ကော်သူးလေ – ၂၀၂၄ ဩဂုတ် ၅ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်မှုတွေဆက်တိုက်ရင်ဆိုင်နေရပြီး နေပြည်တော်မှာပဲ ကျန်ခဲ့တော့မယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ ပြောခွင့်ရ ပဒိုစောတောနီးက မော်ကွန်းကို ပြောပါတယ်။
“ဒီကနေ့မှာတော့ စကစ ဟာ နေပြည်တော်အနီးအနားတဝိုက်ကလွဲလို့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေရှိတဲ့နယ်မြေတွေထဲကို ဘယ်ကိုမှမရောက်နိုင်တော့ပါဘူး”လို့ ပဒိုစောတောနီးကပြောပါတယ်။
တရုတ်ကြားဝင်စေ့စပ်မှုနဲ့ ဟိုင်ဂင်သဘောတူညီချက်အရ ခေတ္တရပ်နားသွားတဲ့ ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ဇွန် ၂၅ မှာပြန်လည်အသက်ဝင်လာပြီး ရခိုင်စစ်ဒေသနဲ့ ရှမ်းမြောက်စစ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်စခန်းတွေ၊ မြို့တွေလည်း သိမ်းပိုက်ခံခဲ့ရပါတယ်။
အခုလ ၃ ရက်မှာတော့ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်အဖွဲ့တွေထဲက ကိုးကန့်တပ်ဖွဲ့(MNDAA)က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တိုင်းမှူးနဲ့ အဆင့်မြင့်အရာရှိတွေကိုပါ ဖမ်းမိခဲ့ပါတယ်။
မနေ့ကတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က အခုလို စစ်ဌာနချုပ်တစ်ခုကျရှုံးခြင်းကို အားရနှစ်သက်ပြီး ဂုဏ်ယူတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
“ချုပ်ပြီးပြောရရင် စစ်တပ်ကနေထစ်ကနဲရှိ အာဏာထသိမ်းတတ်တဲ့အကျင့်ဆိုးထပ်မံမပေါ်ပေါက်ဖို့အတွက် အုပ်ချုပ်သူပြောင်းလဲဖို့အတွက်နဲ့လောက်တော့ ကျွန်တော်တို့စိတ်မဝင်စားတော့ဘဲ စနစ်တစ်ခုလုံးပြောင်းလဲပစ်ပြီး ကိုယ်ရည်မှန်းဦးတည်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ထူထောင်နိုင်တဲ့အထိ ကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းအားလုံးဟန်ချက်ညီညီ နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်”လို့ ပဒိုစောတောနီးကပြောပါတယ်။
နေပြည်တော်ရဲ့ အရှေ့မြောက်ဘက်မှာ ရှမ်းတောင်တန်းဒေသရှိပြီး ဌာနအသွင်ပြောင်းပအိုဝ်းပြည်သူ့စစ်ရှိတဲ့ ပင်လောင်းမြို့နယ်ပြီးရင် ကရင်နီဒေသတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ အနီးဆုံးရှိနေပါတယ်။
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်မှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) လက်အောက်ခံတပ်ဖွဲ့တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်းရှိပါတယ်။
နေပြည်တော်ရဲ့အရှေ့တောင်ဘက်မှာလည်း ပဲခူးတိုင်းအရှေ့ခြမ်းက ကေအဲန်ယူ တပ်မဟာ ၂(တောင်ငူခရိုင်)နဲ့ တပ်မဟာ ၃(ညောင်လေးပင်ခရိုင်)တွေမှာ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေကိုပြုလုပ်နေပြီး အဲဒီအထဲမှာ NUG တောင်ပိုင်းတိုင်းစစ်ဒေသလည်းပါဝင်နေပါတယ်။
နေပြည်တော်ရဲ့ အနောက်တောင်ဘက်မှာတော့ ပဲခူးရိုးမတကြောက ဒေသကာကွယ်ရေးအဖွဲ့တွေရှိနေပြီး မကွေး၊ ပဲခူး၊ မန္တလေး ဒေသကာကွယ်ရေးအဖွဲ့ ရှိနေတာကြောင့် နေပြည်တော်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေဝန်းရံထားတဲ့အနေအထားရှိနေပါတယ်။
ပုံစာ – ကိုးကန့်တပ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးပုံ
ဓါတ်ပုံ – MNDAA

