အိမ်ထောင်ဘက်နှင့် ကျားမတန်းတူညီမျှရေး

Illustration – MAUNG NOE

မင်္ဂလာပွဲပြီးတော့ သတို့သမီးဝတ်စုံတွေ၊ ဆံထုံးတွေ ချွတ်ဖို့ပြင်နေသည့် ကျွန်မအနားကို အဒေါ် ဖြစ်သူရောက်လာသည်။ အိမ်ခန်းထဲမှာ သူနှင့် ကျွန်မ နှစ်ယောက်တည်း။ သူက သတို့သား မကြားအောင် တိုးတိုးလေးကပ်၍မှာသည်။

‘အိမ်ထောင်ရှင်မ ပီသအောင်နေနော်။ ညအိပ်ရာမဝင်ခင် လင်ယောက်ျားကို ရှိခိုးပြီးမှအိပ်’ ဟူ၍။

အကျိုးအကြောင်းကို အမြဲတမ်း မေးခွန်းထုတ်လေ့ရှိသော်လည်း ဒီတစ်ချီတော့ ဘာကြောင့်လဲဆိုတာ ထပ်မမေးတော့ဘဲ သူ့စကားကို ခေါင်းညိတ်လိုက်သည်။ တစ်ခါတလေလည်း သူတို့စကားကို ဆင်ခြေဆင်လက် မပေးဘဲ ရှောရှောရှူရှူ နားထောင်ပါလားဟု အထင်ရောက်ကာ စိတ်ချမ်းသာသင့်တဲ့အချိန်ကာလ မဟုတ်လား။

ရန်ကုန်တွင် အခြေချပြီး အချိန်ရတုန်း နယ်ပြန်ကာ မင်္ဂလာဆောင်ရသည့်အတွက်မနက်ဖြန်ဆိုလျှင် ရန်ကုန်ပြန်ရတော့မည်။ မိဘ၊ အဒေါ်များ၊ ဦးကြီး၊ ဦးလေးများက ကျွန်မကို သူတို့မှာချင်တာတွေ မှာကြသည်။ ထိုသို့သော အမှာပေါင်းများစွာထဲကမှ အဒေါ်ဖြစ်သူ၏ အမှာစကားက ရင်ထဲ အစွဲဆုံးပင်။

အိမ်ထောင်ဘက်ကို ချစ်ခင်တန်ဖိုးထားသည့် စိတ်ကို အခြေတည်ကာ အဒေါ်မှာလိုက်သည့် စကားအား လိုက်နာရန် ကြိုးစားကြည့်သည်။ ကျွန်မထက် အသက်လပိုင်းသာကြီးသည့် ခင်ပွန်းဖြစ်သူကို တင်ပျဉ်ခွေထိုင်ခိုင်းကာ ကန်တော့ဖို့ ပြင်သည်။ ပါးစပ်မှလည်း ”ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါနော်”ဟု ရွတ်လိုက်သည်။ ထိုသို့ပြောပြီး ကန်တော့မည့်ဆဲဆဲတွင် ခင်ပွန်းဖြစ်သူက လက်ကိုဆွဲယူကာ ‘ဟာ…မကန်တော့ပါနဲ့။ ဘာအတွက်ကန်တော့မှာလဲ။ ဒါဆို ကိုယ်လည်း ပြန်ကန်တော့မယ်”ဟု ဆိုကာ ကျွန်မဘက်ကို ကျုံ့ကျုံ့လေးလှည့်ထိုင်ပြီး ကန်တော့ရန် ပြင်လိုက်သည်။

နောက်ဆုံး ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက်မည်သူကမှ မည်သူ့ကို မကန်တော့ဖြစ်ဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အားရပါးရရယ်ဖြစ်ခဲ့ကြလေသည်။ ယင်းအခိုက်အတန့်မှစ၍ အိမ်ထောင်ရေးဒဿနကို ကျွန်မတို့ စတင်ရရှိခဲ့လေသည်။ အိမ်ထောင်တစ်ခု၌ တန်းတူညီမျှရေးသည်မည်မျှ အရေးကြီးသည်ဆိုသည့် အသိက ထိုနေ့မှ စ၍ ပေါက်ဖွားလာခဲ့လေသည်။

