မိုးကုတ် – ၂၀၂၄ ဇူလိုင် ၁၀ (မော်ကွန်း)
ဇွန် ၂၅ ရက်စတင်ခဲ့တဲ့ မိုးကုတ်မြို့တိုက်ပွဲတွေဟာ ဒီနေ့ဆိုရင် ၁၆ ရက်ရှိလာပြီဖြစ်ပါတယ်။
ဒီနေ့ နံနက်ပိုင်း မြို့အရှေ့ပိုင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ငြိမ်နေတာကြောင့် ဒေသခံတချို့ သွားလာလှုပ်ရှားမှုတွေရှိပေမယ့် မြို့ကတော့ တိတ်ဆိတ်ငြိမ်သက်နေတုန်းပဲလို့ မြို့ခံတွေကပြောပါတယ်။
မိုးကုတ်မြို့တွင်းမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်က မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ စည်ပင်သာယာ၊ အောင်နန်း၊ မင်းတံတားရပ်ကွက်တွေပေါ်ကို ကျရောက်ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိတာလည်းရှိတယ်လို့ မြို့ခံတွေကပြာပါတယ်။
မိုးကုတ်မြို့မှာ နှစ်ဘက်တိုက်ပွဲအကြား လက်နက်ကြီးကျည်တွေဟာ လူနေအိမ်တွေ၊ ရပ်ကွက်တွေကိုပဲ ကျရောက်နေတာကြောင့် စိုးရိမ်နေရတုန်းလို့ ဒေသခံတွေကပြောကြပါတယ်။
” ခုလက်နက်ကြီးကလူနေအ်ိမ်နားတွေပဲဆက်တိုက်ကျနေတယ်၊ ပစ်မှတ်ကိုထိအောင်မပစ်ကြဘူး၊ လူနေအိမ်တွေကိုပဲထိနေတယ် ‘လို့ မြို့ခံတစ်ဦးကပြောပါတယ်။
တအာင်းအမျိုးသားတပ်မတော်နဲ့ MDY-PDF တို့ကတော့ မိုးကုတ်မြို့အပြင် မိုးမိတ်၊ နောင်ချိုမြို့တွေက အာဏာသိမ်းစစ်တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာလည်း နောင်ချိုမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်ရဲ့ လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ ဒုံးတပ်ရင်း ၆၀၆ ကို သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – မိုးကုတ်မြို့တွင်း ယနေ့မြင်ကွင်းများ
ဓါတ်ပုံ – Mawkun Magazine

