ရန်ကုန်- ၂၀၂၁ ဖေဖော်ဝါရီ ၃ ( မော်ကွန်း )
ကျပ်ငါးထောင်တန်နှင့် ကျပ်တစ်သောင်းတန်များကို ရုတ်သိမ်းမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ဗဟိုဘဏ်၊ ငွေကြေးဌာနက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောသည်။
“ သတင်းက မဟုတ်ပါဘူး။ (သတင်းမှားဖြစ်ကြောင်း) ဗဟိုဘဏ်ကလည်း ကြေညာချက်ထုတ်ထားပါတယ်” ဟု အထက်ပါငွေကြေးဌာနမှ အမည်မဖော်လိုသူဦးစီးမှူးတစ်ဦးက ပြောသည်။
ထိုကောလာဟလ သတင်းသည် ယနေ့မနက်ပိုင်းတွင် လှုမှုကွန်ရက်ပေါ်မှ ပျံ့နှံ့လာပြီးနောက် အများပြည်သူကြား စိုးရိမ်ထိန့်လန့်စရာဖြစ်လာခဲ့သည်။
ဗဟိုဘဏ်၏ ကြေညာချက်တွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုကို စိုးရိမ်စရာမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်သုံးစွဲနိုင်ပါကြောင်း၊ ဝန်ဆောင်မှုများကို ပုံမှန်ဆောင်ရွက်ရန် ဘဏ်များအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
တပ်မတော်က အာဏာသိမ်းသည်ဟု ကြေညာပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အတည်ပြုမရသည့် သတင်းများသည် စာဖိုင်များဖြင့်လည်းကောင်း၊ အသံဖိုင်များဖြင့်လည်းကောင်း အရှိန်အဟုန်ဖြင့်ပျံ့နှံ့နေပြီး တရားဝင်သတင်းဌာနမဟုတ်သည့် ကိုယ်ပိုင်အကောင့်များမှ ဖြန့်ချိလျှက်ရှိသည်ကိုလည်း တွေ့ရသည်။
၁၉၆၂ တွင် နိုင်ငံတော်အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းသည် သူအုပ်ချုပ်နေစဉ်ကာလအတွင်း ငွေစက္ကူများကို တရားမဝင်ကြေညာမှုများ ပြုလုပ်မှု ကြောင့် ထိုစဉ်က လူထုသည် နစ်နာဆုံးရှုံးမှုများ အကြီးအကျယ်ဖြစ်ခဲ့သည့် သာဓကများ သမိုင်းတွင်ရှိခဲ့သည့်အတွက် ယခုတစ်ဖန် လုပ်ကြံဖန်တီးသည့် သတင်းများအပေါ် အများပြည်သူကြား စိုးရိမ်ထိတ်လန့်နေခြင်းလည်း ဖြစ်သည်။
#Dailynews