အမှန်ကမူကား ကျွန်မမှာ သူ့အား ညစဉ်ညတိုင်း တစ်သက်လုံးထိုင်ကန်တော့မည်ဆိုသည့် စိတ်ကူးမရှိခဲ့သလို ခင်ပွန်းဖြစ်သူမှာလည်း ‘သူက သာလွန်မြင့်မြတ်တယ်၊ ဘုန်းကံမြင့်မားတယ်၊ မိန်းမဆိုတာ သူ့ထက်နိမ့်ကျတယ်၊ ငါဟာ ကန်တော့ခံထိုက်တယ်’ဆိုသည့် အတွေးမျိုး ကနဦးကတည်းက ရှိမနေခဲ့ခြင်းက ကံကောင်းသည့်အချက်ဟု ဆိုရမည်။

ကျွန်မတို့ ကြီးပြင်းခဲ့ရသည့် မြန်မာ့လူမှုအဝန်းအဝိုင်းတွင် မိန်းကလေးတစ်ယောက်သည် လူမဖြစ်ခင်ကတည်းက ခွဲခြားနှိမ့်ချမှုကို စတင်ခံစားရလေ့ရှိသူများ ဖြစ်သည်။ သန္ဓေသားဘဝကတည်းက ယောက်ျားလေးအဖြစ် မွေးဖွားလာရန် (ကိုယ်ဝန်လွယ်ပေးထားသည့် အမျိုးသမီးတစ်ယောက်ကို အားနာမှုမရှိဘဲ) မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၏ ဆုတောင်းခြင်းကို ခံရသူတွေဖြစ်သည်။

မွေးလာကတည်းက သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုးံက ဘုန်းရှင်ကံရှင်ဟု သတ်မှတ်ခံထားရသည့် ယောကျာ်းလေးများသည် သူတို့ဘဝတစ်လျှောက်လုံး အမျိုးသမီးများက သူတို့ထက် တစ်ဆင့်နိမ့်သည်ဆိုသည့် စိတ်ရောဂါနှင့် ကြီးပြင်းလာကြရသည်။ ထိုသို့ဖြစ်စေရန်လည်း သူဖြတ်သန်းခဲ့ရသည့် အရာမှန်သမျှက သူ့အယူအဆကို ပိုခိုင်မာစေရန် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်ပြီးတစ်ဖုံ မီးလောင်ရာလေပင့်ပေးတတ်ကြသည်။

တစ်ခါက ကျွန်မ၏ ဇာတိမြို့မှ မိုင် ၃ဝ ခန့် ဝေးသည့် ရွာလေးတစ်ရွာ၌ ဘုန်းကြီးပျံပွဲတစ်ပွဲ ကျင်းပလေသည်။ ကျွန်မသည် မိဘများနှင့်အတူ ဘုန်းကြီးပျံပွဲကို အလည်လိုက်၍သွားသည်။ ကျွန်မတို့ မိသားစုသည် ရွာခံအသိမိတ်ဆွေ အိမ်တစ်အိမ်၌ တည်းခိုရသည်။ ယင်းအိမ်ခြံထဲတွင် ကျောက်ရေတွင်းတစ်တွင်း ရှိသည်။ မြေပြင်မှစ၍ အပေါ်ပိုင်းကို သစ်သားလက်ရန်းများနှင့် လေးထောင့်ပုံစံ ကာရံထားသည့် ထိုရေတွင်းသည် သူတို့ရွာမှာတွင် လွန်စွာ မျက်နှာပွင့်သည်။ ညနေခင်းဆိုလျှင် ရေချိုးရေခပ်သူများနှင့် စည်ကားနေတတ်သည်။

