၂၀၁၄၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂) မှ သတင်းဆောင်းပါးဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။
မော်ကွန်းစာဖတ်ပရိသတ်တွေကို ထူးခြားတဲ့ မင်္ဂလာ အထိမ်းအမှတ်ပွဲတစ်ခုအကြောင်း ပြောပြချင်တယ်။ အဲဒီမှာ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ မြင်ကွင်းမျိုးကို တွေ့ခဲ့ရတယ်။ အဲဒီ နေ့က မတ်လ ၂ ရက်နေ့။ တနင်္ဂနွေနေ့။
ရန်ကုန်မြို့၊ Excel Tower ဆယ်ထပ်ကို ဓာတ်လှေကားနဲ့ တက်ပြီး အဲဒီကိုရောက်တာနဲ့ မင်္ဂလာခန်းမကြီးကို မြင်တွေ့လိုက် ရတယ်။ ဟောဟိုက မင်္ဂလာစင်မြင့်ကို လှမ်းကြည့်လိုက်တော့ စင်မြင့်ထက် ငွေရောင်ကန့်လန့်ကာပေါ်က အပြာရောင်စာလုံးလေး တွေက ထူးဆန်းနေတယ်။
ဘာလို့လဲဆိုတော့ အဲဒီအပြာရောင် စာလုံးလေးတွေကို ဖတ်ကြည့်တဲ့အခါမှာ ”ကိုမျိုးမင်းထက် (Project Manager) နှင့် ကိုတင်ကိုကို (Coordinator) တို့၏ ဆယ်နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်”ဆိုတဲ့ စာလုံးတွေ ဖြစ်နေလို့ပါပဲ။ မြန်မာနိုင်ငံမှာ တစ်ခါမှ ဒါမျိုးမတွေ့ဖူးပါဘူး။
မင်္ဂလာဆောင်တာတို့၊ မင်္ဂလာအခမ်းအနားပြုလုပ်တာတို့ မှာ ကြည့်လိုက်ရင် အမျိုးသားနဲ့ အမျိုးသမီးမောင်မယ်ကိုပဲ မြင် တွေ့ခဲ့ကြရတာပဲမို့လား။ ဒီတစ်ခါဟာ အမျိုးသားအချင်းချင်း၊ တစ်နည်းအားဖြင့် လိင်တူချစ်သူအချင်းချင်းတို့ရဲ့ လူသိရှင်ကြား မင်္ဂလာအထိမ်းအမှတ်ပွဲ ပြုလုပ်တာဖြစ်ပါတယ်။
အဲ…ပြောရင်းဆိုရင်း ဟောဟိုမှာ မင်္ဂလာ ‘မောင်မောင်’နှစ်ဦး လက်ချင်းတွဲလို့ မင်္ဂလာခန်းမထဲကို ဝင်ရောက်လို့လာပါပြီ။ အဆိုတော်ဝိုင်းလမင်းအောင်ရဲ့ မင်္ဂလာတေးသီချင်းကလည်း လွင့်ပျံလာတယ်။ ခန်းမထဲက လူတွေဆိုတာ တစ်ခဲနက် လက်ခုပ် သြဘာတွေ ပေးနေလိုက်ကြတာ။
စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုတို့ကို သူတို့ရဲ့ မျက်နှာပေါ်မှာ ပန်ဆင်ထားကြတဲ့ မင်္ဂလာ’မောင်မောင်’နှစ်ဦးဟာ တဖြည်း ဖြည်းချင်းနဲ့ မင်္ဂလာစင်မြင့်ပေါ်ကို ရောက်ရှိလို့လာပါပြီ။
အစီအအစဉ်အရ မင်္ဂလာပန်းကုံး ချီးမြှင့်တယ်။ မင်္ဂလာ လက်စွပ်ဝတ်ကြတယ်။ ပြီးတော့ နှစ်ယောက်သား မင်္ဂလာကိတ် မုန့်ကို အတူလှီးကြတယ်။ လှီးတဲ့အချိန်နဲ့ အံကိုက် Rဇာနည်နဲ့ ဝိုင်းစုခိုင်သိန်းရဲ့ ‘လိုက်ဖက်တဲ့ဘဝ’ သီချင်းက ထွက်ပေါ်လာပါ တယ်။ အောက်က ပရိသတ်တွေကလည်း လက်ခုပ်သံတွေက တဖြောင်းဖြောင်းတီးလို့။
