ယင်းမာပင် − ၂၀၂၃ မေ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းဇင်ရွာမှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ မိခင်နဲ့လေးလသား၊ ၁၆ နှစ်သမီးတစ်ဦးနဲ့ ခုနစ်နှစ်သမီးတစ်ဦးတို့ ဒီကနေ့ သေဆုံးခဲ့ရပါတယ်။
ယင်းမာပင်၊ ဘန့်ဘွေးရွာကနေ မုံရွာ − ယာကြီး − ကလေးလမ်းကို ဖြတ်ကာ တိတ်တဆိတ်ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ ဒီကနေ့နံနက်မှာ ထန်းဇင်ရွာသား ၁၁ ဦးကိုဖမ်းဆီးပြီး ရွာထဲက နာရေးအိမ်တစ်အိမ်ကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတာပါ။
“သူတို့က ဒရုန်းတွေဘာတွေနဲ့ လှမ်းကြည့်လားတော့မသိဘူး၊ နာရေးအိမ်က လူစုနေတာတွေ့တော့ ပစ်တာ”လို့ ဒေသခံကပြောပါတယ်။
ဒီလို ပစ်ခတ်လို့ နာရေးအိမ်မှာရောက်နေတဲ့ အသက် ၂၈ နှစ်အရွယ် မိခင်နဲ့ လေးလသား၊ ၁၆ နှစ်အရွယ်
မိန်းကလေးတစ်ဦးနဲ့ ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။
“၁၆ နှစ်နဲ့ ခုနစ်နှစ်သမီးက ပွဲချင်းပြီးပဲ၊ ခုနစ်နှစ်အရွယ်ကလေးက ရွာထိပ်မှာ ခွေးတွေရောက်နေလို့ နာရေးအိမ်ကသူ့အမေကို လာခေါ်တာ”လို့ ဒေသခံကပြောပါတယ်။
လေးလသားအရွယ်ကလေးရဲ့ မျက်လုံးတစ်ဘက်နဲ့ နှာခေါင်းကို ကျည်ဆန်ထိမှန်သွားပြီး မိခင်ကတော့ နောက်ကျောကနေ ကျည်ထိမှန်ကာ ဆေးရုံကို ပို့ဆောင်ခဲ့ကြပေမယ့် အချိန်မမီခဲ့ဘဲ သေဆုံးသွားတယ်လို့ ဒေသခံကပြောပါတယ်။
သေဆုံးသွားကြတဲ့ ၁၆ နှစ်သမီးနဲ့ ၂၈ နှစ်အရွယ် မိခင်တို့ဟာ ညီအစ်မ အရင်းတွေဖြစ်ပြီး လေးလသား ယောကျာ်းလေးကတော့ နာမည်တောင် မပေးရသေးဘူးလို့ ဒေသခံကပြောပါတယ်။
အသက် ၅၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်တာကြောင့် လက်ဖမိုးကနေ ပြတ်ထွက်သွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ထန်းဇင်ရွာကို ပစ်ခတ်သတ်ဖြတ်သွားတဲ့ စစ်ကြောင်းဟာ ကနီမြို့နယ်ဘက်ခြမ်းကို ထွက်ခွာသွားပြီး ဖမ်းဆီးထားတဲ့ ပြည်သူ ၁၁ ဦးကိုလည်း ပြန်လွှတ်မပေးဘဲ ခေါ်သွားတယ်လို့ ဒေသခံကပြောပါတယ်။
ဒီကနေ့ညပိုင်းမှာတော့ အဲဒီစစ်ကြောင်းဟာ ကနီမြို့နယ်၊ တွင်းမရွာမှာတပ်စွဲထားပြီး အနီးအနားပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မနေ့ကလည်း ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို မုံရွာ−နမခကနေ အာဏာသိမ်းစစ်တပ်ဟာ ဝင်ရောက်လာပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီလို လှည့်လည်ပစ်ခတ်သတ်ဖြတ်နေလို့ ကနီနယ်ထဲက တောင်ကုန်း၊ တောင်ပျောက်၊ လည်ရှည်၊ တွင်း၊ ပကျက်ဝ၊ ရွှေရင်အေး၊ ချောင်းမစတဲ့ရွာတွေက ဒေသခံပြည်သူ ၈၀၀၀ လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး မုန်တိုင်းမိုးရဲ့ဒဏ်ကိုလည်း ခံနေရတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတစ်ဦးကပြောပါတယ်။
ဓါတ်ပုံ − အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ သေဆုံးသွားရသူများ
#Dailynews