အချို့နယ်များတွင် အိမ်တိုင်းကိုယ်စီ ကိုယ်ပိုင်ရေတွင်း မရှိကြ။ တချို့ ရွာများတွင် တစ်ရွာလုံးပေါင်းမှ သုံးတွင်းပြည့်အောင် မရှိသည့် ရွာများလည်းရှိသည်။ ရေတွင်းရှိသည့် အိမ်သို့ သွားကာ ရေခပ်၊ ရေချိုး လုပ်ရသည်။ ရေတွင်းပိုင်ရှင်ကလည်း ကြည်ကြည်ဖြူဖြူနှင့် ခွင့်ပြုသည်။ သို့သော် ရေတွင်းပိုင်ရှင်ထုတ်ထားသည့် စည်းကမ်းများကိုတော့ တစ်သဝေမတိမ်းလိုက်နာရပေလိမ့်မည်။

တချို့ရေတွင်းများတွင် ‘ဤရေတွင်း၌ မိန်းမများ ရေမချိုးရ’ ၊ ‘မိန်းမများ အဝတ်မလျှော်ရ’ ဆိုသည့် ဆိုင်းဘုတ်ချိတ်ထားတာမျိုး ဖြစ်သည်။ အကယ်၍ ယင်းဆိုင်းဘုတ် ဆွေးမြည့်ပျက်စီး သွားသည့်တိုင် ထိုစည်းကမ်းများမှာမူကား ဥပဒေထက်ပင် ပို၍အားကောင်းသေးတော့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ မူလစည်းကမ်းများကို ချိုးဖောက်ပိုင်ခွင့်မရှိသလို မည်သူကမျှ မချိုးဖောက်ကြပေ။ တစ်ဦးတစ်ယောက်က မသိ၍ပြုမူမိသည့်တိုင် ပြင်မရသောအပြစ်ကြီးတစ်ခုကို ကျူးလွန်မိသကဲ့သို့ အနီးဝန်းကျင်မှာရှိသောလူများက တိုင်ပင်စရာမလိုဘဲ ဝိုင်းတားမြစ်ကြပေလိမ့်မည်။ ဒါလေးတောင် မသိတတ်ရန်ကော ဆိုသည့် အကြည့်များနှင့် အပြစ်တင်ကာ ဆူပူမာန်မဲကြပေလိမ့်မည်။ ဘုန်းကြီးပျံပွဲသွားလည်သည့်ကျွန်မတို့မိသားစုမှာ ရေတွင်းရှိသည့်အိမ်၌ တည်းရသည်မို့ ရေချိုးရန် ဝေးဝေးလံလံ သွားစရာမလို။ ညနေစောင်းအချိန်တွင် ကျွန်မသည် လျှော်စရာအဝတ် တစ်စုံကိုပိုက်ကာ အိမ်ရှင် အဘွားကို မေးလိုက်သည်။

”အမေကြီး၊ သမီးအဝတ်လျှော်ပြီး ရေချိုးချင်လို့၊ အဲဒါ မိန်းကလေးက ဘယ်နားမှာ လျှော်ရဖို့လဲ”

လှေကားရင်းတွင် ထိုင်နေသည့် အဘွားကပြန်ဖြေသည်။

”ငါ့မြေး ကြိုက်တဲ့နေရာမှာချိုး။ ကြိုက်တဲ့နေရာမှာလျှော်။ အမေကြီး ရေတွင်းမှာ မိန်းမ၊ ယောက်ျား အဝတ်လျှော်ဖို့နေရာ ခွဲမထားဘူး။ မိန်းမလည်း လူ။ ယောက်ျားလည်း လူ။ မကျေနပ်တဲ့ လူ ငါ့ရေတွင်းမှာ လာမချိုးကြနဲ့လို့ ပြောထားပြီးသား” ဟူ၏။

”အမေကြီးရေတွင်းမှာ မိန်းမ၊ ယောက်ျား ရေချိုးရဖို့ နေရာ ခွဲမထားဘူး။ မိန်းမလည်းလူ။ ယောက်ျားလည်းလူ။ မကျေနပ်တဲ့လူ ငါ့ရေတွင်းမှာ လာမချိုးကြနဲ့”ဆိုသည့် စကားကို ပြောချိန်တွင် ရေတွင်း၌လာရောက် ရေချိုးနေသည့် လူအများ ကြားလောက်အောင် အသံကို ခပ်မြင့်မြင့် ပြောလိုက်သည်။ သူ့ရွာတွင်သူသည် ရေတွင်းပိုင်ရှင်တစ်ယောက်အနေနှင့် သြဇာရှိသည်။ သ့ူရေတွင်းနှင့် မကင်းနိုင်သူများသည် သူ့သြဇာကို နာခံရသည်။

