တကောင်း – ၂၀၂၃ ဧပြီ ၆ (မော်ကွန်း)
မန္တလေးတိုင်း၊ တကောင်းမြို့နယ်၊ အရုဏ်ဦးရွာနဲ့ကွမ်းတောလမ်းကြားမှာကင်းပုန်းဝပ်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေရဲ့ မနေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ တကောင်းမြို့နယ် ပ.က.ဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံမာမီက မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်သား ၈၅ယောက်ခန့်ပါတဲ့ တွဲကားသုံးစီးကို သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး ကင်းပုန်းဝပ်နေတဲ့စစ်သားတွေပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တာလို့ သူကဆိုပါတယ်။
” ကင်းပုန်းဝပ်နေတဲ့စစ်သားတွေ လမ်းဘေးဘယ်ညာရမ်းပစ်တာ၊ နေအိမ်ပေါ်မှာထမင်းချက်နေတဲ့အမျိုးသမီးတစ်ဦးလည်ပင်းကျည်ထိမှန်ပြီးသေတယ်၊ သူတို့ကမြင်ရက်နဲ့ပစ်သွားတာ”လို့ တကောင်းမြို့နယ်ပ.က.ဖသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံမာမီက ဆိုပါတယ်။
ထီးချိုင့်မြို့ကနေ မန္တလေးမြို့ကိုလာတဲ့ စစ်ယာဥ်တန်းကို မိနှစ်၂၀ခန့် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ စီးနင်းပစ်ခတ်ခဲ့တာလို့သူကဆိုပါတယ်။
“သူတို့ဘက်ကအတော်သင့်ပဲပြန်ပစ်တယ်၊ ကားကတော့ဇကာပေါက်ဖြစ်သွားတယ်၊ မောင်းလို့ရသေးတာမို့ဆက်မောင်းသွားကြတယ်”လို့မာမီက ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကထိခိုက်သေဆုံးသူရှိပေမယ့်အတည်မပြုနိုင်သေးပါဘူး။
အရုဏ်ဦးရွာနဲ့ ကွမ်းတောလမ်းကြားမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေက ရွာအနီးကလူနေအိမ် ၃လုံးကိုလည်းမီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
ပြည်သူတွေအနေနှင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာမှာအသွားအလာရှောင်ရှားဖို့၊ အချိန်ကြာမြင့်စွာ ရပ်နားခြင်းမပြလုပ်ဖို့ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးဖို့၊စည်းကမ်းရှိစွာ သွားလာပေးကြဖို့နဲ့ စကစယာဉ်တန်းတွေနဲ့အတူ ကပ်လိုက်ခြင်းမပြုလုပ်ကြဖို့ တကောင်းမြို့နယ် ပ.က.ဖကသတိပေးထုတ်ပြန်ထားပါတယ်။
#Dailynews

