ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၂၉ (မော်ကွန်း)
ယခုရက်ပိုင်းအတွင်း လှုပ်ခတ်လာတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် ဒေါ်လာဈေးကွက်လည်း မတည်မငြိမ်ဖြစ်လာတယ်လို့ ငွေကြေးဈေးကွက်စောင့်ကြည့်သူတွေနဲ့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။
အထူးသဖြင့် စစ်ကောင်စီကပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်သူလူထုအကြား စိုးရိမ်မှုတွေ မြင့်တက်လာပြီး ပြည်ပကိုထွက်ခွာသူတွေများလာခဲ့ပါတယ်။
ပြည်ပထွက်ခွာမယ့်သူတွေ များလာတာနဲ့အမျှ ဒေါ်လာဝယ်လိုအားလည်းမြင့်တက်လာကာ ဒေါ်လာဈေးကွက်လှုပ်ခတ်လာတာလို့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“နိုင်ငံခြားထွက်တဲ့သူတွေ များလာတဲ့အမျှ နိုင်ငံခြားငွေ၊ အထူးသဖြင့် ဒေါ်လာဝယ်လိုအားလည်း မြင့်တက်လာတယ်။ ပြီးတော့ ပြည်တွင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကြောင့်လည်း အခုလို ဈေးကွက်လည်း မတည်မငြိမ်ဖြစ်လာတယ်” လို့ သူက သုံးသပ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေမထုတ်ပြန်ခင်က ဒေါ်လာဈေးဟာ တစ်ဒေါ်လာကို ကျပ် ၃,၅၀၀ ဝန်းကျင်မှာပဲ ရှိနေရာက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာ ငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာတယ်လို့ ၎င်းဒေါ်လာဝယ်ရောင်းက ပြောပါတယ်။
ဒေါ်လာဈေးဟာ ယခုလ ၂၃ ရက်မှာ တစ်ဒေါ်လာကို ၃,၆၀၀ ကျပ်ထိ စတင်ရောက်ရှိလာပြီး ဒီနေ့မနက်ပိုင်း ဈေးကွက်ဖွင့်လှစ်မှုအရတော့ တစ်ဒေါ်လာကို ၃,၆၄၀ ကျပ်မှာ ရှိနေတာပါ။
စစ်ကောင်စီဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်က စပြီး နိုင်ငံခြားငွေဈေးကွက်ကို နှုန်းရှင် (Float Rate) အဖြစ် ငွေကြေးမူဝါဒပြောင်းလဲခဲ့ပြီး လိုင်စင်ရဘဏ်တွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ဒေါ်လာရောင်းဝယ်ခွင့် ပြုခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ဒေါ်လာဈေးကွက်ဟာ အနည်းငယ်တည်ငြိမ်သွားပြီး တစ်ဒေါ်လာကို ၃,၅၀၀ ဝန်းကျင်မှာပဲ တောက်လျှောက်ရှိနေခဲ့ပါတယ်။
စစ်ကောင်စီက ယခုလ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီ ဥပဒေထုတ်ပြန်ပြီးနောက်မှာ ဒေါ်လာဈေးအပါအဝင်၊ ရွှေနဲ့ ငွေကြေးဈေးကွက်တွေအပေါ် ရိုက်ခတ်မှုရှိခဲ့တယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာသူတစ်ဦးက ပြောပါတယ်။
အခုလို ဒေါ်လာလဲလှယ်နှုန်း မငြိမ်မသက်ဖြစ်နေသလို ပြည်တွင်းရွှေဈေးဟာလည်း မတည်မငြိမ်ဖြစ်နေပြီး ယခုရက်ပိုင်းအတွင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ၃၉ သိန်း ၅ သောင်းကျော်ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခုအနည်းငယ်ပြန်ကျဆင်းသွားကာ ဒီနေ့မနက်ပိုင်းမှာ အခေါက်ရွှေဈေးဟာ ၃၉ သိန်း ၃ သောင်းမှာ ရှိနေပါတယ်။
ဓာတ်ပုံ – မော်ကွန်း