မန္တလေး – ၂၀၂၁ စက်တင်ဘာ ၂၉ (မော်ကွန်း)
မန္တလေးမြို့က ဘုန်းကြီးကျောင်းတချို့ကို မနေ့က စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ပြီး သံဃာတချို့ ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးမြို့ခံတွေက မော်ကွန်းကို ပြောပါတယ်။
စက်တင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊၈၆လမ်း၊၃၇လမ်းနဲ့ ၃၈လမ်းကြားရှိ ကင်းဝန်မင်းကြီးကျောင်းတိုက်သို့ အရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်သားတွေ ဝင်ရောက် စီးနင်းပြီး သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ဆရာတော် ဦးပညာသီဟကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆရာတော်ရဲ့ကားကိုပါ သိမ်းယူသွားကြောင်း သံဃသမဂ္ဂအဖွဲ့က ပြောပါတယ်။
ဆက်လက်ပြီး မန္တလေးမြို့တွင်းက မဟာဝိဇိတာရာမတိုက်နဲ့ တေဇာလင်္ကါရကျောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ဆရာတော်နှစ်ပါးနဲ့ လူ နှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့အပြင် အဆိုပါ ကျောင်းတိုက်တွေထဲမှာရှိတဲ့ ကားနှစ်စီးနဲ့ ဆိုင်ကယ်လေးစီးကိုပါ သိမ်းယူသွားကြောင်း သံဃသမဂ္ဂအဖွဲ့က ဆိုပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် စိတ္တသုခပတ္တမြားကျောင်းတိုက်ကိုလည်းဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပြီး ဖမ်းဆီးခံရတာတော့ မရှိဘူးလို့ သံဃသမဂ္ဂဆရာတော်တွေက ဆိုပါတယ်။
ဘာသာရေးဆိုင်ရာ ကျောင်းတိုက်များအတွင်းသို့ကျောင်းတိုက် နာယကဆရာတော်များ၏ခွင့်ပြုချက်မယူဘဲ ဝင်ရောက်ခြင်း၊ သံဃာတော်တွေရဲ့ ပစ္စည်းတွေသိမ်းယူတွေကို ကန့်ကွက်ရှုတ်ချပြီး ထိုကဲ့သို့ ပြုလုပ်နေသော်လည်း နောက်ဆုတ် ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သံဃသမဂ္ဂအဖွဲ့က အသိပေးပါတယ်။
ပုံစာ – ဖမ်းဆီးခံရမှုတွေရှိနေပေမယ့် ဆန္ဒပြခဲ့ကြတဲ့ သံဃသမဂ္ဂအဖွဲ့
ဓါတ်ပုံ-သံဃသမဂ္ဂ
#Dailynews

