စည်သူ
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၈ (မော်ကွန်း)
ကျင့်ဝတ်နဲ့မညီတဲ့ မှုခင်းသတင်းထောက်အဖွဲ့လေးခုက သတင်းထောက်တွေကို ရွေးကောက်ပွဲနေ့မှာ သတင်းရယူခွင့် သက်သေခံကတ်ပြားတွေ မထုတ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးရှိန်ဝင်းက မော်ကွန်းကို ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ထဲမှာ နေပြည်တော်တိုင်းမ်မှုခင်းသတင်းဂျာနယ်၊ မှုခင်းရှုထောင့်သတင်းဂျာနယ်၊ အမိမြေသတင်းစုဆောင်းရေးအဖွဲ့ နဲ့ အမှန်တရားဘက်တော်သားသတင်းစုံဂျာနယ်တို့ ပါရှိပါတယ်။
အမှန်တကယ် သတင်းမီဒီယာ လုပ်ကိုင်သူများကိုသာ ရွေးကောက်ပွဲ သတင်းရယူခွင့် ကတ်ပြားထုတ်ပေးဖို့ UECကို သတင်းမီဒီယာကောင်စီက တိုက်တွန်းပေးဖို့ အကြုံပြုစာကို မြန်မာဂျာနယ်လစ်ကွန်ရက် အပါအဝင် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းခုနစ်ဖွဲ့က အောက်တိုဘာ ၆ ရက်နေ့ ပေးပို့ထားပါတယ်။
“ရွေးကောက်ပွဲ သတင်းယူတာ အထူးအခွင့်ရေးတော့ မဟုတ်ဘူး။ ဒီကတ်ပြားကို အသုံးချပြီးတော့ တကယ်သတင်းထောက်အလုပ် မလုပ်ဘဲနဲ့ အမည်ခံပြီးတော့ ကျင့်ဝတ်နဲ့မညီတာ ငွေတောင်းတဲ့ ကိစ္စတွေလုပ်မှာစိုးလို့ ကောင်စီအနေနဲ့ စာပို့လိုက်တာဖြစ်တယ်”လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တွဲဘက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်က မော်ကွန်းကို ပြောပါတယ်။
ရွေးကောက်ပွဲနေ့မှာ သတင်းရယူမယ့် သတင်းထောက်တွေအနေနဲ့ ခရိုင်ကော်မရှင်ရုံးခွဲတွေမှာ အောက်တိုဘာ ၂၃ ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၉ ရက်က ကြေညာထားပါတယ်။
#Dailynews

