အောင်ပိုင်
ရန်ကုန် – ၂၀၂၀- ဧပြီ-၁ (ရန်ကုန်)
တရားဝင်နေထိုင်ခွင့်မရှိသေးသော တရုတ်နိုင်ငံသားတစ်ရာကျော်တွေ့ရှိခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်နှစ်လုံးမှ အိမ်ငှားနှစ်ဦးအား လဝကဥပဒေဖြင့် မတ်လ ၃၀ ရက်က တရားစွဲခဲ့သည်ဟု သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှူး ဦးအုန်းကျော်မင်းက မော်ကွန်းကိုပြောသည်။
“အိမ်ပိုင်ရှင်က တစ်ဦးတည်းပဲ။ ဒါပေမဲ့ စစ်ဆေးမေးမြန်းကြည့်တော့ အဲဒီအိမ်ငှားဆိုသူတွေက ကုမ္ပဏီမန်နေဂျာလည်းဖြစ်၊ တာဝန်ယူလက်ခံထားသူတွေလည်းဖြစ် တယ်ဆိုတော့ သူတို့ကို လဝက ဥပဒေပုဒ်မ ၅ (၁) နဲ့ အရေးယူလိုက်တာပါ။ လဝက ကအရေးယူတာ။ ရဲအရေးပိုင်တဲ့အမှုမဟုတ်ဘူး” ဟု ၎င်းကပြောသည်။
၎င်းအိမ်ငှားနှစ်ဦးကို နိုင်ငံခြားသားများမှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၅ (၁) ဖြင့် တရားစွဲထားသည်မှာ မှန်ကန်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီးအရာရှိ ဦးရဲထွန်းက အတည်ပြုချက်ပေးပြီး တခြားသော မေးခွန်းများကို ဆက်လက်မေးမြန်းခွင့်မပြုခဲ့ပါ။
နိုင်ငံခြားသားများမှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၅ (၁)အရ နိုင်ငံခြားသားများနေထိုင်ခွင့်ပုံစံ(ဂ) တိုင်ကြားရန် ပျက်ကွက်သည့် အိမ်ရှင်ကို ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ပေးနိုင်သည်ဟုသာ ဖော်ပြထားပြီး တစ်ဆင့် ပြန်လည်ငှားရမ်းသည့် အိမ်ငှားကို ပြစ်ဒဏ်ပေးနိုင်ကြောင်း တစ်စုံတစ်ရာ ပြဋ္ဌာန်းထားခြင်းမရှိပေ။
မတ်လ ၁၅ ရက်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်တွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသားများရောက်ရှိနေကြောင်း ရပ်ကွက်နေပြည်သူများက တိုင်ကြားသောကြောင့် တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးရာတွင် နှင်းဆီနီလမ်းတွင် ၂၂ ဦး ၊ ပန်းဝါလမ်းတွင် ၁၂ ဦးရှိရာမှ ၁၀ ဦးအား တွေ့ရှိခဲ့သည်။
ထပ်မံတိုင်ကြားမှုကြောင့် မတ်လ ၂၁ ရက်ညပိုင်းတွင် တာဝန်ရှိသူများ နောက်တစ်ကြိမ်ဝင်ရောက် စစ်ဆေးခဲ့ရာ နှင်းဆီနီလမ်းတွင် ၄၄ ဦး၊ ပန်းဝါလမ်းတွင် ၄၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။
ထို့နောက် ၎င်းတို့ကို “ လဝကဥပဒေအရ ပြည်နှင်ဒဏ်ပေးလိုက်ပြီး အားလုံးပြန်သွားပြီ” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက မတ်လ ၂၇ ရက်နေ့တွင် မော်ကွန်းကို ပြောသည်။
ယင်းတရုတ်နိုင်ငံသားများသည် One by One နှင့် Fresh Wave ဆိုသည့် ကုမ္ပဏီက ဝန်ထမ်းများဖြစ်ပြီး အွန်လိုင်းရှော့ပင်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။
#Dailynews