၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Feature ဖြစ်ပါသည်။
စီဇံမျိုးကျော် ရေးသည်။
ရန်ကုန်(ဧပြီ၊ ၂၀၁၉)
ရုက္ခဗေဒ ဂုဏ်ထူးတန်းကျောင်းသူ မဖြူဖြူအောင် စီးလာတဲ့ ဝိုင်ဘီအက်စ် ၁၀မီနီဘတ်စ်ကား ဒဂုံတက္ကသိုလ် ကျောင်းဝင်းထဲကိုရောက်ပြီး ဂိတ်ဆုံး ရောက်ကာနီးမှာ ကားပေါ်ပါလာတဲ့ ကျောင်းသူတစ်ယောက်ရဲ့ ““ငါ့ပိုက်ဆံ အိတ်မရှိတော့ဘူး ခါးပိုက်နှိုက်ခံလိုက်ရ ပြီ””လို့ အော်သံကို ကြားလိုက်ရပါတယ်။
အဲဒီအချိန်မှာပဲ နောက်ထပ် ကျောင်းသူတစ်ယောက်က လည်း သူ့ပိုက်ဆံအိတ်လည်း အနှိုက်ခံလိုက်ရကြောင်း သူ့ကို လာ ပြောပါတယ်။ မဖြူဖြူအောင်လည်း စိတ်ထဲ မသင်္ကာဖြစ်သွားပြီး သူ့ရဲ့ ကျောပိုးလွယ်အိတ်ကို ပြန်စစ်လိုက်ချိန်မှာတော့ သူ့လွယ် အိတ်လည်းဇစ်ကွဲနေပြီး ဖုန်းရော ပိုက်ဆံအိတ်ပါ မရှိတော့ပါဘူး။
““အရမ်းကို ထူပူသွားတယ်။ အိမ်ကိုလည်း ပြန်ဆက်သွယ် လို့ မရ၊ ပိုက်ဆံနဲ့ အေတီအမ်ကတ်တွေပါ ပါသွားတော့ ဘာမှကို လုပ်လို့ မရတော့ဘူး”” လို့ မဖြူဖြူအောင်က လွန်ခဲ့တဲ့နှစ်လက ကြုံတွေ့ ခဲ့ရတဲ့ သူ့အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြပါတယ်။
မဖြူဖြူအောင် သတိထားလိုက်မိတာတစ်ခုက သူကားပေါ် တက်ပြီး သုံးမှတ်တိုင်လောက် အရောက်မှာ ဘေးသိုင်းလွယ်အိတ် တွေနဲ့ ယောကျ်ားလေးတွေ တက်လာပြီး သူ့ကို တိုးမိသလို ဖြစ် သွားတာကိုပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ လူတွေ အရမ်းကျပ်တာ ကြောင့် သူ့အိတ်ကိုထိမိနေတယ်လို့ပဲ ထင်ပြီး နောက်ကို လှည့် မကြည့်ဖြစ်တော့ပါဘူး။ အဲဒီအချိန်မှာပဲသူ့ကို လူတွေ အများ ကြီးက ဝိုင်းတိုးနေသလိုလည်း ခံစားမိတယ်လို့ မဖြူဖြူအောင်က ဆိုပါတယ်။
““အဲဒီအချိန်မှာပဲ အိတ်ကို နှိုက်သွားတာနဲ့တူတယ်””လို့ မဖြူဖြူအောင်က သူ့ထင်မြင်ချက်ကို ပြောပြပါတယ်။
အဲဒီနေ့က မဖြူဖြူအောင် အပါအဝင် ကျောင်းသူသုံး ယောက် ကားပေါ်မှာ ခါးပိုက်နှိုက်ခံလိုက်ရပေမယ့် ကားသမား ကိုသာ ခါးပိုက်နှိုက်ခံလိုက်ရကြောင်းပြောပြီး ရဲမတိုင်ဖြစ်လိုက် ဘူးလို့ မဖြူဖြူအောင်က ဆိုပါတယ်။ ရဲတိုင်လိုက်ရင်လည်း ဘာမှ မထူးဘူးလို့ ထင်တာကြောင့်မတိုင်ဖြစ်လိုက်ဘူးလို့ သူက ဆို ပါတယ်။
ရန်ကုန်မြို့မှာ ဘတ်စ်ကားလိုင်းတွေကို အဆင့်မြှင့်တင် လိုက်ပေမယ့် ခါးပိုက်နှိုက်မှုဖြစ်လာခဲ့ရင် ကျူးလွန်သူကို အရေး ယူဖို့ ခရီးသည်တွေ၊ ယာဉ်လိုင်းတွေနဲ့ ရဲတပ်ဖွဲ့ကြားထဲမှာ အလွယ်တကူ ပူးပေါင်းဆောင်ရွက်နိုင်မယ့် စနစ်တစ်ခု မရှိသေး တာကြောင့် ခါးပိုက်နှိုက်မှုတွေ အမြစ်မပြတ်သေးတာ ဖြစ် တယ်လို့ ခါးပိုက်နှိုက်မှုတွေကို ဖြေရှင်းပေးနေရတဲ့ ဝိုင်ဘီအက်စ် ယာဉ်လိုင်းတွေရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
““ခရီးသည်တွေက များသောအားဖြင့် မတိုင်ကြဘူး။ အဲဒီ လို မတိုင်တာက ခါးပိုက်နှိုက်ကို မွေးထားသလိုဖြစ်နေတယ်။ ပြီး တော့ ယာဉ်လိုင်းတွေမှာကလည်း စီစီတီဗီကွန်ရက်တစ်ခု တည် ဆောက်ပြီး ထိန်းချုပ်ရေးစင်တာတစ်ခုလုပ်၊ ပြီးရင် အမှုတစ်ခု ဖြစ်လာပြီဆို ရဲတပ်ဖွဲ့ကို အချိန်တိုအတွင်းမှာ အကြောင်းကြား နိုင်တဲ့စနစ်တစ်ခု ရှိရမှာ။ ဝိုင်ဘီအက်စ်မှာက အဲဒီစနစ်ကို အခုထိ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်”” လို့ လူထုမိတ်ဆွေယာဉ်လိုင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးကိုကိုနိုင်က ဆိုပါတယ်။
