ကနီ – ၂၀၂၃ ဇန်နဝါရီ ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ထဲမှာ ဒီနေ့နံနက်အစောပိုင်းက တံငါလှေတစ်စီးကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်ကာ ကမ်းကပ်ခိုင်းရာ ထိတ်လန့်ကြောက်ရွံ့ပြီးတံငါသည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပါတယ်။
သေဆုံးသူ တံငါသည်အမျိုးသမီးမိသားစုဟာ ချင်းတွင်းမြစ်တစ်လျှောက်မှာ ငါးဖမ်းလုပ်ငန်းနဲ့အသက်မွေးကြသူတွေပါ။
သူတို့မိသားစုဟာ ချင်းတွင်းတံတားကိုရောက်နေတာ ငါးရက်ရှိပြီး ဒီနေ့နံနက်မှာ ကနီနယ်ထဲကို ခရီးဆက်ဖို့ ထွက်ရင်း လမ်းမှာအကြမ်းဖက်စစ်တပ်နဲ့တွေ့ခဲ့တာပါ။
သေဆုံးသူအမျိုးသမီးရဲ့ခင်ပွန်းက “နံနက် ၅:၀၀ နာရီလောက်ဆန်တာပေါ့၊ မိုးလင်းတော့ ကနီမြို့နယ် သပြေတောရွာအနီးရောက်တော့ သေနတ်ပစ်ဖောက်ပြီးကမ်းကပ်ခိုင်းတယ်။ အဒီအချိန်မှာ ပြသနာစတော့တာဗျ။ ကျွန်တော့်ဇနီးမှာ နှလုံးရောဂါ အခံရှိတော့ လန့်ပြီးအကြောတက်တာလိုလိုဖြစ်ပြီး တက်တော့တာပဲ။ သတိလည်အောင်လုပ်ကြည့်တယ်။ ရင်ဘက်ဖိတယ် သတိကလည်မလာဘူး” လို့ မော်ကွန်းကို ပြောပါတယ်။
ကမ်းကပ်တဲ့အခါမှာ အကြမ်းဖက်စစ်တပ်ကဝင်ရောက်စမ်းသပ်ပြီး သေပြီဖြစ်ကြောင်း၊ ရှေ့ဆက်မသွားဖို့နဲ့ အဆင်ပြေတဲ့နေရာမှာ ဖြစ်သလိုသဂြိုလ်ဖို့ပြောခဲ့တယ်လို့ သူကပြောပါတယ်။
“ဒါနဲ့ အခက်တွေ့ပြီလေ ကျုပ်မှာ ကလေးကနှစ်ယောက်နဲ့ အလောင်းကြီးနဲ့အောက်ကိုစုန်
ခဲ့တယ်။ ကလေးတွေက လူမမယ်ဆိုတော့ ဘာလုပ်လို့လုပ်ရမယ်မသိဖြစ်နေခဲ့တာ၊ ရွာတစ်ရွာရောက်တော့ ကမ်းကပ်ပြီးအကူညီတောင်းတာ၊ ခေတ်ကလူတိုင်းမယုံကြည်ရလို့လား၊ ဘာကြောင့်များတော့မသိပါဘူး၊ မကူညီကြဘူး၊ နောက်တော့ အမည်မသိပရဟိတ လူငယ်လေးတစ်စုရောက်လာပြီး ကူညီကြရှာလို့ မြေချခဲ့ရတယ်”လို့ သေဆုံးသူရဲ့ခင်ပွန်းကမော်ကွန်းကိုပြောပါတယ်။
ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ကနီမြို့နယ်၊ သပြေတောရွာအနီး ချင်းတွင်းမြစ်ထဲမှာ အကြမ်းဖက်စစ်တပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ စက်လှေပေါ်က အမျိုးသမီးတစ်ဦး နှလုံးဖောက်သေဆုံးသွားတယ်လို့ကြေညာထားပါတယ်။
“ကျွန်တော်တို့သတင်းကြားလို့သွားတော့ မနက်၁၂:၀၀နာရီဝန်းကျင်ဗျ။ ဘယ်သူမှကူညီသူမရှိကြဘူး။ကြောက်ကြတာလား ရှေးရိုးစွဲမပျောက်တာလားမသိဘူးပေါ့။ ခေတ်စနစ်ကိုအကြောင်းပြပြီးမကူညီကြဘူး။ ခင်ပွန်းဖြစ်သူပြောတာတော့ ၁၁:၀၀ နာရီလောက်ကတည်းက ရောက်နေတာ ကူညီသူမရှိတော့ ဒီအချိန်ထိကြာသွားတာလို့ပြောရှာတယ်။
ဒါနဲ့ကျွန်တော်တို့လည်း ကူညီပြီး ကိစ္စကုန်ပေးလိုက်တာလို့”သွားရောက်ကူညီသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ အသက် ၄၁ နှစ်ရှိပြီး သားသမီးငယ်တွေ ကျန်ရစ်ခဲ့တယ်လို့ နာရေးကူညီလုပ်ဆောင်ပေးသူတွေဆီကနေသိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ဒီကနေ့နောက်ဆုံး စောင့်ကြည့်တွက်ချက်မှုတွေအရ အာဏာသိမ်းအကြမ်းဖက်စစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ပြည်သူဟာ အနည်းဆုံး ၂၉၀၀ ကျော်ရှိလာနေပါပြီ။
ပုံစာ – သေဆုံးခဲ့သည့် တံငါသည်အမျိုးသမီးမိသားစု
ဓာတ်ပုံ – ယင်းမာပင်သတင်းမှန်ပြန်ကြားရေး
#Dailynews

