တန့်ဆည် – ၂၀၂၂ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ခရုတောကျေးရွာကို အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်ဖျက်ဆီးမီးရှို့ရုံမက လက်နက်ကြီးနဲ့ပါပစ်ခတ်လို့ အနီးနားရွာက ကလေးတစ်ဦးအပါအဝင် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာတွေရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။
ခရုတောကျေးရွာကို မနေ့က အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေဝင်ရောက်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း ထပ်မံဝင်ရောက်ကာ နှစ်ရက်မြောက်မီးဆက်ရှို့နေကြောင်း၊ ရွာခံတွေထွက်ပြေးတိမ်းရှောင်နေရလို့ ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ခရုတောကျေးရွာကို ဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ဟာ လက်နက်ကြီးနဲ့ပါပစ်ခတ်လို့ နားတောင်းရုံရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး ကလေးတစ်ဦး အပါအဝင် ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေလည်း ရှိနေတဲ့အကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နဲ့ ၁၀ ရက် နေ့တွေကလည်း တန့်ဆည်မြို့နယ်၊ ပေချောင်ရွာကို အာဏာသိမ်းစစ်တပ်က နှစ်ရက်ဆက်တိုက်ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။
တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့များကြောင့် ပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – ခရုတောရွာမီးလောင်ကျွမ်းနေစဥ်
ဓါတ်ပုံ-နယ်ခံ
#Dailynews

