လားရှိုး-၂၀၂၄ ဖေဖော်ဝါရီ ၈ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ မကြာခဏ ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေစိုးရိမ်ထိတ်လန့်နေကြတယ်လို့ လားရှိုးမြို့ခံတွေက ပြောကြပါတယ်။
လားရှိုးမြို့ ညဈေးအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ကတစ်ကြိမ်၊ မနေ့ကတစ်ကြိမ် ၁၀ ရက်အတွင်း နှစ်ကြိမ်ဗုံးပေါက်ကွဲခဲ့ပြီး ဒေသခံထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
“မြို့က ကြာလေလုံခြုံမှု မရှိတော့လေပဲ။ ဟိုလက်နက်ကိုင်ကြောက်ရ ဒီလက်နက်ကိုင်ကြောက်ရနဲ့ အကုန်ကြောက်နေရတာ။ ဗုံးကလည်း ခဏတိုင်းကွဲတယ်။ ဗုံးကွဲတာတွေက ဆက်ကြေးတောင်းတာမပေးလို့ခွဲခံရတာလို့ကြားတယ်။ ဆိုင်ကယ်ဗုံးကွဲတာများတော့ ဆိုင်ကယ်အစုတ်တွေရပ်ထားတာတွေ့ရင် ဝေးဝေးကရှောင်နေရတယ်” လို့ လားရှို့မြို့ခံတစ်ဦးကပြောပါတယ်။
မနေ့ကညနေပိုင်းတုန်းက လားရှိုးညဈေးအနီး စန်းရွှင်ဟိုတယ်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဗုံးပေါက်ကွဲခဲ့တာကြောင့် ဟိုတယ်ဝန်ထမ်းတစ်ဦးအပါအဝင် ဒေသခံတချိုု့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတွေကဆိုကြပါတယ်။
“ရပ်ထားတဲ့ဆိုင်ကယ်ကနေပေါက်တာ။ ဆိုင်ကယ်ဗုံးပေါ့။ အဲဒီဟိုတယ်က စားဖိုမှူးတစ်ယောက် ထိသွားတယ်။ ညဈေးနားဆိုတော့ ဖြတ်သွားဖြတ်လာတချို့လည်း ဗုံးအစအနမှန်ပြီး ဒဏ်ရာရသွားတာရှိတယ်။ ပေါက်ပြီးတော့ ရဲနဲ့စစ်သားတွေ အများကြီးပဲလမ်းထဲရောက်လာတယ်” လို့ သူကပြောပါတယ်။
မြို့ပေါ်က ဗုံးပေါက်ကွဲမှုအများစုဟာ လက်နက်ကိုင်အဖွဲ့တွေဆီ ဆက်ကြေးမပေးတာကြောင့်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
မနေ့က ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးဝန်းကျင်ရှိခဲ့ပြီး လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ပေါ်က ဗုံးပေါက်ကွဲမှုနဲ့ပက်သက်ပြီး ရှမ်းမြောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်းကလည်း လားရှိုးညဈေးအနီးက RD စက်ပစ္စည်းဆိုင်ရှေ့မှာ ဆိုင်ကယ်ပေါ်ထောင်ထားတဲ့ ဗုံးပေါက်ကွဲခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
မနှစ်က စက်တင်ဘာလ ၂၇ ရက်က လားရှိုးမြို့အထွက်က Denko ဆီဆိုင်မှာ ဆိုင်ကယ်ဗုံးပေါက်ကွဲခဲ့တာကြောင့် နှစ်ဦးသေဆုံးခဲ့သလို စက်တင်ဘာ ၁၉ ရက်ကလည်း လားရှိုး အမှတ် (၂) ရပ်ကွက်က Hotel CS ရှေ့မှာ ဆိုင်ကယ်ဗုံးပေါက်ကွဲလို့ တစ်ဦးသေဆုံးခဲ့ပါတယ်။
မနှစ်က ဇူလိုင် ၁၅ ရက်ကလည်း လားရှိုးမြို့ပေါ်က ဇွဲထက်ရွှေဆိုင်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဗုံးပေါက်ကွဲလို့ တစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ပါတယ်။
ပုံစာ-လားရှိုးမြို့တစ်တနေရာ။
ဓာတ်ပုံ-ပေးပို့။