အရာရာကို အဓိပ္ပာယ်ဖွင့်ဖို့ကြိုးစားတတ်တဲ့ ဆယ်ကျော်သက်အရွယ် ကျွန်မအတွက်တော့ သူ့လေသံ၊ သူ့ဟန်ပန်နှင့်သူ့စကားလုံး၏ အနှစ်သာရတို့က ဦးနှောက်ထဲရော၊ အသည်းထဲမှာပါ စွဲသွားစေခဲ့သည်။ ဒါ ကျွန်မ၏ ငယ်ဘဝတွင် ပထမဆုံးနှင့် နောက်ဆုံး တွေ့ဖူးသည့် အမျိုးသမီးများအား ခွဲခြားနှိမ်ချ ဆက်ဆံခြင်းကင်းသည့်အတွေ့အကြုံ ဖြစ်တော့သည်။ ကျေးရွာတစ်ခုတွင် မွေးဖွားကာ အသက်အားဖြင့်လည်း ကြီးပြီဖြစ်သည့် အမယ်အိုတစ်ယောက်တွင် ရှေးရိုးစွဲ အစဉ်အလာများ မလွှမ်းမိုးဘဲ ကျား၊ မ တန်းတူညီမျှရေးဝါဒကို လက်တွေ့ကျင့်သုံးနေပုံကို ဘဝတစ်လျှောက် ခွဲခြားမှုတွေ ကြုံရတိုင်း ပြန်၍ တွေးမိသည်။ ပြန်အောက်မေ့မိတိုင်း သဘောကျသည်။ အားရှိစေသည်။

သို့သော် ကျွန်မတို့ပတ်ဝန်းကျင်ရှိ လူအများစုသည် ‘မိန်းမဟာ ခွေးထီးလောက်တောင် မမြတ်ဘူး’ဆိုသည့် အမျိုးသမီးများအား ပုတ်ခတ်စော်ကား နှိမ့်ချလိုသည့် အတွေးအခေါ်၊ အလားသဏ္ဌန်တူသည့် အယူအဆများစွာ ရှိနေတတ်ကြသည်။ တချို့က ထုတ်၍ပြောသည်။ တချို့က ထုတ်မပြော၊ စိတ်ထဲတွင်တော့ ရှိနေသည်။ ယင်းသို့ အသိုက်အဝိုင်းမှတစ်ဆင့် အမျိုးသမီးများအား ခွဲခြားနှိမ်ချသည့် လူမှုပတ်ဝန်းကျင်ကို တစ်ဆင့်တစ်ဆင့် မွေးထုတ်ပေးကြပြန်သည်။ ယောက်ျားအဖြစ် မွေးဖွားလာသူတွေကသာလျှင် ပို၍ သာလွန်မြင့်မြတ်သည်ဆိုသည့် ဒဿနကို ရိုက်သွင်းပေးကြသည်။

ယင်းသို့ပတ်ဝန်းကျင်မျိုးမှ မွေးဖွားလာသည့် ယောကျ်ားတစ်ယောက်သည် အိမ်ထောင်ဖက် အမျိုးသမီး၏ ကန်တော့ခြင်းကို မိန့်မိန့်ကြီးထိုင်ကာ ခံယူတတ်သူမျိုး ဖြစ်လာပေလိမ့်မည်။ သူ့အသိတွင် သူက ယောက်ျားဖြစ်နေ၍ မြင့်မြတ်သည့်အတွက် ကန်တော့ခံရသည်ဆိုသည့် မွေးကတည်းက ရိုက်သွင်းခံထားရသော ရှေးရိုးစွဲဒဿနများနှင့် ပြည့်နှက်နေပေမည်။ အမျိုးသမီးနှင့် ဝင်ငွေဖြစ်စေ၊ ပညာအရည်အချင်းဖြစ်စေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းဖြစ်စေ တန်းတူဖြစ်နေသည့်တိုင် (သို့မဟုတ်) အမျိုးသမီးက ပိုသာလွန်နေသည့်တိုင် ယောကျ်ားဖြစ်နေခြင်းကြောင့် သူကသာလျှင် ပိုမြင့်မြတ်သည်ဟု အထင်ရောက်နေလေ့ရှိသည်။