မင်္ဂလာဝိုင်ကို မင်္ဂလာမောင်မောင်တို့ သောက်အပြီးမှာ တော့ အစီအစဉ်ကြေညာသူက စကားတစ်ခွန်းကို တောင်းဆို လိုက်သံကြားလိုက်ရတယ်။ ပရိသတ်တွေကလည်း အကုန် တဟေးဟေးနဲ့ ပွဲကျကုန်တယ်။
အဲဒါကတော့ သူတို့နှစ်ဦးကို မင်္ဂလာအနမ်း ခြွေခိုင်းတာပါ ပဲ။ တစ်ယောက်တစ်လှည့် ပါးကိုအနမ်းခြွေလိုက်တဲ့ အချိန်မှာပဲ လက်ခုပ်သံတွေက တဖြောင်းဖြောင်းနဲ့။ ဖြိုးကြီးနဲ့ ကြိုးကြာတို့ရဲ့ ‘သူသိပါကွယ်’သီချင်းကလည်း အံကိုက်ပဲ။
တစ်အောင့်နေတော့ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ လူ့ အခွင့်အရေးနှင့် ပညာပေးရေးဌာန – မြန်မာနိုင်ငံ (Human Rights Education Institute of Burma) က ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကလည်း မင်္ဂလာစကားကို ပြောပါပြီ။
”ဆယ်နှစ်တာ လက်တွဲထားတဲ့သူနှစ်ယောက် လူတွေရှေ့ မှာ အသိအမှတ်ပြုတဲ့ မင်္ဂလာပါ။ နောက်တစ်ခုကတော့ ကျွန် တော်တို့ဆီမှာ အလွန်တွေ့ရခဲတဲ့ အမျိုးသားနှစ်ဦးရဲ့ သူတို့ရဲ့ သစ္စာမဏ္ဍိုင်တွေကို လူတွေရှေ့မှာ ရှေ့ဆက်လက်တွဲဖို့အတွက် သစ္စာပြုတဲ့အတွက် မင်္ဂလာရှိတဲ့ အခမ်းအနားလေးဖြစ်ဖို့အတွက် ကျွန်တော်မျှော်လင့်ပါတယ်။
”ဆယ်နှစ်တာ ဖြတ်သန်းရုံတင်မကဘဲနဲ့ ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းကြားထဲမှာ အထင်အမြင်မှားနေကြတဲ့ ကျွန်တော်တို့အပေါ်မှာ အမြဲတမ်း အထူးအဆန်းအဖြစ်မြင်နေကြတဲ့ ပတ်ဝန်းကျင်ကိုလည်း ပြန်ပြီး စိန်ခေါ်လိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။
”ကျွန်တော်တို့တွေအနေနဲ့က ထူးခြားတဲ့လူသားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း ချစ်တတ်တဲ့စိတ်တွေ ရှိပါ တယ်။ တစ်ယောက်နဲ့ တစ်ယောက်သစ္စာရှိမှုတွေ ရှိပါတယ်။ ကျွန် တော်တို့ချစ်ခြင်းက မင်္ဂလာတရား ဖြစ်ပါတယ်။ အကြမ်းဖက်မှု မုန်းတီးမှုသာ အမင်္ဂလာတရားဖြစ်ပါတယ်”
မင်္ဂလာပွဲတက်ရောက်သူတွေ အများစုကို ကြည့်လိုက် တော့ လိင်တူချစ်သူအများစုကို တွေ့ရပါတယ်။ သူတို့အနေနဲ့က တော့ ဒီပွဲကို အားကျတယ်လို့ဆိုပါတယ်။