Photo-Ei Shwe Phyu YBS ကားတစ်စီးပေါ်တွင် ကပ်ထားသော ခါးပိုက်နှိုက်သတိပေးစတေကာ
ခါးပိုက်နှိုက်အန္တရာယ်
ခါးပိုက်နှိုက်တွေဟာ များသောအားဖြင့် အုပ်စုလိုက် လှုပ် ရှားလေ့ရှိပြီး လူအနည်းဆုံး သုံးယောက်ကနေ ငါးယောက်အထိ ပူးပေါင်းကာ ခါးပိုက်နှိုက်မယ့်သူ အထောက်အကူဖြစ်ဖို့ လူကာ ပေးတာ၊ နှိုက်လို့ရလာတဲ့ပစ္စည်းကို အိတ်ထဲ ထည့်ပေးတာတွေ လုပ်ပြီး ကျူးလွန်တတ်ကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့က ရဲမှူးအောင်ကျော်စိုးက ဆိုပါတယ်။ တစ်ယောက်တည်း နှိုက်တာတွေ ရှိပေမယ့် အလွန်နည်းတယ်လို့လည်း သူက ဆို ပါတယ်။
ခါးပိုက်နှိုက်တွေဟာ များသောအားဖြင့် လွယ်အိတ်၊ ကျောပိုးအိတ်တွေ လွယ်လေ့ရှိပြီး ခါးပိုက်နှိုက်မှု ကျူးလွန်တဲ့အခါ အဲဒီအိတ်တွေရဲ့ အောက်ကနေ လက်ကိုလျှိုပြီး နှိုက်လေ့ရှိသလို တချို့ ခါးပိုက်နှိုက်တွေဟာ ခဲတံချွန်ခေါက်ဓား၊ ဘရိတ်ဓားအကျိုး တွေနဲ့ ခရီးသည်တွေရဲ့ အိတ်ကို ခွဲပြီး နှိုက်တာ၊ ခရီးတွေ သတိ လက်လွတ်ဖြစ်နေချိန် အိတ်ကို ဇစ်ဖွင့်ပြီး နှိုက်တတ်ကြတယ်လို့ ရဲမှူးအောင်ကျော်စိုးက ပြောပါတယ်။
နောက်ထပ် ခါးပိုက်နှိုက်တွေ ကျင့်သုံးလေ့ရှိတဲ့ နည်းတွေ ကတော့ သူတို့ရဲ့ပစ်မှတ်ခရီးသည်ကို ခါးပိုက်နှိုက် အဖွဲ့ဝင်တွေထဲ က တစ်ယောက်က ထိုင်ခုံနေရာထပေးပြီး နောက်တစ်ယောက်က လူကွယ်ပေးကာ ခါးပိုက်နှိုက်တာ၊ ထိုင်ခုံမှာ ထိုင်နေတဲ့ ခါးပိုက် နှိုက်က သူရှေ့က ခရီးသည်ရဲ့ ပစ္စည်းတွေကို ကူညီကိုင်ပေးဟန် ဆောင်ပြီးတော့ ခရီးသည်ရဲ့ အိတ်ကို နှိုက်တာတွေ ပြုလုပ်လေ့ရှိ တယ်လို့ ရဲမှူးအောင်ကျော်စိုးက ဆိုပါတယ်။
ဒါ့အပြင် ထီးတွေနဲ့ ကာပြီးနှိုက်တာ၊ အနွေးထည်၊ စာ စောင်တွေနဲ့ ဘေးလူမမြင်အောင် အကာအကွယ်ယူပြီး ပြစ်မှု ကျူးလွန်တာအပြင် စီစီတီဗီ မြင်ကွင်းကို လူနဲ့ကာပြီး နှိုက်သွား တဲ့ အမှုတွေတောင် ရှိတယ်လို့ ခါးပိုက်နှိုက်မှု ဖြစ်စဉ်တော်တော် များများကို စီစီတီဗီကနေ ကြည့်ပြီး ဖြေရှင်းပေးနေရတဲ့ ယာဉ် လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ခါးပိုက်နှိုက်တွေဟာ နှိုက်မယ့်သူတွေကို ကားမှတ်တိုင်မှာ စတင်ရှာဖွေလေ့ရှိပြီး အလုပ်များနေတဲ့ သူတွေ၊ ကလေးပါတဲ့သူ တွေ၊ အထုပ်အပိုးများတဲ့သူတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ အလုပ်ကိစ္စတွေများပြီး မနိုင်ဝန်ဖြစ်နေတဲ့သူတွေကို ပစ်မှတ်ထား လေ့ရှိပါတယ်။
ဒါ့အပြင် ကိုယ့်ပစ္စည်းကို ဂရုမစိုက်ဘဲ အာရုံများနေတဲ့ သူတွေကိုလည်း ပစ်မှတ်ထားနှိုက်တတ်ကြပါတယ်။ များသော အားဖြင့် ကားပေါ် အတက်အဆင်းမှာ နှိုက်လေ့ရှိပြီး လကုန်ရက်နဲ့ လဆန်းရက်တွေမှာ ခါးပိုက်နှိုက်မှုတွေ ပိုပြီး ဖြစ်လေ့ရှိတယ်လို့ ရဲမှူး အောင်ကျော်စိုးက ပြောပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေ အစီးများတဲ့ တက္ကသိုလ် တွေဘက်ကို သွားတဲ့ ယာဉ်လိုင်းတွေပေါ်မှာ ဆိုရင် ကျောင်းသား လူငယ်အရွယ် ခါးပိုက်နှိုက်လေးတွေက နှိုက်လေ့ရှိပြီး ရုံးဆင်း၊ ရုံးတက် အလုပ်သမားခရီးသည်တွေ များတဲ့ ယာဉ်လိုင်းတွေမှာ ဆိုရင် အလုပ်သမားပုံစံဖမ်းပြီး ခါးပိုက်နှိုက်လေ့ ရှိပါတယ်။
