ဒေါန – ၂၀၂၄ ဇူလိုင် ၁၂ (မော်ကွန်း)
ကော်သူးလေဒေသ၊ ကေအဲန်ယူတပ်မဟာ ၆၊ ဒေါနတောင်တန်းပေါ်က မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ ဖြစ်ပါတယ်။
အဝေးပြေးလမ်းမကြီးတွေကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတာကြောင့် အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အဲဒီလမ်းမတွေကိုဗဟိုပြုပြီး တိုက်ပွဲတွေဖြစ်ပွားနေဆဲပါ။
ကော့ကရိတ်မြို့ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁ ရက်မှာ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် မကြာခင်မှာပဲ အာဏာသိမ်းစစ်တပ်ကို ပြန်ပေးလိုက်ရပါတယ်။
တောတွင်းရွာတွေရဲ့ စားနပ်ရိက္ခာ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေဟာ တိုက်ပွဲတွေအပေါ် မူတည်တာကြောင့် လမ်းတွေ ပိတ်ကုန်တဲ့အခါ တောလမ်းတွေကိုပဲ ရွေးချယ်ကြရတာဖြစ်ပါတယ်။
အခုလည်း ဒေါနတောင်တကျောက လမ်းတွေဟာ နွေရာသီမှာ သွားလာလို့ရပေမယ့် မိုးတွင်းမှာတော့ ပျက်စီးကုန်ပါတယ်။
ဒါပေမဲ့လည်း ရွေးချယ်စရာမရှိတာကြောင့် ဒီလမ်းကိုပဲ အသုံးပြုသွားလာကြရတာဖြစ်ကာ မိုးကြီးရင်၊ လမ်းပျက်ရင်၊ ကားပျက်ရင်တော့ ဒီလမ်းမပေါ်မှာ အနည်းဆုံး နှစ်ရက်၊ သုံးရက်တော့ အိပ်ကြရမှာပါ။
ကေအဲန်ယူ လမ်းဌာနဘက်ကတော့ ဘက်ဟိုးတွေ၊ ထွန်စက်တွေ၊ မြေတူးစက်တွေနဲ့ လမ်းပြင်တတ်တာကို တစ်ခါတစ်ရံ တွေ့ရပါတယ်။
ကားဆရာတွေကတော့ ဒီကာလ ဒီလမ်းကိုသွားမယ်ဆိုရင် လေးဘီးယက် (4 Wheels drive) ကားတွေကို အသုံးပြုကြပြီး ကားဘီးတွေမှာ သံကြိုးတွေပတ်ဖို့လိုအပ်မှာပါ။
ကားခအနေနဲ့ကတော့ ကုန်ပစ္စည်းသယ်ယူခထက် လူတင်ခက ပိုရပါတယ်။ ကားတစ်စီးကို ခရီးသည် ငါးဦးလောက် တင်ဆောင်ကြပြီး တစ်ဦးကို အခုနောက်ဆုံး နှစ်သိန်းကျပ်လောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ဇွန်လထိ ခရီးသည်တစ်ဦးကို တစ်သိန်းကျပ်ရှိခဲ့ပြီး အခုလထဲမှာ လမ်းတွေပိုပျက်တာကြောင့် ကားခတွေလည်း ပိုတက်သွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“လူရရင်တော့ ကိုက်တယ်၊ လူမရရင်တော့ ဆီဖိုး၊ ကုန်ဖိုးနဲ့ ကားပြင်ရတာမကိုက်ဘူး”လို့ ကားဆရာတစ်ဦးကပြောပါတယ်။
ဒေါနတောင်ကျော်ရင်တော့ မြဝတီမြို့ကိုရောက်ရှိမှာဖြစ်ပြီး မြဝတီမြို့မှာတော့ လက်ရှိ စောချစ်သူရဲ့ BGF လို့ခေါ်တဲ့ ကရင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို အဓိကတွေ့မြင်နိုင်ပါတယ်။
ဒီနှစ်နွေတုန်းကတော့ မြဝတီမှာရှိတဲ့ အာဏာသိမ်းစစ်တပ်စခန်းတွေ၊ ဗျူဟာတွေကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး ခဏသိမ်းခဲ့ဖူးပါတယ်။
တပ်မဟာ ၆ ထဲက ကျိုက်ဒုံမြို့ကိုတော့ ကေအဲန်ယူက အပြီးတိုင်သိမ်းပိုက်ထားပြီး မြို့ကို တည်ဆောက်၊ ဖွံ့ဖြိုးရေးတွေ ပြန်လည်လုပ်ဆောင်နေပါတယ်။
ပုံစာ – ကော်သူးလေ ဒေါနတောင်တန်းပေါ် မိုးကာလလမ်းပန်းဆက်သွယ်ရေးမြင်ကွင်းများ။
ဓါတ်ပုံ – Mawkun Magazine

