ရန်ကုန်-၂၀၂၃ မေ ၁၉ (မော်ကွန်း)
မကွေးတိုင်းထဲက မြို့နယ်တချို့မှာ ကျွဲ၊နွား၊ဆိတ်လို အိမ်မွေးတိရစ္ဆာန်တွေ နေ့စဉ်ရာနဲ့ချီသေဆုံးနေပြီး ဒါဟာ အလွန်ပူပြင်းရာကနေ မုန်တိုင်းမိုးကြောင့် ရုတ်တရတ် အပူအအေးမမျှတဖြစ်ပြီးသေဆုံးတာလို့ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။
“ ကျွန်တော့်အထင်တော့ အရင်က ရာသီဥတုက တအားပူတာဗျာ။ အပူချိန်စံချိန်တင်နေတဲ့အချိန်မှာ မိုးကတအားရွာချလိုက်တော့ လူတွေက လုံလုံခြုံခြုံနေလို့ရတယ်ဗျာ။ တိရိစ္ဆာန်တွေဆိုတော့ ထင်သလို ပစ်ထားတာဗျ။
အမိုးအကာမရှိဘူး။ အပူနဲ့အအေးကြားထဲမှာ ရှော့ဖြစ်သွားတယ်ထင်တာပဲ။ မိုးကဆက်တိုက်ရွာတော့ တော်တော်အေးသွားတာ။ အဲဒါကြောင့် သေတာဖြစ်မယ်လို့ ထင်တယ်ဗျ၊ အစုလိုက်အပြုံလိုက်ကိုသေတာ” လို့ မကွေးတိုင်းမြောက်ပိုင်းက မြို့နယ်တစ်ခုဖြစ်တဲ့ ပေါက်မြို့နယ်၊ ကန်တောရွာခံတစ်ဦးက ပြောပါတယ်။
ပေါက်မြို့နယ်နဲ့ ဆိတ်ဖြူမြို့နယ်အစပ်မှာ တည်ရှိတဲ့ ကန်တောရွာမှာတင် လေးရက်အတွင်း ကျွဲ၊ နွား၊ ဆိတ် ကောင်ရေ သုံးရာကျော်သေဆုံးခဲ့ပြီလို့ အထက်ပါဒေသခံက ဒီနေ့မနက်ပိုင်းက ပြောပါတယ်။
ပေါက်မြို့နယ်နဲ့ ဆိတ်ဖြူမြို့နယ်တွေမှာ တိရစ္ဆာန်သေဆုံးမှုအများဆုံးဖြစ်ပေါ်နေ ပြီး အခြားမြို့နယ်တွေမှာလည်း သေဆုံးနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ အခုချိန်ထိကို သေတာတော်တော်များတယ်။ အခုချိန်ထိကို စာရင်းက အပြီးသတ်မရသေးဘူး။ အခုသေတာ တစ်နေ့ထက်တစ်နေ့ ထပ်တိုးနေတာ။ အနောက်ဘက် ယောအစပ်ဆို ကျွဲနဲ့ နွားမွေးတဲ့ ဒေသတွေ၊ တစ်ရွာကို အကောင်ငါးဆယ်နှုန်းလောက်နဲ့သေနေတာ။ အပူချိန်ပိုမြင့်တဲ့ နေရာတွေဆိုရင် နွား၊ ဆိတ်အများကြီးမွေးတဲ့ ခြံတစ်ခြံတည်းနဲ့ အကောင်လေးဆယ်လောက်သေတယ်” လို့ မကွေးမြို့နယ်အတွင်းက ဒေသခံတစ်ဦးက ပြောပါတယ်။
ကျွဲ၊ နွားနဲ့ဆိတ်သေဆုံးမှုအများဆုံးဖြစ်တဲ့ ပေါက်နဲ့ ဆိပ်ဖြူမြို့နယ်တွေမှာတော့ အကောင်ရေ ၈၀၀ ဝန်းကျင်လောက်သေဆုံးနေပြီး စာရင်းကောက်မရသေးတဲ့ ပိုင်ရှင်မဲ့၊ ပုပ်ပွနေတဲ့ ကျွဲနွားတွေပါ အများအပြားရှိသေးတယ်လို့ ပေါက်မြို့ခံ တစ်ဦးကပြောပါတယ်။
မကွေးတိုင်းအလယ်ပိုင်းနဲ့ အနောက်ဘက်ခြမ်းကမြို့နယ်တွေဖြစ်တဲ့ ရေနံချောင်း၊ စလင်း၊ ပွင့်ဖြူ၊ စေတုတ္တရာနဲ့ ငဖဲ စတဲ့မြို့နယ်တွေမှာပါ ဒီနေ့အထိ ကျွဲ၊ နွား၊ ဆိတ် သေဆုံးမှုတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အပူချိန်ရုတ်တရက်ပြောင်းလဲတာကြောင့် သေဆုံးတာလို့ ဒေသခံတွေကယူဆနေပေမယ့် အကြောင်းအရင်း အတိအကျကို နားလည်တတ်ကျွမ်းတဲ့သူတွေက လာရောက်စစ်ဆေးတာမျိုး မရှိသေးတဲ့အတွက် မသိရသေးဘူးလို့ ပြောကြပါတယ်။
ဒီလို တိရစ္ဆာန်တွေ ရုတ်တရက်သေဆုံးနေတာနဲ့ ပတ်သက်ပြီး မကွေးတိုင်း၊ တိရစ္ဆာန်ကုသရေးနှင့် မွေးမြူရေးဦးစီးဌာနကို မော်ကွန်းကဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ရခိုင်ပြည်နယ်ထဲမှာတော့ မုန်တိုင်းတိုက်ခတ်ပြီး မုန်တိုင်းဒီရေပါကုန်းပေါ်တက်လာတဲ့အတွက် ပင်လယ်စပ်နဲ့ နီးတဲ့ မြို့နယ်တွေမှာ အိမ်မွေးတိရစ္ဆာန် ရာနဲ့ချီသေဆုံးခဲ့ပါတယ်။
ပုံစာ – မကွေးတိုင်းထဲမှ သေဆုံးနေသောတိရိစ္ဆာန်များ
Photo – Supplied
#Dailynews