သူတို့ဟာများသောအားဖြင့် အဝတ်အစားကို သန့်သန့် ပြန့်ပြန့်ဝတ်လေ့ရှိပြီး အချို့ခါးပိုက်နှိုက်တွေဆိုရင် ရှပ်အင်္ကျီ ကော်လံကတုံးနဲ့ ပုဆိုးကို ဝတ်ဆင်တတ်ကြတယ်လို့ ယာဉ်လိုင်း တာဝန်ခံတွေက ဆိုပါတယ်။
ခါးပိုက်နှိုက်မှု အဖြစ်များတဲ့ နေရာတွေကတော့ မြေနီကုန်း စမ်းချောင်းတစ်ဝိုက်က မှတ်တိုင်တွေ၊ ဘုရင့်နောင် ကမ်းနား လမ်းတစ်လျှောက်ကမှတ်တိုင်တွေ၊ ဆင်မလိုက်မှတ်တိုင်ကနေ သီရိမင်္ဂလာဈေးဟောင်းမှတ်တိုင် အထိ၊ တောင်ဒဂုံမြို့နယ် အဝင် က မှတ်တိုင်တွေ၊ တောင်ဥက်္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတနဲ့ လှိုင်သာယာဘက်က မှတ်တိုင်တွေမှာ အနှိုက်များတယ်လို့ အဲဒီ လမ်းကြောင်းတွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေရဲ့ တာဝန်ရှိသူ တွေက ဆိုပါတယ်။
အမှုအများဆုံးကတော့လူစီးအရမ်းများတဲ့ရန်ကုန်မြို့ တွင်း ပြေးဆွဲနေတဲ့ ဝိုင်ဘီအက်စ် ၅၆ နဲ့ ၅၈ လမ်းကြောင်းတွေ ဖြစ်ပါတယ်လို့ ယာဉ်လိုင်းတာဝန်ခံတွေက ဆိုပါတယ်။ စီစီတီဗီ မတပ်ဆင်ထားရသေးတဲ့ ကားလိုင်းတွေမှာလည်း အဖြစ်များ တယ်လို့ သူတို့က ပြောပါတယ်။
ခါးပိုက်နှိုက်မှုတွေဟာ ရဲတပ်ဖွဲ့က စီမံချက်နဲ့ နှိမ်နှင်းတဲ့ အချိန်မှာ ငြိမ်သွားလေ့ ရှိပေမယ့် စီမံချက် မရှိတော့တဲ့ အချိန် ဆိုရင် ပြန် ဖြစ်လေ့ရှိပါတယ်။ တစ်ခါတလေ ယာဉ်လိုင်းတစ်လိုင်း တည်းမှာတင် တစ်နေ့ကို ခါးပိုက်နှိုက်မှု နှစ်မှု သုံးမှု ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေရှိတယ်လို့ ဝိုင်ဘီအက်စ် ယာဉ်လိုင်း တာဝန်ရှိသူတွေ က ပြောပါတယ်။
ရဲမှူးအောင်ကျော်စိုးကတော့ စီမံချက်တွေက နေ့စဉ် ရှိနေ တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှာ ခါးပိုက်နှိုက်မှုတွေ ကို ဖမ်းဆီးဖို့ အထူးအဖွဲ့လေးဖွဲ့ ဖွဲ့စည်းထားပြီး ခါးပိုက်နှိုက်မှု များလေ့ရှိတဲ့ ယာဉ်လိုင်းတွေကို အလှည့်ကျ ရွေးချယ်ကာ ခရီး သည်အသွင်ယူ လိုက်ပါစီးနင်းပြီး ခါးပိုက်နှိုက်တွေကို ဖမ်းဆီးနေ တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့မှာ ကားလိုင်းပေါင်းတစ်ရာ လောက်ရှိပြီး ရဲတပ်ဖွဲ့အင်အား နည်းပါးတဲ့အတွက် ကားလိုင်း တိုင်းကိုတော့ အသွင်ယူ မဖမ်းဆီးနိုင်ဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဝိုင်ဘီအက်စ် ၃၂ ယာဉ်လိုင်း တစ်လိုင်းတည်းမှာ တစ်နေ့ကို ခါးပိုက်နှိုက်မှုနှစ်မှုလောက် ဖြစ် တာကြောင့် ခရီးသည်တွေကို ခါးပိုက်နှိုက် သတိထားဖို့ နှိုး ဆော်တဲ့အနေနဲ့ ယာဉ်လိုင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတိ ပေးတဲ့ စာတွေ တင်တာ၊ ယာဉ်မောင်းတွေကို ကားပေါ်မှာ လူတွေ ကျပ်လာခဲ့ရင် ခါးပိုက်နှိုက် သတိပေးဖို့ ဩန်ကြားချက်တွေ လုပ်ခဲ့ တယ်လို့ အဆိုပါယာဉ်လိုင်းရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးကိုကို နိုင်က ဆိုပါတယ်။
