ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၅ (မော်ကွန်း)
ဒလမှာ ရန်ကုန်မြစ်ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေရသူ ၂၀၀ ကျော်ကို မနေ့က နေအိမ်တွေဆီ ပြန်ပို့ပေးလိုက်ပြီလို့ ကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံက ပြောပါတယ်။
“လူ ၃၅၀ ကျော်မှာ ၇၀ ကျော်ပဲကျန်တော့တယ်။ ကမ်းနားတစ်လျှောက်နေတဲ့သူတွေ၊ ပြိုကျတဲ့နေရာနဲ့ဝေးတဲ့သူတွေကို နေအိမ်ပြန်လို့ရပြီဆိုလို့ ပြန်ပို့ပေးခဲ့တာပါ။ ပြိုကျတဲ့နေရာအနီးအနား မှာနေတဲ့ လူ ၇၀ ကိုတော့ အန္တရာယ်ရှိသေးလို့ မပြန်ခိုင်းသေးဘူး။” လို့ သူကပြောပါတယ်။
နေအိမ်မပြန်နိုင်သေးသူတွေကိုတော့ လူမှူကူညီရေးအသင်းတွေက ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေထောက်ပံ့ပေးထားသလို နေအိမ်ဆုံးရှုံးခဲ့သူတွေအတွက်လည်း ပြန်လည်ထူထောင်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၀ က မိုးများခဲ့တာကြောင့် ဒလမြို့နယ်၊ တွံတေးတူးမြောင်းအနီးက ကျောင်းစုရပ်ကွက်၊ မှာ ကမ်းပါးပြိုကျခဲ့လို့ အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၃၅၂ ဦးကို အောင်တော်မူပုညရာမကျောင်းတိုက် ကို ပြောင်းရွှေ့ပေးခဲ့ရတာလို့ ကူညီကယ်ဆယ်ရေးအသင်းတွေကပြောပါတယ်။
အဲဒီကမ်းပါးပြိုကျမှုကြောင့် နေအိမ်ရှစ်လုံးရေထဲမျောပါသွားပြီး လူတစ်ဦးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေထံမှသိရပါတယ်။
ဒလမြို့နယ်လိုပဲ ဩဂုတ်လဆန်းပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ လူတစ်ထောင်ကျော်ဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီး ဒီနေ့ထိ အိမ်တွေမပြန်နိုင်ကြသေးဘူးလို့ ဒေသအခြေစိုက်လူမှူကူညီရေးအသင်းတွေထံမှသိရပါတယ်။
ပုံစာ – စက်တင်ဘာ ၂၀၊ ဒလကမ်းပါးပြိုကျမှုမြင်ကွင်း
ဓာတ်ပုံ – လင်းလက်လူမှုကူညီရေးအသင်း

