ရန်ကုန်-၂၀၂၅ ဇူလိုင် ၄ (မော်ကွန်း)
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်မြို့နယ်တွေထဲမှာ ယခင်စစ်ကောင်စီသစ်တောဌာနပိုင် ဆင်ကောင်ရေ ၃၀၀ ကျော်ကို ထိန်းသိမ်းပြုစုထားတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
ထိန်းချုပ်မြို့နယ်တွေထဲက မြို့နယ် ၁၂ ခုမှာ ဆင်ကောင်ရေ ၃၁၃ ကောင်အထိ ထိန်းသိမ်းထားတာလို့ ထုတ်ပြန်တာပါ။
ဒီဆင်တွေကို ဝန်ကြီးဌာနရဲ့ လစဉ်ရရှိရုံးအသုံးစရိတ်ကနေ နိုင်သလောက်ထောက်ပံ့နေသလို နိုင်ငံတကာရောက်ဆင်ချစ်သူများကလဲ ” တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းအစီအစဉ်ကတစ်ဆင့် ထောက်ပံ့ကူညီပေးနေတယ်လို့ ဝန်ကြီးဖြစ်သူ ဒေါက်တာတူးခေါင်က သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးပါတယ်။
ဒီဆင်တွေထဲကတချို့ဟာ စစ်ပွဲကာလဖြစ်တာကြောင့် မြေမြှုပ်မိုင်းသင့်ပြီး ဒဏ်ရာရထားတဲ့ဆင်တွေလည်း ရှိနေတယ်လို့ ဝန်ကြီးကအသိပေးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နာမည်ကြီး ပဲခူးရိုးမတကျောအပါအဝင် သပိတ်ကျဉ်းနဲ့ အင်းတော်ကြီးလို ဒေသတွေက သစ်တောဧရိယာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်လိုက်တဲ့နောက် အဲဒီမှာရှိတဲ့ ယခင်သစ်တောဌာနပိုင် ကြိုးဝိုင်းတွေက အလုပ်ခိုင်းတဲ့ဆင်ကောင်ရေအများစုဟာ တော်လှန်ရေးတပ်တွေလက်ထဲကို ကျရောက်ခဲ့ကြတာ ရှိပါတယ်။
ပဲခူးတိုင်းထဲမှာဆိုရင် ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်နဲ့ ပဲခူးခရိုင်က ပြည်သူ့ကာကွယ်ရေးတပ်တွေအခြေစိုက်တဲ့ ပဲခူးရိုးမတစ်ကျောက သစ်ဆွဲဆင်အများအပြားဟာ တော်လှန်ရေးတပ်တွေလက်ကို ရောက်ရှိသွားကြတယ်လို့ အဲဒီကတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က မော်ကွန်းကို ပြောပါတယ်။
“ ဒီဆင်တွေကိုသုံးပြီး တပ်ဖွဲ့ရန်ပုံငွေ၊ တပ်ရင်းရန်ပုံငွေခေါင်းစဉ်နဲ့ သစ်ထုတ်ခုတ်စားကြတာပေါ့။ တချို့အဖွဲ့တွေကလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြသလို တချို့အဖွဲ့တွေကြတော့ စီးပွားဖြစ်ကို သစ်ထုတ်ရောင်းနေကြတာ မြင်မကောင်းဘူး” လို့ တောင်ငူခရိုင်အခြေစိုက် ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ပဲခူးရိုးမ အနောက်ခြမ်းဘက်မှာဆိုရင် သာယာဝတီခရိုင်၊ ၃၈၀၂ တပ်ရင်းက ဗိုလ်မိုးကြိုးဦးစီးတဲ့တပ်မှာ အလုပ်ခိုင်းနိုင်တဲ့ဆင် အများဆုံးရှိသလို ကြို့ပင်ကောက်နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ဒေသတွေမှာလည်း ဆင်အိုတွေအပါအဝင် ဆင်အချို့ ထိန်းသိမ်းထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပြပါတယ်။
ပဲခူးရိုးမထဲမှာ အလုပ်ဆင်တစ်ကောင်ရဲ့ တစ်လ ဝင်ငွေဟာ ကျပ် ၁၅ သိန်းကနေ ကျပ် သိန်း ၃၀ အထိ သစ်ထုတ်ရတဲ့လမ်းကြောင်းပေါ်မူတည်ပြီး ဝင်ငွေရှိတယ်လို့ ဒေသခံတချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က မော်ကွန်းကို ပြောပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတပ်တချို့ဟာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီးနောက် ပိုင်ဆိုင်လာတဲ့ သစ်လုပ်ငန်းက ဆင်တွေကို အသုံးအဆောင်သယ်ယူတာနဲ့ တောတွင်းခရီးကြမ်း စစ်ချီမှုတွေမှာ အသုံးပြုကြတာတွေ ရှိတာကိုလည်း တွေ့ရပါတယ်။
အာဖရိကဆင်တွေထက် အကောင်သေးပေမယ့် ဉာဏ်ရည်ပိုမြင့်တဲ့ အာရှဆင်မျိုးစိတ်ကောင်ရေဟာ မြန်မာနိုင်ငံက သစ်တောတွင်းအတွင်းမှာ သဘာဝအတိုင်းကျက်စားတဲ့ တောဆင်ရိုင်းအကောင်ရေ ထောင်ဂဏန်းအောက်မှာသာ ရှိတော့ တယ်လို့ နိုင်ငံတကာတောရိုင်းတိရစ္ဆာန်ထိမ်းသိမ်းရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။ လူက မွေးမြူအလုပ်ခိုင်းနေတဲ့ ဆင်ကောင်ရေကတော့ အကောင်ရေ ၃,၀၀၀ ကျော် ရှိသေးတယ်လို့ အာဏာမသိမ်းခင် တုန်းအချိန်က သစ်တောဝန်ကြီးဌာနက ထုတ်ပြန်ဖူးပါတယ်။
ပုံစာ- သာယာဝတီခရိုင်၊ ၃၈၀၂ တပ်ရင်းက ပိုင်ဆိုင်တဲ့ အလုပ်ဆင်များကို ၂၀၂၃ အောက်တိုဘာလအတွင်း တွေ့ရစဉ်။
ဓါတ်ပုံ- ပေးပို့။

