ရန်ကုန်- ၂၀၂၅ ဧပြီ ၃၀ (မော်ကွန်း)
မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ အိမ်ခြံမြေ အရောင်းနဲ့ အငှားဈေးကွက် ပိုပြီးသွက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၇ အင်အားရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်အပါအဝင် နိုင်ငံအလယ်ပိုင်းမှာ နေအိမ်အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။
၎င်းငလျင်အပြီးမှာ ရန်ကုန်မြို့ပေါ်ကို နေပြည်တော်၊ မန္တလေး စတဲ့မြို့တွေကနေ ပြောင်းရွှေ့လာသူတွေရှိလာပြီး အိမ်ခြံမြေဈေးကွက် ပိုပြီးသွက်လာတယ်လို့ ရန်ကုန်မြို့တွင်းက အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
“နေပြည်တော်ဝန်ထမ်း မိသားစုတွေ ရန်ကုန်ကို ပြန်ပြောင်းလာတာရှိတယ်။ မန္တလေး၊ စစ်ကိုင်းဘက်တွေကလည်း ရန်ကုန်ကို ပြန်ပြောင်းလာတာ ဒီရက်ပိုင်းတွေ့ရတယ်” လို့ ၎င်းအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေထဲကာ နိုင်ငံတစ်ဝန်းက စစ်ဘေးရှောင်လာတဲ့ စစ်ဘေးရှောင်ဒေသခံအများအပြား ရန်ကုန်မြို့ကို ရောက်နေခဲ့ပြီးဖြစ်တာကြောင့် အိမ်ခြံမြေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်တွေကထက် မြင့်တက်နေတာပါ။
အထူးသဖြင့် စစ်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က ရွှေ့ပြောင်းလာသူတွေ အများအပြားဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေထဲက ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာကြပါတယ်။
အခုလို ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာသူတွေများလာတာကြောင့် အိမ်ခြံမြေဈေးဟာ ပြီးခဲ့တဲ့နှစ်နှစ် ဝန်းကျင်ကထက် နှစ်ဆနီးပါး မြင့်တက်ခဲ့တယ်လို့ အိမ်ခြံမြေပွဲစားတချို့ကပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်နှစ်လောက်က သိန်း ၈၀၀ လောက်ပေါက်တဲ့အခန်းက အခု ၁၅၀၀ ဝန်းကျင်လောက် ပေါက်သွားပြီ။ အိမ်ငှားခတွေလည်းတူတူပဲ နှစ်ဆလောက်တက်သွားတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က တိုက်ခန်းငှားခတွေရဲ့ ဈေးနှုန်းကလည်း မြင့်တက်နေတဲ့အပြင် တိုက်ခန်းရရှိဖို့လည်း ခက်ခက်ခဲခဲ ရှာနေရတယ်လို့ ရန်ကုန်မြို့မှာ တိုက်ခန်းငှားရမ်းနေထိုင်တချို့ကလည်း ပြောပါတယ်။
တာမွေမြို့နယ်မှာ နေထိုင်သူတစ်ဦးကတော့ “အခုက အပေါ်ဆုံးထပ် သိပ်မကောင်းတဲ့တိုက်ခန်းတောင် စပေါ်ကြီးပဲ သိန်း ၅၀ လောက်အရင်တင်မှ ငှားတယ်။ လချုပ်နဲ့ဆိုရင်လည်း တစ်ခါချုပ်တစ်ခါ လခတိုးတယ်။ အနည်းဆုံး သုံးသိန်းလောက်ကစတယ်။ အခန်းရဖို့တောင်မလွယ်ဘူး။ အခု Post တင်ထားရင် နောက်နေ့သွားမေးမရှိတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီသင်္ကြန်ကာလအပြီးမှာ ရန်ကုန်ရဲ့ ဆင်ခြေဖုန်းမြို့နယ်တွေဖြစ်တဲ့ သန်လျင်၊ ကျောက်တန်း၊ ဒဂုံမြို့သစ် လေးမြို့နယ်နဲ့ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေမှာလည်း အိမ်ခြံမြေ အရောင်းအဝယ်ငှား ဈေးကွက်က ပိုမိုအရောင်းအဝယ်သွက်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ပုံစာ – တာမွေမြို့နယ်က လူနေတိုက်ခန်းတချို့ရဲ့မြင်ကွင်း
ဓါတ်ပုံ – မော်ကွန်း

