုးရထံမှ လျှောက် ယူကြသည်။ ပြဿ       နာက ထိုမြေများထဲမှ တချို့တွင် ဓားမဦးချ လုပ်ကိုင်နေသူများ ရှိနေသည်ဟု ဆိုပါသည်။ ”တောင်ငူခရိုင်မှာ ကရင်များတယ်။ လူတွေက လယ်နဲ့ပဲ ပဲစိုက်ကြတာ။ မြေမရှိရင် ဘာသွားစိုက်မလဲ”ဟု ကရင်တိုင်းရင်းသားတစ်ဦးက ရိုးရိုးရှင်း ရှင်း မေးခွန်းထုတ်သည်။

နောက်ပြီး တောင်ငူအနောက်ခြမ်း ၁၄၇ မိုင်နှင့် ၁၅၃ မိုင် ကြားမှာ စက်မှုဥယျာဉ် တည်ဆောက်မည့် စီမံကိန်းရှိကြောင်း လည်း ကြားသိခဲ့ရသည်။ ဧက ၁၈,ဝဝဝ ကျယ်ဝန်းမည်ဖြစ်သည်။ မြို့ခံအချို့က ထောက်ခံသည်။ ဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီး သော စီမံကိန်းကြီးအဖြစ် ရှုမြင်ကြသည်။ အချို့ကတော့ ကန့် ကွက်သည်။ မြေကို ပေါက်ဈေးဖြင့် ရောင်းဝယ်ကြရာတွင် တကယ့်ပေါက်ဈေးအတိုင်း မရခဲ့ကြဟု စောဒကတက်ကြသည်။ လောလောဆယ် စီမံကိန်းကို ဆိုင်းငံ့ထားရလေသည်။

မေအကုန်မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန် ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိသည့် ၂ဝ၁၅ ခုနှစ်အတွက် ရင်း နှီးမြှုပ်နှံမှုအနေအထား အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသည်။ မြန်မာ နိုင်ငံကဏ္ဍ၌ အဓမ္မမြေယာသိမ်းဆည်းမှုများမှာ စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း ဖော်ပြပါရှိသည်။ မြေယာကိစ္စကို ပြည်ပတိုင်းပြည်များကပင် စောင့်ကြည့်နေရသည့် သဘောဖြစ် ပါသည်။

ဟိုတစ်ချိန်က တောင်ငူခရိုင်သည် အဖိုးတန်ကျွန်းသစ် အပါအဝင် သစ်အမြောက်အမြား ထွက်ရှိခဲ့ပါသည်။ ယခုတော့ သစ်ထုတ်လုပ်ငန်းက မရှိတော့သလောက် ဖြစ်သွားပြီဟု ကိုကျော်သူဝင်းက ပြောပါသည်။ သစ်တွေ ကုန်သွား၍ ဖြစ်ပါသည်။

ကျွန်တော်က ကွမ်းသီးကြိုက်လျှင် တောင်ငူပို့ ဟူသော စာချိုးကလေးကို သတိရမိသည်။ ထို့ကြောင့် ကွမ်းသီးအကြောင်း မေးကြည့်မိသည်။ ယခုအထိ ကွမ်းသီးကို ထုတ်လုပ်နေကြဆဲ။ သံ တောင်မှာ ကွမ်းယာတစ်ယာ စားကြည့်တော့ ကွမ်းသီး၏ ဆိမ့် သက်သော အရသာကို သတိထားမိခဲ့ပါသည်။ ကွမ်းသီးသားက နူးညံ့သည်။ မာလွန်းခြင်း၊ ဆတ်တောက်ခြင်း မရှိ။

”ကျွန်တော်တို့ တောင်ငူက လူငယ်တော်တော်များများ လည်း ကွမ်းစားကြတယ်”ဟု ကိုကျော်သူဝင်းက ကွမ်းကလေးမြုံ့ ရင်း ပြောပါသည်။

တောင်ငူက ကရင်ပြည်နယ်နှင့် ထိစပ်နေသည်။ တစ်ဆယ့် သုံးမိုင်သွားလိုက်လျှင် ကရင်ပြည်နယ်ထဲ ရောက်သွားပြီ။ နောက် ပြီး စစ်တောင်းမြစ်ဝှမ်းတွင် မြေဆီသြဇာကောင်းသော မြေနု ကျွန်းများရှိသည်။ ကရင်ပြည်နယ်ဘက်မှ လိုင်ချီးသီးက နာမည် ကြီးသလို စစ်တောင်းမြေနုကျွန်းများမှ ဂေါ်ဖီ၊ မုန်ညင်း၊ သခွားနှင့် ဆလပ်တို့လို စားဖိုဆောင်ဟင်းသီးဟင်းရွက်များ ထွက်ပါသည်။  တောင်ငူဒေသမှ တညင်းသီး၊ ဒူးရင်းသီးနှင့် မင်းဂွတ်သီးများ လည်း လှိုင်လှိုင်ထွက်ကြောင်း ဒေသခံများက ပြောပြပါသည်။

ယခု နောက်ပိုင်း တောင်ငူတွင် ခေတ်ကောင်းလာသော လုပ်ငန်းတစ်ခုက လိပ်သည်းကျောက်ထုတ်လုပ်ခြင်း ဖြစ်ပါသည်။  အစိုးရရော ပုဂ္ဂလိကပါ အကြီးအကျယ် လုပ်ကိုင်နေကြသည်ဟု သတ္တုဗေဒအင်ဂျင်နီယာ ကိုဇော်မင်းဦးက ပြောပါသည်။ တစ်နိုင် တစ်ပိုင် လုပ်နေသူတွေလည်း ရှိသည်။ ခြေနိုင်လက်နိုင် သိန်း ၅ဝ၊ ၆ဝ ခန့်ရင်းလျှင် အလုပ်ဖြစ်သည်မို့ သူကိုယ်တိုင်လည်း သည်လုပ် ငန်းကို စိတ်ဝင်စားနေပါသည်။

သည်လိပ်သည်းကျောက်ကို အဆောက်အအုံများ ဆောက် လုပ်ရာတွင် အာရ်စီလောင်းရာ၌ သုံးလာရသောကြောင့် ကျောက် တူးလုပ်ငန်းက ပိုပြီး တွင်ကျယ်လာကြောင်း သူက ပြောပါသည်။ အချိန်မရသည့်အတွက် ကျောက်တူးလုပ်ငန်းခွင်ကိုတော့ ကိုယ် တိုင်ရောက်ခွင့် မသာခဲ့ပါ။

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

ထင်အောင်ကျော် ရေးသည်။

   အပိုင်း( ၂ )သို့

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."