အောင်ထူးနိုင် ၊ ထက်မြတ်အောင်
ရန်ကုန် – ၂၀၂၀ မတ် ၃၁
ရန်ကုန်မြို့ အလံပြဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်မှာရှိတဲ့ BYMA Myanmar Limited ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမား နှစ်ထောင်ကျော်က ကပ်ရောဂါ ကူးစက်ပျံ့ပွားမှာ စိုးရိမ်တဲ့အတွက် ဧပြီလတစ်လလုံး အလုပ်ပိတ်ပေးဖို့ မတ် ၃၁ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
“လူစုလူဝေးဖြစ်နေလို့ ကျွန်တော်တို့က တောင်းဆိုတာ၊ တောင်းဆိုလို့ ဒီအလုပ်ကို မလာဘဲနေပြန်ရင်လည်း ကျွန်တော်တို့ အောက်ခြေလူတန်းစားတွေက ငတ်မှာ၊ ဒါကြောင့် လစာကို ပေးပေးပါ။ တစ်လတော့ နားခွင့်ပေးပါ။ အဲဒီလိုမျိုး တောင်းဆိုတာပါ”လို့ အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လက်သမားလုပ်နေသူ ဦးဆန်းလွင်က ပြောပါတယ်။
BYMA Myanmar Limited က Grand မီးရထားဝင်းထဲမှာ ဆောက်လုပ်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
အလုပ်သမားတွေဘက်က ဧပြီတစ်လလုံး အလုပ်နားခွင့်တောင်းတဲ့အတွက် အတတ်နိုင်ဆုံးညှိနှိုင်းခဲ့ပါတယ်လို့ BYMA Myanmar Limited ရဲ့ PR မန်နေဂျာ ဆလိုင်းပီပီက ပြောပါတယ်။
“မြန်မာနိုင်ငံအလုပ်သမား ဥပဒေက ဘယ်အတိုင်းအတာအထိ ခွင့်ပြုမလဲဆိုတာ ကျွန်တော်တို့ရဲ့ အဓိက အချက်ဖြစ်တယ်။ ကျွန်တော်တို့ ကုမ္ပဏီက နိုင်ငံတကာအဆင့် ကုမ္ပဏီဖြစ်တာကြောင့် မြန်မာနိုင်ငံအလုပ်သမားဥပဒေကို ကျွန်တော်တို့ တိတိကျကျ လိုက်နာပါတယ်”လို့ ဆလိုင်းပီပီက ပြောတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ညှိနှိုင်းတဲ့အခါမှာ ဧပြီ ၁ ရက်ကနေ ၉ ရက်အထိ ခွင့်ဖောင်အတိုင်း ခွင့်တင်ပြီး လုပ်ခလစာ အပြည့်အဝနဲ့ နားလို့ရတယ်။ ၎င်းကာလအတွင်း အလုပ်ဆင်းမယ်ဆိုရင် လုပ်ခလစာ နှစ်ဆ ပေးသွားဖို့ သဘောတူလိုက်တယ်လို့ ဆလိုင်းပီပီက ရှင်းပြပါတယ်။
ဧပြီ ၁၀ ရက်မှ ဧပြီ ၁၉ ရက်အထိ သင်္ကြန်အစိုးရရုံးပိတ်ရက်ဖြစ်တဲ့အတွက် အလုပ်သမားတွေ လုပ်ခလစာ အပြည့်အဝ ခံစားရမှာဖြစ်ပြီး ဧပြီ ၂၀ ရက်မှ ဧပြီ ၃၀ ရက်အထိလည်း ကုမ္ပဏီဘက်က အလုပ်ပိတ်ပေးမှာဖြစ်တဲ့အတွက် လုပ်အားနေ့စားခကို တစ်ဝက်သာ ပေးပါမယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကြောင့် ပန်းဘဲတန်းမဲဆန္ဒနယ်မှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လာရောက်ဖျန်ဖြေပေးခဲ့ပြီး ပြေလည်မှု ရရှိခဲ့ပါတယ်။
#Dailynews