ပုသိမ် – ၂၀၂၁ အောက်တိုဘာလ ၂၉ (မော်ကွန်း)
ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် – ၅ ရပ်ကွက်က NLD မြို့နယ်ရုံးဟာ ဒီကနေ့နံနက်အစောပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နံနက် သုံးနာရီလောက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပေမယ့် ည ၁၂ : ၀၀ လောက်ကတည်းက မီးရှို့နေခဲ့တာလို့ ဒေသခံကပြောပါတယ်။
“ အရင်ဆုံး မီးလောင်တာ မီးသတ်ကလည်း သူတို့ရှေ့မှာတင် လောင်နေတာ လာမသတ်ဘူး ။ ဖုန်းဆက်ပြောတော့လည်း မသိချင်ယောင်ဆောင်နေတယ် အဲ့ရုံးက စစ်တပ်က တပ်စွဲထားတဲ့ရုံး သူတို့ စိတ်ကြိုက် ပစ္စည်းတွေကို နေတိုင်း ကားနဲ့တိုက်ယူနေတာ ခုက ယူစရာမရှိတော့လို့ ထင်တယ် မီးရှို့ပြီး မိုင်းခွဲတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဆိုဖာခုံတွေ ပျက်စီးထားပြီး ဖောက်ခွဲခံရမှုကြောင့် အဆောက်အဦရဲ့ အတွင်းအပြင် ပျက်စီးမှုတွေ တွေ့ရှိရတယ်လို့ ဒေသခံကပြောပါတယ်။
မီးလောင်၊ ပေါက်ကွဲမှုတွေ မဖြစ်ခင် အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ရုံးထဲက ပစ္စည်းတွေကို ကားနဲ့ သယ်ယူခဲ့ကြတယ်လို့ ဒေသခံကပြောပါတယ်။
ပုသိမ်မြို့မှာရှိတဲ့ NLD ပါတီရဲ့ တိုင်း၊ ခရိုင်၊ မြို့နယ် ရုံးတွေကို စစ်တပ်က ချိပ်ပိတ်ပြီး တပ်စွဲခဲ့သလို အထဲမှာ ရှိတဲ့ ပစ္စည်းတွေကို ကားနဲ့သယ်ယူနေကြတာလို့ ဒေသခံက ဆိုပါတယ်။
ပုသိမ်မြို့မှာတော့ NLD ပါတီရုံး မိုင်းခွဲဖျက်ဆီးခံရမှုဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်ကတော့ မန္တလေး NLD တိုင်းရုံး ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။
ပုံစာ – ဖောက်ခွဲခံရတဲ့ ပုသိမ် NLD မြို့နယ်ရုံး
ဓာတ်ပုံ – Supplied
#Dailynews