Photo-Season Myo Kyaw ရုံးတက်ချိန်တွင် ခရီးသည်များ ပြည့်ကျပ်နေ
မတိုင်ကြတဲ့ ခရီးသည်တွေ
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ဝိုင်ဘီ အက်စ် မစမီ မထသယာဉ်တွေ ပြေးဆွဲတဲ့ ၂၀၁၅၊ ၂၀၁၆ နှစ်နှစ် တွင်းမှာ ခါးပိုက်နှိုက်မှု ၉၈မှု ရှိခဲ့ပြီး ဝိုင်ဘီအက်စ် စတင်ပြီး လက် ရှိ နှစ်နှစ်ပြည့်တဲ့ အချိန်မှာ ခါးပိုက်နှိုက်မှု ၉၂ မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ စာရင်း တွေအရ ဝိုင်ဘီအက်စ် ဘတ်စ်ကားအဆင့် မြှင့်တင်လိုက်ပြီး နောက်ပိုင်းမှာလည်း ခါးပိုက်နှိုက်မှုတွေက သိသိသာသာ လျော့ ကျမသွားခဲ့ပါဘူး။
အဲဒီစာရင်းဟာလည်း ရဲတပ်ဖွဲ့ကို လာရောက်တိုင်ကြားတဲ့ တရားဝင်စာရင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို မတိုင်ကြားဘဲ ယာဉ်လိုင်း တွေကိုသာ လာရောက်တိုင်တန်းတဲ့ အမှုတွေ များစွာရှိတယ်လို့ ယာဉ်လိုင်း တာဝန်ရှိသူတွေက ဆိုပါတယ်။
ယာဉ်လိုင်းခြောက်လိုင်းရှိတဲ့ Omni Focus ကုမ္ပဏီတစ်ခု တည်းမှာတင် ခါးပိုက်နှိုက်ခံရမှု တစ်လကိုပျမ်းမျှ ငါးမှုလောက် လာရောက် တိုင်ကြားလေ့ပြီး ယာဉ်လိုင်း စတင်ကာစတုန်းကဆို ရင် ဖြစ်စဉ်တွေက အခုထက် ပိုများတယ်လို့ အဆိုပါ ယာဉ်လိုင်းရဲ့ Control Center မန်နေဂျာ ဦးအုပ်ကျော်စိုးက ဆိုပါတယ်။
ခါးပိုက်နှိုက်ခံရတဲ့ ခရီးသည်အများစုက ရဲနဲ့ မပတ်သက် ချင်တာ၊ အလုပ်မအားတာတွေကြောင့် များသောအားဖြင့် အမှု မဖွင့်လိုကြဘူးလို့ သူက ပြောပါတယ်။ သူတို့ယာဉ်လိုင်းမှာ ခါး ပိုက်နှိုက်မှု ၁၀မှုဖြစ်ခဲ့ရင် လေးမှုလောက်သာရဲတိုင်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ခရီးသည်တွေ လာရောက်တိုင်ကြားတဲ့အခါ ခါး ပိုက်နှိုက်ခံရတဲ့ ကားနံပါတ်မမှတ်မိတာ၊ အချိန်မသိတာ၊ နေရာ မသိတာတွေကြောင့်လည်း စီစီတီဗီ စစ်ဆေးရတဲ့အခါ ခန့်မှန်းပြီး ကားတွေကို စစ်ရတဲ့အတွက် အချိန်ကြာပြီး မထိရောက်တဲ့ ဖြစ် ရပ်တွေလည်း ရှိတယ်လို့ ဦးအုပ်ကျော်စိုးက စီစီတီဗီ စစ်ဆေး ရတဲ့ သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
ဒါပေမဲ့ သူတို့ယာဉ်လိုင်းတွေအနေနဲ့ ကားပေါ်မှာ ခါးပိုက် နှိုက်ခံရပြီလို့ ခရီးသည်က ပြောလာခဲ့ရင် ယာဉ်မောင်းတွေကို ရဲစခန်း ချက်ချင်းမောင်းခိုင်းထားပြီး ရဲစခန်းရောက်တာနဲ့ စီစီ တီဗီ ပြန်စစ်ပေးတာတွေ လုပ်ပေးဖို့ စီစဉ်ထားတယ်လို့ သူက ဆိုပါတယ်။
ဝိုင်ဘီအက်စ် ၃၆ ယာဉ်လိုင်းပေါ်မှာ ခါးပိုက်နှိုက်ခံရပြီး ပိုက်ဆံအိတ်၊ ဖုန်း၊ မှတ်ပုံတင်နဲ့ ဘဏ်ကတ်တွေ ပါသွားတဲ့ အသက် ၂၄ နှစ်အရွယ် ရုံးဝန်ထမ်း မဇွန်ပွင့်အောင်ကတော့ ခါး ပိုက်နှိုက်ခံလိုက်ရတာကို သိသိချင်း အော်ပြောဖို့လည်း ရှက်တာ ကြောင့် မအော်ဖြစ်ဘူးလို့ သူက ပြောပါတယ်။
