
ကိုးကန့် – ၂၀၂၃ အောက်တိုဘာ ၂၈ (မော်ကွန်း)
ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ် လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့အပါအဝင် ကိုးကန့်ဒေသမှာရှိနေတဲ့ အရပ်ဘက်၊ စစ်ဘက်အဖွဲ့ဝင်တွေအနေနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ဆီမှာ လက်နက်ချအလင်းဝင်ဖို့ ဒီနေ့ကြေညာလိုက်ပါတယ်။
ကြေညာချက်မှာ “ကိုးကန့်ရုပ်သေးအဖွဲ့ဝင်များအား အသိပေးစာ”လို့ ခေါင်းစဉ်တပ်ထားပြီး “ကိုးကန့်ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ကိုးကန့်ရုပ်သေးအဖွဲ့များ၏ စစ်သား၊ ရဲနှင့် အုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့် MNTJP/MNDAA ထံသို့ မိမိအသိစိတ်ဖြင့် အပြစ်ဝန်ခံရန် လာရောက်သူများကို လှိုက်လှဲစွာကြိုဆိုပါသည်”လို့ ပါရှိပါတယ်။
အလင်းဝင်ရောက်လာသူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ဆက်လက်ခေါင်းမာနေရင်တော့ ပြင်းထန်စွာအရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
အုပ်ချုပ်ရေးဌာနတွေအနေနဲ့ သက်ဆိုင်ရာဌာနအချက်အလက်၊ မှတ်တမ်းတွေ၊ ငွေကြေးတွေကို ထိန်းသိမ်းထားရမှာဖြစ်ပြီး ဖျက်ဆီးပစ်ရင် အရေးယူခံရမယ်လို့ဆိုပါတယ်။
ဒါအပြင် ရာဇဝတ်မှုနဲ့ဝရမ်းထုတ်ထားခံရသူတွေကို သူတို့ရဲ့ မိသားစု၊ ပတ်သက်မှုရှိသူတွေက MNDAA ထံ လာရောက်သတင်းပေးရမှာဖြစ်ပြီး အကာအကွယ်ပေးတာ၊ ဝှက်ပေးတာနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ ကူညီတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီသတိပေးစာဟာ စစ်ရေးအုပ်ချုပ်မှုပြီးဆုံးတဲ့အထိ အကျုံးဝင်မယ်လို့ MNDAA ရဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီ စည်းတံဆိပ်နဲ့ထုတ်ပြန်ထားပါတယ်။

