အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ မေ ၁၃ (မော်ကွန်း)
COVID – 19 ကပ်ရောဂါကြောင့် ပြည်တွင်းစီးပွားရေးတုံ့ဆိုင်းနေချိန်တွင် အလုပ်လက်မဲ့လျှော့ချရေး အထောက်အကူဖြစ်စေရန် ဆည်မြောင်းလုပ်ငန်းခွင်များတွင် လုပ်သားခန့်ထားပေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းဝန်ကြီးဌာနအောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များ ပြုလုပ်မည့်ဆည်များတွင် အလုပ်သမားများကို ခေါ်ယူအလုပ်ပေးသွားမည်ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထိုက်က “COVID ကာလအတွင်း တခြားအလုပ်ခွင်တွေမှာ မလုပ်နိုင်တဲ့အခြေအနေမှာ ကျွန်တော်တို့က ပုံမှန်လုပ်နေတဲ့အတွက် အဲဒီလိုအလုပ်သမားတွေအနေနဲ့ ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီး လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ ကြေညာတာပါ” ဟု ပြောသည်။
အလုပ်သမားအရေအတွက်ကို ကန့်သတ်ထားမှုမရှိဘဲ ဒေသခံများ၏ လာရောက်စာရင်းပေးမှုအပေါ် မူတည် ကာ သင့်တော်သည့်လုပ်ငန်းခွင်များတွင် အလုပ်အကိုင်ပေးသွားမည်ဟု ၎င်းကပြောသည်။
သဖန်းဆိပ်ဆည်သည် စိုက်ပျိုးရေပေးဝေသည့်ဆည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးဆည်တစ်ခုလည်း ဖြစ်သည်။
ပဲခူးတိုင်း အနောက်ပိုင်းရှိ သဲကောဆည်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစပ်ခွန်ဦးကလည်း မြေတူးလုပ်ငန်းခွင်များအတွက် လုပ်သား ၁၀၀ ခန့် အလုပ်ပေးသွားရန်ရှိကြောင်းနှင့် လုပ်အားခအနေဖြင့် တစ်ရက်လျှင် ၈,၀၀၀ ကျပ် ပေးရန် သတ်မှတ်ထားကြောင်း ရှင်းပြသည်။
ကမ္ဘာ့ဘဏ်နှင့် ဂျပန်နိုင်ငံတို့၏ ဖွံ့ဖြိုးမှုအထောက်အပံ့ ချေးငွေဖြင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ သဲကောဆည်နှင့် ဘောနီဆည်၊ နေပြည်တော်ရှိ ငလိုက်ဆည်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဇီးတော ဆည်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်များ၏ ဆည်ရေသောက်စနစ်များကို အဆင့်မြှင့် တင်ရာတွင် အဆိုပါအလုပ်သမားများကို အသုံးပြုမည်ဖြစ်သည်။
ဓာတ်ပုံ – နေခြည်သစ် (ကျွန်းလှ)
#Dailynews