သူ ခါးပိုက်နှိုက်ခံရတာ သိတဲ့အချိန်ဟာ ဆူးလေကားဂိတ် ကို ရောက်ခါနီးပြီဖြစ်တာကြောင့် ကားဂိတ်ရောက်မှသာ ယာဉ် မောင်းကို ခါးပိုက်နှိုက်ခံရကြောင်း သွားပြောခဲ့ပါတယ်။ ယာဉ် မောင်းက ခါးပိုက်နှိုက်ခံရတာ သိသိချင်း လာပြောရင် ရဲစခန်းကို တန်းမောင်းသွားပေးလို့ ရပေမယ့် အခုတော့ ရဲစခန်းမှာ အမှု သွားဖွင့်ပြီး သူ့တို့ရဲ့ ရုံးချုပ်မှာ စီစီတီဗီမှတ်တမ်းကို သွားရောက် စစ်ဆေးနိုင်တယ်လို့ မဇွန်ပွင့်အောင်ကို ပြောပါတယ်။
““တစ်ခါမှ မဖြစ်ဖူးတာကြောင့် ဖြစ်ဖြစ်ချင်း အရမ်းလန့် သွားတယ်။ တစ်ယောက်တည်း ဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ ရဲတိုင်ရင်လည်း အလုပ်ရှုပ်ဦးမှာ။ ပြန်ရ မရဆိုတာလည်း မသေချာလို့ မတိုင်ဖြစ်တော့ဘူး”” လို့ မဇွန်ပွင့်အောင်က သူ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
ခါးပိုက်နှိုက်ခံရလို့ ပါသွားတဲ့ ဘဏ်ကတ်တွေနဲ့ မှတ်ပုံတင် ပြန်လျှောက်ရတာ အလုပ်ပျက် အကိုင်ပျက်ဖြစ်ရပြီး မှတ်ပုံတင် ပျောက်သွားတာကြောင့်လည်း မိသားစု ခရီးစဉ်တစ်ခုကို မသွား ဖြစ်တော့ဘူးလို့ သူက ပြောပါတယ်။ အခုနောက်ပိုင်းတော့ လိုင်း ကားတိုးစီးတိုင်း စိတ်လွတ်ကိုယ်လွတ် မစီးရဲတော့ဘဲ ကိုယ့် နောက်ကို သူများလာရပ်ရင် သတိထားနေရတယ်လို့ သူက ဆိုပါတယ်။
Omni Focus ယာဉ်လိုင်းက ဦးအုပ်ကျော်စိုးကတော့ ခရီးသည်တွေ ခါးပိုက်နှိုက်ခံခဲ့ရရင် ရဲကို တိုင်ဖြစ်အောင်တိုင် စေချင်တယ်လို့ဆိုပါတယ်။ ခရီးသည်တွေ အနေနဲ့ ရဲကို တိုင်ခဲ့လို့ အမှုဖြစ်လာပြီဆိုရင် သူတို့ ကုမ်္ပဏီဘက်ကပါ စီစီတီဗီ စစ်ပေး မယ့်အပြင် လိုအပ်လာခဲ့ရင် သက်သေအဖြစ် လိုက်ပါ ဆောင်ရွက် ပေးမယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဆိုရင် Omni Focus ကုမ္ပဏီပိုင် ၂၀ ယာဉ်လိုင်းကို စီးလာတဲ့ မိန်းကလေးတစ်ယောက် က မြေနီကုန်း ရွှေမန်းမှတ်တိုင်နားမှာ သူ ခါးပိုက်နှိုက်ခံရကြောင်း သူ့ကို ခါးပိုက်နှိုက်တဲ့ သူတွေလည်း ယာဉ်ပေါ်မှာ ရှိနေကြောင်း ယာဉ်မောင်းကို လာရောက်အကြောင်းကြားခဲ့ပါတယ်။
ခရီးသည် မိန်းကလေးက ယာဉ်မောင်းကို အကြောင်းကြား နေချိန်မှာ ခါးပိုက်နှိုက်လို့ ယူဆရတဲ့သူက ယာဉ်မောင်းနဲ့ ခရီး သည် မိန်းကလေးအနားကို ရောက်လာပြီး ဆဲဆိုကြိမ်းမောင်းကာ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ယာဉ်မောင်းကိုပါ ကား တံခါးဖွင့်ခိုင်းပြီး သူတို့လူ အုပ်စု ၁၅ ယောက်ပါကြောင်း သတ်္တိရှိ ရင် ချလို့ရကြောင်း ယာဉ်မောင်းနဲ့ ခရီးသည် မိန်းကလေးကို ကြိမ်းမောင်းပြီး ကားပေါ်က ဆင်းသွားခဲ့ပါတယ်။
ယာဉ်မောင်းဖြစ်သူက ဖြစ်စဉ်ကို လာရောက် သတင်းပို့ တာကြောင့် Omni Focus ကုမ္ပဏီက တရားလိုလုပ်ပြီး ရဲစခန်း ကို တိုင်ကြားခဲ့တယ်လို့ ဦးအုပ်ကျော်စိုးက ဆိုပါတယ်။ ခါးပိုက် နှိုက်က ခရီးသည် မိန်းကလေးကို ဆဲဆိုခြိမ်းခြောက်နေတဲ့ စီစီ တီဗီမှတ်တမ်းကို ရဲစခန်းကို သက်သေအဖြစ် ပေးလိုက်ပြီး နှစ်လ လောက်အကြာမှာတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းမိခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီလို ပြစ်မှုကျူးလွန်သူကို စီစီတီဗီ မှတ်တမ်း ကနေ ကြည့်ပြီး ဖမ်းဆီးနိုင်ခဲ့တဲ့ အမှုတွေ ရှိတာကြောင့် ခရီးသည် တွေအနေနဲ့ ရဲကို တိုင်ကြားသင့်တယ်လို့ ဦးအုပ်ကျော်စိုးက ဆိုပါတယ်။
