ငလျင်ကြောင့် သေဆုံးသူ ၁,၇၀၀ ကျော်ရှိလာ

ငလျင်ကြောင့် သေဆုံးသူ ၁,၇၀၀ ကျော်ရှိလာ

ရန်ကုန် – ၂၀၂၅ မတ် ၃၁ (မော်ကွန်း)

မနေ့ကထိ ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူအရေအတွက် ၁,၇၀၀ ကျော်ထိ ရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို မနေ့ကညပိုင်းမှာ ပြောပါတယ်။

လက်ရှိ နောက်ဆုံးရရှိထားတဲ့စာရင်းအရ သေဆုံးသူ ၁,၇၀၀ ကျော် ၊ ပျောက်ဆုံးသူ ၃၀၀ ကျော်၊ ဒဏ်ရရရှိသူ ၃,၄၀၀ ကျော် ရှိထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ရက်က ထုတ်ပြန်ချက်မှာ သေဆုံးသူ ၁,၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး ၄၈ နာရီအတွင်း သေဆုံးသူ ၇၀၀ ကျော် ထပ်မံတိုးလာတာပါ။

ဒီနေ့အထိ မန္တလေး၊ စစ်ကိုင်း၊ ရမည်းသင်း စတဲ့ ငလျင်ဗဟိုချက်နဲ့ နီးတဲ့ မြို့တွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တာကြောင့် စစ်ကောင်စီရဲ့ လက်ရှိထုတ်ပြန်ထားတဲ့ သေဆုံးစာရင်းထက် မြေပြင်မှာ ပိုပြီးများလာဖွယ်ရှိနေတာပါ။

လက်ရှိမှာ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဝင်ရောက်ကူညီကယ်ဆယ်ပေးနေတာပါ။

မန္တလေးမြို့က ဦးလှသိန်းဗိမ္မာန် ပရိယတ္တိစာသင်တိုက်မှာ ဓမ္မာစရိယစာမေးပွဲဖြေဆိုနေချိန် ငလျင်လှုပ်ခတ်ခဲ့တာကြောင့် သံဃာတော် ၂၀၀ ကျော်ပိတ်မိခဲ့ပါတယ်။

၎င်းစာသင်တိုက်ကို ဟောင်ကောင်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ခဲ့ရာ ပျံလွန်တော်မူတဲ့ သံဃာတော် ၁၃ ပါးရှိပြီး ၇၀ ကို ကယ်ထုတ်ထားနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

ကျန်ရှိတဲ့ ပျောက်ဆုံးသံဃာတွေကိုလည်း ဒီနေ့မှာ ဆက်လက်ပြီး ကယ်ဆယ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့နည်းတူ ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့တဲ့ စစ်ကိုင်းမြို့မှာတော့ ဒေသတွင်း ဆက်သွယ်ရေးအခြေအနေတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မနေ့ကထိ မစတင်နိုင်သေးဘဲ ဒီမနက်ပိုင်းမှာမှစတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းငလျင်ကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ပြည်တွင်းက ပရဟိတအဖွဲ့တွေအပြင် မလေးရှားနိုင်ငံက သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့လည်း ဒီမနက်အစောပိုင်းမှာ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီလို့ ပရဟိတအသင်းအဖွဲ့တချို့က ပြောပါတယ်။

စစ်ကိုင်းမြို့မှာ လက်ရှိအချိန်ထိ အဆောက်အဦ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေနဲ့ ရုပ်အလောင်းတွေ ဒီမနက်ပိုင်းမှာ စတင်ရှာဖွေနေပြီလို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့က ပြောပါတယ်။

စစ်ကိုင်းတောင်ခြေက ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ထားတဲ့ လေးကျွန်းမြေအုတ်ကျောင်း သုံးထပ်ဆောင်ဟာ ငလျင်ကြောင့် ပြိုကျခဲ့ပြီး ဒီအဆောက်အဦမှာ ကလေးငယ် ရာနဲ့ချီပြီး ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြနေကြပါတယ်။

ဒါ့အပြင် ရမည်းသင်းမြို့နယ်မှာလည်း ဒီနေ့ထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၆၀ နီးပါးထိ ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မွန်မြတ်သူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“တောင်ပေါ်က ရွှေတောတွေ၊ ဆောက်လုပ်ရေး Site တွေကနေ အခုထိ အဆက်အသွယ်မရသေးဘူးလို့ အကူအညီတောင်းထားတာတွေရှိလို့ ဆက်ပြီးရှာဖွေနေပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေမှာလည်း ငလျင်ကြောင့် ကုတင် ၁,၀၀၀ ဆေးရုံအပါအဝင်၊ ဝန်ထမ်းအိမ်ရာတွေ၊ အစိုးရအဆောက်အဦတွေ၊ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေ အပျက်အစီးများခဲ့ကာ ထိခိုက်သေဆုံးမှုလည်း အများအပြားရှိခဲ့တာပါ။

ပြီးခဲ့တဲ့သုံးရက် မန္တလေးမြို့နဲ့ ၁၂ မိုင်ကျော်အကွာ၊ စစ်ကိုင်းမြို့ရဲ့ မြေအောက်အနက် ခြောက်မိုင်ခန့်ကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ၇ နဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ နောက်ဆက်တွဲငလျင်ကြောင့် မန္တလေးတိုင်းအပါအဝင် မကွေး၊ စစ်ကိုင်း၊ ရှမ်းနဲ့ နေပြည်တော်တို့မှာ အပျက်အစီးများခဲ့ပါတယ်။

လက်ရှိမှာ ၎င်းဒေသတွေကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာထားပြီး နိုင်ငံတကာကိုလည်း လူသားချင်းစာနာမှု အကူအညီတွေကိုလည်း တောင်းခံထားပါတယ်။


ပုံစာ – မန္တလေးမြို့မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့မြင်ကွင်း

ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."