”သူတို့အပေါ်ကိုတော့ အားကျပါတယ်။ ချီးလည်း ချီးကျူး တယ် အားလည်း ကျတယ် ။ ဘာပဲဖြစ်ဖြစ် လူတိုင်းမလုပ်ရဲတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ရဲတယ်ဆိုတော့ ချီးကျူးပါ တယ်။ အားလည်းအားကျတယ်”လို့ ကိုတင်ကိုကိုရဲ့ သူငယ်ချင်း လည်း ဖြစ်သူ၊ သူကိုယ်တိုင်ကလည်း လိင်တူချစ်သူတစ်ဦးဖြစ် ကြောင်း ဝန်ခံထားတဲ့ ကိုသန့်ဇင်က ဆိုပါတယ် ။
ဟောဟိုမှာ ကိုတင်ကိုကို တစ်ခုခုပြောတော့မယ်။
”ဒီလိုမျိုးဖြစ်လာဖို့အတွက် အများကြီးကြိုးစားခဲ့ရပါ တယ်။ အခက်အခဲတွေ အများကြီးကြားထဲက နားလည်မှုတွေ လည်း အများကြီး တည်ဆောက်ခဲ့ရပါတယ်”
ဒီမင်္ဂလာ အထိမ်းအမှတ်ပွဲကတော့ မြန်မာနိုင်ငံမှာ ပထမ ဦးဆုံးဖြစ်တဲ့ လိင်တူချင်း လူသိရှင်ကြားပြုလုပ်တဲ့ အထိမ်းအမှတ် ပွဲပဲ ဖြစ်ပါတယ်။ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုတို့နှစ်ဦးဟာ အတူ နေထိုင်လာတာ ဆယ်နှစ်ရှိပြီဖြစ်ပြီး ဒီကနေ့မှ လူသိရှင် ကြား ပြုလုပ်တာဖြစ်ပါတယ်။
ဒီလိုပြုလုပ်တဲ့ပွဲကို နောက်နေ့ထုတ် သတင်းစာတွေမှာ သတင်းထူးအဖြစ် ဖော်ပြလာကြပါတယ်။ ဖော်ပြပြီးနောက်ပိုင်း မှာတော့ ပြည်သူလူထုများအကြား ဝေဖန်မှုတွေ ပျံ့နှံ့လာခဲ့ပါ တယ်။ လက်မခံသူများရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချမှုတွေနဲ့ လက်ခံနိုင်သူတွေရဲ့ အမြင်ကွဲပြားမှုတွေကို လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Facebook ပေါ်မှာ တွေ့ရပါတယ်။
မြောက်ဒဂုံမှာနေပြီး တက္ကစီမောင်းတဲ့ အသက် ၂၇ နှစ် အရွယ် ကိုညီညီဇော်ကတော့ သူ့အနေနဲ့ ဒီလိုပွဲပြုလုပ်တာကို လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။
”ကျွန်တော့်အနေနဲ့ကတော့ ဒါမဖြစ်သင့်ဘူးပဲလို့ ထင် တယ်။ မြန်မာနိုင်ငံမှာပေါ့။ သူများနိုင်ငံတွေမှာ ဘယ်လိုပဲရှိရှိပေါ့။ ထုံးစံလည်း မရှိခဲ့ဘူးလေ။ အခု ဒီလိုလုပ်လိုက်တယ်ဆိုတော့ နောက်ပိုင်း ဒါမျိုးတွေ ထွက်လာဖို့များတယ်”လို့ သူ့အမြင်ကို ပြောပြပါတယ်။
ဒီပွဲပြုလုပ်မှုအပေါ်ကို ဥပဒေကြောင်းအရ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လက်ထပ်ခွင့်ရှိသလားဆိုပြီး မေးခွန်းထုတ်ကြပါတယ်။မြန်မာနိုင်ငံမှာ လက်ရှိ ပြစ်မှုဆိုင်ရာဥပဒေ ၃၇၇ ရှိပြီး ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ပြစ်မှုလို့ခေါ်တဲ့ ဥပဒေဖြစ်ပါတယ် ။