မော်ကွန်းက မေးမြန်းခဲ့တဲ့ လူထုမိတ်ဆွေ၊ Power Eleven ၊ YUPT (Yangon Urban Public Transportation Public.,Ltd) စတဲ့ ကုမ္ပဏီတွေရဲ့ ယာဉ်လိုင်းတွေမှာလည်း ခါးပိုက် နှိုက်ခံရကြောင်း တိုင်ကြားမှုတွေ တစ်နှစ်ကို ရာနဲ့ချီပြီး ရှိပေမယ့် လေးပုံတစ်ပုံလောက်ကသာ ရဲတိုင်ကြတယ်လို့ အဆိုပါ ယာဉ် လိုင်းတွေရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
လိုအပ်ချက်တွေ ရှိနေသေးတဲ့ ဘတ်စ်ကားတွေ
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၈ စာရင်းတွေ အရ ဝိုင်ဘီအက်စ်ကားပေါင်း ၆,၅၅၀ရှိပြီး တစ်ရက်ကို ဝိုင်ဘီ အက်စ် ယာဉ်ပေါင်း ၄,၅၂၇စီး ပျမ်းမျှ ပြေးဆွဲနေတယ်လို့ ဆိုပါ တယ်။ တစ်ရက်ကို ခရီးသည်ပေါင်း ၁ ဒဿမ ၈ သန်းကျော်က ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွေကို စီးနင်းအသုံးပြုနေတယ်လို့လည်း အဆိုပါစာရင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိ ဝိုင်ဘီအက်စ် ယာဉ်လိုင်းအားလုံးရဲ့ ၄၀ ရာခိုင်နှုန်း ကသာ စီစီတီဗီ ကင်မရာတွေ တပ်ဆင်ထားပြီး ကျန်တဲ့ကားတွေ ဟာ ကားနဲ့ စီစီတီဗီဆော့ဖ်ဝဲစနစ် မကိုက်ညီတာ၊ စီစီတီဗီ တပ် ဆင်ဖို့ အရင်းအနှီး မလိုက်နိုင်သေးတာတွေကြောင့် မတပ်ဆင် နိုင်သေးဘူးလို့ ဝိုင်ဘီအက်စ် ၂၁၊ ၃၉၊ ၄၁ ကားတွေကို တာဝန်ယူ ပြေးဆွဲနေတဲ့ Power Eleven ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ကိုတရုတ်လေးက ဆိုပါတယ်။
စီစီတီဗီ တပ်ဆင်ထားတဲ့ ဘတ်စ်ကားတွေမှာလည်း ကား အတွင်းခန်းမှာ ကင်မရာနှစ်လုံးလောက်သာ တပ်နိုင်တာကြောင့် ကားရဲ့ နေရာစုံကို မြင်နိုင်ဖို့ ခဲယဉ်းတယ်လို့ သူက ပြောပါတယ်။ အရမ်းလူကျပ်တဲ့ အချိန်တွေမှာဆိုရင် ခရီးသည်တွေရဲ့ ပခုံးနား လောက်ကိုသာ မြင်ရတဲ့အတွက် ခါးပိုက်နှိုက်မှု ဖြစ်လာခဲ့ရင် တောင် သေချာမြင်နိုင်ဖို့ မလွယ်ဘူးလို့ သူက ဆိုပါတယ်။
အမှန်တကယ်ဆိုရင် ကားတစ်စီးရဲ့ အတွင်းပိုင်းမှာ စီစီတီဗီ သုံးလုံးကနေ လေးလုံးအထိ တပ်ဆင်မှသာ ကားတစ်စီးလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ ဖြစ်ပြီး သူ့ယာဉ်လိုင်းမှာ ငွေကြေး အခက်အခဲကြောင့် စီစီတီဗီတွေ အပြည့်အစုံ မတပ်ဆင်နိုင် သေးပါဘူးလို့ ကိုတရုတ်လေးက ဆိုပါတယ်။
ဒါ့အပြင် ဝိုင်ဘီအက်စ်ယာဉ်တွေကို ထိန်းချုပ်နိုင်ဖို့ Control-Center တွေ တည်ဆောက်ထားပေမယ့်လည်း နည်းပညာ ပိုင်းမှာ မြန်မာနိုင်ငံက အခုမှစသလို ဖြစ်နေတဲ့အတွက် ခါးပိုက် နှိုက်မှုတွေ ဖြစ်လာတဲ့အခါ ကားပေါ်က စီစီတီဗီကို ဃသညအမသူ ဃနညအနမ ကနေ ချက်ချင်း ကြည့်နိုင်ဖို့ဆိုတာ အနည်းဆုံး အချိန် ရှစ်လလောက် လိုသေးတယ်လို့ ကိုတရုတ်လေးက ဆိုပါတယ်။
ခါးပိုက်နှိုက်ရန် ကာကွယ်ဖို့ဆိုရင်
လူထုမိတ်ဆွေယာဉ်လိုင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးကို ကိုနိုင်ကလည်း ယာဉ်လိုင်းအားလုံးမှာ အဆင့်မီ စီစီတီဗီတွေ တပ်ထားသင့်ပြီး အဲဒီလို တပ်ထားတာဟာ ပြည်သူတွေကို ဝန်ဆောင်မှုပေးတာဖြစ်သလို ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကူညီရာ ရောက်တယ်လို့ ပြောပါတယ်။
