ယောဒေသ – ၂၀၂၂ ဒီဇင်ဘာ ၁၅ (မော်ကွန်း)
ပြီးခဲ့တဲ့ ၂၀၂၂ မတ်လက ယောဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှာ လက်နက်ထုတ်လုပ်ရင်း ပေါက်ကွဲမှုဖြစ်လို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တချို့ဟာ အခုအချိန်ထိကောင်းမွန်စွာဆေးကုသမှုမခံယူရသေးဘဲ ခွဲစိတ်ကုသဖို့ အကူအညီတွေလိုအပ်နေကြောင်း မော်ကွန်းကသတင်းရရှိပါတယ်။
ယောဒေသတောင်ပိုင်း၊ ကပစ အမှတ် ၄ က ယောဧရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လက်နက်ထုတ်လုပ်ဖို့ ယမ်းကြိတ်နေရင်း ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာပါ။
ဒီလိုပေါက်ကွဲခဲ့လို့ ရဲဘော် လေးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ရဲဘော်နှစ်ဦးဟာ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ယောဧရာရဲ့ တာဝန်ရှိသူ မရွှေဧရာကမော်ကွန်းကို ပြောပါတယ်။
နည်းပညာကောင်းကောင်းနားမလည်သေးချိန်မှာ ယမ်းကြိတ်ဖို့ အသားတွေ၊ အသီးတွေကြိတ်တဲ့ကြိတ်စက်နဲ့ လုပ်မိခဲ့ကြတယ်လို့ သူကဆိုပါတယ်။
“ကြိတ်စက်ရှိတော့ကြိတ်တဲ့ချိန်မှာ … ဖြစ်တာကလည်း သုံးလပိုင်းနေပူပြင်းတဲ့အချိန်ဆိုတော့ပေါက်ကွဲတာပေါ့”လို့ မရွှေဧရာကပြောပါတယ်။
ရဲဘော်လေးဦးမှာ ရဲဘော်နှစ်ဦးကဆေးရုံမှာ တစ်ပတ်တက်ရောက်ကုသခဲ့ရပြီး ကျန်နှစ်ဦးကတော့ ဒဏ်ရာတွေပြင်းထန်တာကြောင့် နှစ်လဝန်းကျင်ဆေးကုသမှုခံယူခဲ့ရပါတယ်။
ပြင်းထန်ဒဏ်ရာရရှိသူနှစ်ဦးကတော့ အသက် ၃၅ နှစ်အရွယ် ဦးအောင်မြင်နဲ့ ၂၃ နှစ်အရွယ် ကိုမျိုးမျိုးတို့ပါ။
“ဆရာအောင်မြင်က လက်နှစ်ဘက်စလုံး ကွေးလို့ဆန့်လို့မရတော့ဘူး၊ နားတစ်ဘက်ကလည်းဖြတ်ထားရတယ်၊ကျန်တဲ့တစ်ဘက်ကလည်းမကောင်းတော့ဘူး၊ အမြဲနားပြည်တွေယိုတာမျိုးပေါ့၊ ကိုမျိုးမျိုးက လက်တစ်ဘက်ကတော့လှုပ်လို့ရတယ်၊ တစ်ဘက်ကတော့ ကွေးကွေးကြီးဖြစ်နေတာ၊ လှုပ်လို့မရတော့ဘူး”လို့ ပြောပါတယ်။
သူတို့ရဲ့ ပြင်ပဒဏ်ရာဖြစ်တဲ့မီးလောင်ဒဏ်ရာနဲ့အရေပြားဒဏ်ရာတွေဟာ သက်သာသွားပေမယ့် အတွင်းဒဏ်ရာတွေအတွက်ကုသဖို့လိုအပ်နေတယ်လို့ မရွှေဧရာကပြောပါတယ်။
နှစ်လဝန်းကျင်ဆေးရုံတက်ကုသခဲ့ပြီး အာဏာသိမ်းစစ်တပ်က ထပ်မံစစ်ကြောင်းထိုးလာလို့ ဆေးရုံကနေ စခန်းရှိရာနေရာကို ပြောင်းရွေ့လာခဲ့ရတာကြောင့်ဆေးမကုနိုင်တာ ခုနှစ်လ ဝန်းကျင်ရှိပြီလို့ ပြောပါတယ်။
ဒဏ်ရာတွေကြောင့် ကွေးလို့ဆန့်လို့်မရတော့ဘဲအကြောတွေတက်တာ၊ အသားတွေ ယားယံထုံကျင်တာ၊ အသားစတွေ အစုလိုက်ထုံးနေတာ၊ နားတွေထဲက ပြည်တွေယိုကျနေတာတွေကို ဆေးမြီးတိုနဲ့ပဲကုသနေရပါတယ်။
လက်တွေပြန်လည်လှုပ်ရှားလို့ရအောင်ကုသဖို့ ဆရာဝန်တွေမှာခွဲစိတ်တဲ့ပညာတွေရှိနေပေမယ့် ခွဲစိတ်မှုပြုလုပ်ဖို့အတွက် ပစ္စည်းကိရိယာတွေမစုံလင်တာကြောင့် နိုင်ငံခြားထွက်ပြီးကုသဖို့နည်းလမ်းတစ်ခုသာရှိတယ်လို့ မရွှေဧရာကပြောပါတယ်။
ရဲဘော်တွေရဲ့ ဆေးကုသဖို့လိုအပ်ချက်တွေကို ကူညီထောက်ပံ့လိုတယ်ဆိုရင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း Facebook စာမျက်နှာ (ဓာတ်ပုံတွင်ပါရှိ) ကို ဆက်သွယ်နိုင်ပါတယ်။
ပုံစာ – ထိခိုက်ဒဏ်ရာရရှိထားသူများနှင့်စမ်းချောင်းပင်မသပိတ်စစ်ကြောင်း Facebook စာမျက်နှာ
ဓာတ်ပုံ – ယောဧရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#Dailynews