”ဓမ္မတာနှင့် ဆန့်ကျင်သော ကာမဆက်ဆံရင်၊ ဓမ္မတာနဲ့ ဆန့်ကျင်သော ဆိုတဲ့နေရာမှာ ကျင်ကြီးစွန့်တဲ့အပေါက်ကို အဓိကဆိုလိုတာပေါ့။ ပါးစပ်တွေ၊ ဘာတွေနဲ့ Oral Sex လုပ် တယ်ဆိုလည်း ဓမ္မတာနဲ့ ဆန့်ကျင်တာပဲ”လို့ ဥပဒေပညာရှင် ဦးကျော်မင်းစံက မော်ကွန်းမဂ္ဂဇင်း၊ အမှတ် ၂ မှာ ပုဒ်မ ၃၇၇ နဲ့ ပတ်သက်ပြီး ဖွင့်ဆိုပြခဲ့ပါတယ်။
”ဥပဒေကို ၁၈၆၁ မှာ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၃ မှာ မြန်မာဘာသာနဲ့ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေဖြစ်ပြီး ရဲအရေးပိုင်တဲ့အမှု ဖြစ်တယ်”လို့ ဦးကျော်မင်းစံက ရှင်းပြထားပါတယ်။
ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် ၁ဝ နှစ်အထိဖြစ်စေ၊ တစ် သက်တစ်ကျွန်းဖြစ်စေ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ လိင်တူချင်း လက်ထပ်ခွင့်ပြုထားတဲ့ နိုင်ငံ ၁၁ နိုင်ငံရှိပြီး ၁၉၉၆ မှာ နယ်သာလန်နိုင်ငံက စတင်ခွင့်ပြုခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံမှာ ၂ဝ၁၂၊ သြဂုတ်လအတွင်းကပဲ လိင်တူလက် ထပ်ခွင့်ဥပဒေ ပြဋ္ဌာန်းပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ၁၂ နိုင်ငံဖြစ် လာတယ်။
ဦးအောင်မျိုးမင်းကလည်း ဒီမင်္ဂလာအထိမ်းအမှတ်ပွဲက ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိကို သူ့အမြင်ကိုပြောပြပါတယ်။
”ဥပဒေကတော့ ၃၇၇ ရှိပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေက တော့ သဘာဝမကျသော လိင်ဆက်ဆံမှုကို တားမြစ်ထားတာ ရှိပါတယ်။ လက်ထပ်ပေါင်းသင်းမှုကို ပိတ်ပင်ထားတာမရှိပါဘူး။ ပြီးတော့ လိင်တူချင်းဆက်ဆံတယ် ဆိုတာလည်း လူသိရှင်ကြား သက်သေအထောက်အထားနဲ့မိမှ ဆိုတာမျိုးဖြစ်တဲ့ဟာကျတော့ လွတ်ရင်လည်း လွတ်နိုင်တယ်၊ မလွတ်ရင်လည်း မလွတ်နိုင်တဲ့ ဟာမျိုးပါ။ ဥပဒေထဲမှာတော့ လက်မထပ်ရဘူးလို့ မပြောထား ဘူး။ သဘာဝမကျသော လိင်ဆက်ဆံမှု မပြုရဘူးလို့ပဲ ပြောထား တဲ့အတွက်ကြောင့်ပါ”ဟု ဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကိုမျိုးမင်းထက်နဲ့ ကိုအောင်ကိုကိုတို့ရဲ့ မင်္ဂလာအထိမ်းအမှတ်ပွဲ ဟာဆိုရင်ဖြင့် မြန်မာနိုင်ငံမှာပထမဦးဆုံး လိင်တူချစ်သူချင်း လူသိရှင်ကြား ထုတ်ဖော်တဲ့ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ် ။ ။