““ကားတိုင်းမှာသာ ပြတ်သားထင်ရှားတဲ့ စီစီတီဗီတွေ တပ်ဆင်ထားမယ်ဆိုရင် ခါးပိုက်နှိုက်တွေ နှိုက်ရဲမှာ မဟုတ်တော့ ဘူး၊ နှိုက်တိုင်းမိနေတော့မှာ””လို့ ဦးကိုကိုနိုင်က ဆိုပါတယ်။
ဒါ့အပြင် ခရီးသွားပြည်သူတွေကို ခါးပိုက်နှိုက်ရန်ကနေ ကာကွယ်ဖို့ ဝိုင်ဘီအက်စ်ကားတွေပေါ်မှာ စီစီတီဗီတပ်တာနဲ့တင် မလုံလောက်ဘဲ ရန်ကုန်မြို့မှာရှိတဲ့ ကားမှတ်တိုင်တိုင်းနီးပါးမှာ စီစီတီဗီကင်မရာတွေ တပ်ဆင်ထားသင့်တယ်လို့ဆိုပါတယ်။
ကားမှတ်တိုင်က စီစီတီဗီကင်မရာတွေ၊ ကားပေါ်က စီစီ တီဗီကင်မရာတွေကို ယာဉ်လိုင်းတွေရဲ့ Control Center တွေနဲ့ ချိတ်ဆက်ထားပြီး ကားမှတ်တိုင်တွေနဲ့ ယာဉ်လိုင်းတွေကို စောင့် ကြည့်နေမယ် ဆိုရင် ကားမှတ်တိုင်မှာ ခါးပိုက်နှိုက် ပြစ်မှုကျူးလွန် ခဲ့ဖူးသူတွေ ရှိနေတဲ့အခါ၊ ခါးပိုက်နှိုက်ပြီး ဆင်းသွားတဲ့အခါ နီး စပ်ရာ ရဲတပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး အကြောင်းကြားနိုင်မှာ ဖြစ် တယ်လို့ ဦးကိုကိုနိုင်က ဆိုပါတယ်။
အဲဒီလိုဆိုရင် ခါးပိုက်နှိုက်မှုတွေ တော်တော် နည်းသွားနိုင် တယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့က ကားမှတ်တိုင် တွေဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လက် အောက်မှာ ရှိတာဖြစ်ပြီး စီစီတီဗီ တပ်ဆင်တာကို ခွင့်မပြုသေး တာကြောင့် ဒီစနစ်ကို အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဦးကိုကိုနိုင်က ဆိုပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာ ကား မှတ်တိုင်တွေ အဆင့်မြှင့်တင်ဖို့ အခြားကုမ္ပဏီတစ်ခုကို လုပ် ကိုင်ခွင့် ပေးခဲ့တာကြောင့် စီစီတီဗီတွေကို အခုလောလောဆယ် တပ်ဆင်လို့မရသေးတာ ဖြစ်တယ်လို့ ဦးကိုကိုနိုင်က ပြောပါတယ်။
Power Eleven ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ကိုတရုတ်လေးကတော့ ဘတ်စ်ကားတွေပေါ်မှာ စီစီတီဗီ တပ်ထားခဲ့ရင် လူတွေထင်သာ မြင်သာရှိတဲ့ နေရာမှာ “အများပြည်သူလုံခြုံရေးအတွက် စီစီတီဗီ ကင်မရာ တပ်ဆင်ထားသည်”ဆိုတဲ့ စတေကာတွေကို တပ်ဆင် ထားခြင်းအားဖြင့် ခါးပိုက်နှိုက်တွေကို အနည်းငယ် ရှိန်သွားစေ ပြီး ခါးပိုက်နှိုက်မှုတွေကို ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။
နောက်ထပ် နည်းလမ်းတစ်ခုကတော့ ကားတိုင်းမှာ အရေးပေါ်ကိစ္စတွေအတွက် သီးသန့် ရည်ရွယ်ထားတဲ့ ဘဲလ်လေး တွေ တပ်ဆင်ထားသင့်တယ်လို့ သူက ပြောပါတယ်။ ကားပေါ်မှာ ခါးပိုက်နှိုက်ခံနေရရင် ဒါမှမဟုတ် ခါးပိုက်နှိုက်နေတာကို တွေ့ရင် အဲဒီ ဘဲလ်လေးကို နှိပ်လိုက်ပြီး ယာဉ်မောင်းကို အသိပေးနိုင်တဲ့ စနစ်လေးတစ်ခုကို လုပ်ဆောင်ထားနိုင်မယ်ဆိုရင်လည်း ခါးပိုက် နှိုက်မှုတွေကို လျှော့ချနိုင်မှာဖြစ်တယ်လို့ ကိုတရုတ်လေးက ဆို ပါတယ်။
အရေးပေါ် ဘဲလ်တပ်ဆင်တာဟာ စီစီတီဗီ ကင်မရာတွေ တပ်တာလောက် ငွေအကုန်အကျမများတဲ့အပြင် အလွယ်တကူ တပ်ဆင်လို့ရတာကြောင့် လက်ရှိ ဝိုင်ဘီအက်စ် ကားတွေမှာ ခါး ပိုက်နှိုက်မှု ကျဆင်းရေးအတွက် လုပ်ကိုလုပ်ဆောင်သင့်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ခါးပိုက်နှိုက်နဲ့ ပတ်သက်တဲ့ ပညာပေး ရုပ်သံ အစီ အစဉ်တွေ၊ ခါးပိုက်နှိုက်တွေရဲ့ သဘောသဘာဝတွေကို ပြည်သူကို အသိပေးတဲ့ စကားဝိုင်းလေးတွေလည်း ပြုလုပ်ခြင်းအားဖြင့် ခါး ပိုက်နှိုက်မှုတွေကို လျှော့ချနိုင်တယ်လို့ ကိုတရုတ်လေးက ဆိုပါတယ်။
