ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၀ (မော်ကွန်း)
လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်ရေးကုမ္ပဏီ ၁၀၀ ကျော်ကို ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်တွေ မလိုက်နာတာကြောင့် လိုင်စင်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
လိုင်စင်ရုပ်သိမ်းခံရတဲ့ ငွေလဲကောင်တာအများစုဟာ ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတွေဖြစ်ပြီး ဆီဒိုးနားဟိုတယ်အပါအဝင် ဟိုတယ်လုပ်ငန်း၊ ခရီးသွားအေဂျင်စီလုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီစုစုပေါင်း ၁၂၃ ခု ပါဝင်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ နိုင်ငံခြားသုံးငွေကြေး စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းတွေနဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် ဗဟိုဘဏ်ရဲ့ အလုပ်အမှုဆောင်ကော်မတီဆုံးဖြတ်ချက်အရ အခုလို လိုင်စင်တွေ ရုပ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
လိုင်စင်ရုပ်သိမ်းခံရတဲ့ကုမ္ပဏီအများစုဟာ အရောင်းအဝယ်မလုပ်ဘဲ ပိတ်ထားတဲ့ကုမ္ပဏီတွေနဲ့ ပြင်ပပေါက်ဈေးတွေနဲ့ အရောင်းအဝယ်ပြုလုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ယခုလပိုင်းကစပြီး စစ်ကောင်စီဗဟိုဘဏ်နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) တို့ပူးပေါင်းကာ ဒေါ်လာအရောင်းအဝယ်တွေကို အသွင်ယူစစ်ဆေးတာ၊ ဖမ်းဆီးတာတွေ စတင်လုပ်ဆောင်လာတာဖြစ်ပြီး အခုလို အဖမ်းအဆီးတွေကြောင့် ဈေးကွက်ထဲ ဒေါ်လာအရောင်းအဝယ် မရှိသလောက်ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။
“အရှေ့ရက်တွေထဲက စီမံချက်တွေနဲ့လိုက်ပြီး အသွင်ယူစစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေလုပ်နေတာ။ ဒီနောက်ပိုင်း အပြင်ဈေးကွက်အရောင်းအဝယ်က မရှိသလောက်ဖြစ်နေတာပေါ့။ အခုထုတ်ပြန်လိုက်တာလည်း အများစုက အရောင်းအဝယ်လည်းမရှိတော့လို့ ပိတ်ထားတာကြာတဲ့ ကုမ္ပဏီတွေပါတယ်။ နောက်ပြီး အပြင်ပေါက်ဈေးတွေနဲ့ အရောင်းအဝယ်လုပ်နေတဲ့ ကုမ္ပဏီတွေလည်းပါတယ်။” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ဟာ တစ်ဒေါ်လာကို ရည်ညွှန်းသတ်မှတ်ဈေး ၂,၁၀၀ ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်နဲ့ ဈေးကွာဟနေတာကြောင့် ဒေါ်လာငွေ အရောင်းအဝယ်ပြုလုပ်သူတွေဟာ ပြင်ပဈေးကွက်မှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံနဲ့ အရောင်းအဝယ်ပြုလုပ်နေကြတာပါ။
ပြင်ပဈေးကွက်အတွင်း အဖမ်းအဆီးတွေကြောင့် ယခုလအစောပိုင်းက တစ်ဒေါ်လာကို ၃,၇၀၀ ကျပ်ဝန်းကျင်အထိ ရှိခဲ့ရာက လက်ရှိမှာ ၃,၄၀၀ ကျပ် ဝန်းကျင်ကို ကျဆင်းသွားတယ်လို့ ငွေကြေးဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“ဒေါ်လာက အဖမ်းအဆီးကြမ်းလာပြီး ပြန်ကျလာတယ်။ လက်ရှိက ၃,၄၀၀ ကျော် ဝန်းကျင်မှာ ငြိမ်နေတယ်။ အပြင်ဈေးကွက်ကလည်း အရောင်းအဝယ်မရှိသလောက်ဖြစ်နေတယ်။ အားလုံးပြန်ငြိမ်နေတဲ့ အခြေအနေပေါ့။ ဒေါ်လာဈေးကျတော့ ရွှေဈေးလည်း နည်းနည်းပြန်ကျသွားတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ ယခင်ကလည်း နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရကုမ္ပဏီတွေကို လိုင်စင်ပိတ်သိမ်းခဲ့ပြီး စစ်ကောင်စီလက်ထက်မှာ လိုင်စင်ရ ကုမ္ပဏီပေါင်း ၁၆၀ ကျော်ထိ လိုင်စင်ရုပ်သိမ်းခံထားရတာပါ။
ဒါ့အပြင် ဒေါ်လာကိုင်ဆောင်မှုကိုလည်း ကန့်သတ်တဲ့အမိန့်ထုတ်ပြန်ထားပြီး ပြည်သူတစ်ဦးကို ဒေါ်လာနှစ်သောင်း၊ ခြောက်လထိ ကိုင်ဆောင်ခွင့်ပေးထားပြီး ခြောက်လကျော်တာနဲ့ ပြန်လည်အပ်နှံတာ၊ ရောင်းချတာတွေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့လပိုင်းက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MO
#Dailynews

