ရန်ကုန် -၂၀၂၃ မေ ၃၁ (မော်ကွန်း)
နှစ်နှစ်အတွင်း စစ်ကောင်စီတပ်သားတစ်ထောင်ကျော်ကိုသုတ်သင်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်သား ၁၅၃ ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ဒီနေ့ကျင်းပတဲ့ တပ်တည်ထောင်ခြင်း နှစ်နှစ်ပြည့်အခမ်းအနားမှာ ထုတ်ပြန်ပါတယ်။
“ ကျဆုံးမှုကိုသင်ခန်းစာယူပြီး နောင်တိုက်ပွဲများမှာ ထိခိုက်မှုမရှိအောင် စစ်ဆင်ရေးများစီစဉ်နိုင်ဖို့အတွက် ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။
အရေးအကြီးဆုံးက ကျဆုံးသွားတဲ့သူရဲကောင်းများနဲ့အတူ ကျွန်တော်တို့တိုင်တည်ထားတဲ့ ကတိသစ္စာတွေ အမှန်တကယ်ပြည့်ဝလာအောင် ဆက်လက်ကြိုးစားအကောင်အထည်ဖော်ရမှာ ဖြစ်တယ်” လို့ KNDF ဥက္ကဌခွန်ဘီထူးက မိန့်ခွန်းမှာပြောပါတယ်။
ဒီကာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲ တစ်ထောင်ကျော်ဖြစ်ခဲ့ပြီး လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့သလို စခန်းငယ် ၁၀ ခုကို သိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း KNDF တပ်သား ၇၅ ဦး ကိုယ်လတ်အင်္ဂါဆုံးရှုံးခဲ့ရပါတယ်။
“ ကျွန်တော်တို့ KNDF တပ်ရင်းများ စီမံမှု၊ လက်နက်ထုတ်လုပ်မှုနဲ့ဝယ်ယူမှုတွေ ပိုမိုပြီးမှ တိုးတက်လာပါတယ်။ တပ်ဖွဲ့များရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ နည်းပညာအသုံးပြုမှုဟာလည်း ပိုမိုပြီး တိုးတက်လာပါတယ်။ စစ်ကောင်စီတပ်နဲ့ မြေပြင် ရင်ဆိုင်တိုက်ပွဲများမှာ ရန်သူရဲ့အားနည်းချက် ကိုယ့်ရဲ့အားသာချက်ကိုသိရှိပြီး ပြင်ဆင်နိုင်ရင် ရေရှည်တိုက်ပွဲမှာ ပိုပြီးအောင်မြင်နိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ယုံကြည်ပါတယ်” လို့ ခွန်ဘီထူးကပြောပါတယ်။
ဒီကာလအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီအမျိုးသားတပ်မတော်(KNPP/KA)က စစ်ရေးဦးဆောင်မှုပေးခဲ့သလို ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) ရဲ့ စစ်သင်တန်းနဲ့ စစ်ရေးနည်းနာတွေလည်း ရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) တို့ဆီကနေ လက်နက် ခဲယမ်းနဲ့ စစ်ရေးအကူအညီတွေရခဲ့တယ်လို့ ဖော်ပြတယ်။
အဲဒီမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီဟာ ဇွန် ၁ ရက်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
KNDF ဟာ ၂၀၂၁ မေ ၃၁ ရက်မှာ ကရင်နီပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ တပ်ရင်း ၂၂ ရင်း၊ စစ်ဗျူဟာခြောက်ခုခွဲကာ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
Photo – KNDF
#Dailynews