လူထုမိတ်ဆွေယာဉ်လိုင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးကို ကိုနိုင်ကတော့ ခရီးသည်တွေအနေနဲ့လည်း မိမိရဲ့တန်ဖိုးရှိတဲ့ ပစ္စည်းအားလုံးကို ကိုယ့်မျက်စိနဲ့ မြင်နိုင်မယ့်အရှေ့ဘက်မှာ ထားသင့်တယ်လို့ ဆိုပါတယ်။ အကယ်၍ လူတစ်ယောက်က လွန် လွန်ကဲကဲ ဖိလာတာဖြစ်စေ၊ လူနှစ်ယောက်သုံးယောက်က ကိုယ့် အနားကို လာပြီး တံတောင်နဲ့ တိုက်တာ၊ တိုးတာတွေ လုပ်လာ တာဖြစ်စေ သတိလက်လွတ်မနေသင့်ဘူး။
မိန်းကလေးတွေအနေနဲ့လည်း ဆလင်းဘတ်အိတ်တွေ၊ ပိုက်ဆံအိတ်တွေကို အလွယ်တကူ ဘေးမှာ မထားဘဲ လက်တစ် ဖက်နဲ့ အိတ်ကို အရှေ့ဘက် ဆွဲထားမယ်ဆိုရင် ခါးပိုက်နှိုက်တာကို ကာကွယ်ရာ ရောက်တယ်လို့ ဆိုပါတယ်။
တရားဥပဒေ အကြံပေးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်က တော့ ခါးပိုက်နှိုက်တွေကို ရာဇသတ်ကြီး ပုဒ်မ ၃၇၉ အရ အမြင့် ဆုံး ထောင်ဒဏ်သုံးနှစ် ချလို့ရပေမယ့်လည်း တရားသူကြီးတွေက များသောအားဖြင့် တစ်နှစ်သာချတဲ့အတွက် ပြစ်ဒဏ်မထိရောက် သလို ဖြစ်နေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ခါးပိုက်နှိုက်မှု ကျူးလွန်သူတွေဟာ ပြစ်မှုဟောင်း ရှိခဲ့ဖူးတဲ့သူတွေ ဖြစ်တဲ့အတွက် တရားသူကြီးတွေနဲ့ မျက်မှန်း တန်းမိနေပြီး တရားသူကြီးတွေက နှုတ်နဲ့ ပြောဆိုဆုံးမကာ သက် ညှာတဲ့ ပြစ်ဒဏ်တွေသာ အများဆုံး ချလေ့ရှိတာကြောင့် ခါးပိုက် နှိုက်တွေဟာ ထောင်ထဲ ဝင်လိုက်၊ ပြန်ထွက်လာရင် ပြစ်မှုပြန် ကျူးလွန်လိုက်နဲ့ သံသရာလည်နေတယ်လို့ ဆိုပါတယ်။ အမှန် တကယ်တော့ ခရီးသွားပြည်သူတွေ လုံခြုံရေးအတွက် ခါးပိုက် နှိုက် ကျူးလွန်တဲ့သူတွေကို အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်သင့် တယ်လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ဒုတိယဩန်ကြား ရေးမှူးချုပ်(အငြိမ်းစား) ဦးခင်မောင်ထွန်းကတော့ တရားသူကြီး တွေအနေနဲ့ ပထမဦးဆုံး ပြစ်မှုကျူးလွန်တဲ့သူတွေကိုသာ သက် ညှာတဲ့ ပြစ်ဒဏ်ပေးလေ့ရှိပြီး ပြစ်မှု မကြာခဏ ကျူးလွန်တဲ့ သူ တွေတော့ ထိုက်သင့်တဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေးလေ့ရှိတယ် လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ ခါးပိုက်နှိုက်တွေ ပပျောက်သွားဖို့ အတွက် စီမံချက်တွေ ဆောင်ရွက်တာ၊ ယာဉ်လိုင်း လုံခြုံရေးစနစ် တွေ မြှင့်တင်တာ၊ ခါးပိုက်နှိုက်တွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်တာတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီး မလုပ်နိုင်သေးခင်မှာ တော့ မဖြူဖြူအောင်တို့လိုကျောင်းသူလေးတွေ အပါအဝင် နေ့ စဉ် ဘတ်စ်ကားစီးပြီး ခရီးသွားနေတဲ့ ရန်ကုန်မြို့က ခရီးသည် တွေဟာ မလုံမခြုံ ခရီးဆက်နေရဆဲပါပဲ။
Photo-Ei Shwe Phyu Omni Focus ယာဉ်ရပ်နားကွင်း