အမျိုးသမီးတစ်ယောက် အရွယ်ရောက်လာသည့်အခါ အထူးသဖြင့် အိမ်ထောင်ရေးနဲ့ပတ်သက်၍ လိုက်နာသင့်သည်ဟု ယူဆထားကြသည့် အဆုံးအမများကို နားနှင့်မဆံ့အောင်ကြားရလေ့ရှိသည်။ ငယ်စဉ်က အရပ်ထဲ၌ ပြောလေ့ရှိသည့် နမူနာတချို့ရှိသည်။ ‘ဆန်မပြာတတ်ရင် ယောက်ျားရိုက်တာ ခံရမယ်’၊ ‘ငရုတ်သီးညက်အောင်မထောင်းတတ်ရင် ယောက္ခမ နှင်ချလိမ့်မယ်’ စသည့် စကားလုံးများက အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် စကားလုံးများဖြစ်သည်။

စာတစ်တန်၊ ပေတဖွဲ့ ရေးပြထားသည့် စာအုပ်များကို ဖတ်ရှုမည်ဆိုလျှင်လည်း အိမ်ထောင်ရှင်အမျိုးသမီးများ လိုက်နာရမည့် စည်းကမ်းများ၊ ပြဋ္ဌာန်းချက်များက သိပ်ကို များပြားလွန်းသည်။ အိမ်ထောင်ဘက် အမျိုးသားအတွက် အမျိုးသမီးများက လိင်ပိုင်းဆိုင်ရာ အဖျော်ဖြေခံ၊ သူ၏ ဝေယျာဝစ္စများကို တာဝန်ယူပေးရမည့် အလုပ်သမ၊ အမျိုးသားများ၏ အလုပ်အကိုင်နှင့် ဘဝအောင်မြင်တိုးတက်ရေးအတွက်အစတေးခံစသည့် အဓိပ္ပာယ်များ ပြည့်နေလေ့ရှိသည်ကို တွေ့ရသည်။ အဆုံးအမများအားလုံးမှာ အမျိုးသားများအား မျက်နှာသာပေးထားလေ့ရှိသည်။

အမျိုးသမီးများကို ဝန်ထုပ်ဝန်ပိုးများဖြင့် ဖိနှိပ်ထားပြီး အမျိုးသားများအတွက်မူကား ဘဝတိုးတက်စေရေး ပညာရပ်များ ဆက်လက်လေ့လာစေဖို့ လမ်းဖွင့်ပေးထားလေ့ရှိသည်။ အိမ်ထောင်တစ်ခု သာယာတည်မြဲရေးအတွက် အမျိုးသမီးများ၏ အနစ်နာခံနိုင်မှုကသာ အရေးကြီးသယောင် ပုံဖော်လေ့ရှိသည်။ အသေးအဖွဲကလေးကအစ ပြောရမည်ဆိုလျှင် ကျွန်မတို့ နေ့စဉ်ကြည့်ရှုနေသည့် တီဗီကြော်ငြာအများစုကို ကြည့်ကြမည် ဆိုပါစို့။ အမျိုးသားများသည် လုပ်ငန်းရှင်ကြီး၊ အသိပညာ အတတ်ပညာရှင်၊ တစ်ခုခုမှာ ထူးချွန်သူစသည့် နေရာမျိုးတွင် သရုပ်ဆောင်ရလေ့ရှိသည်။ ဆပ်ပြာမှုန့်ကြော်ငြာ၊ ဟင်းချက်မှုန့် ကြော်ငြာများကား အိမ်ထောင်ရှင်မများအတွက်သာ ရည်ရွယ်သည့် ကြော်ငြာများဖြစ်နေတတ်သည်။ သရုပ်ဆောင်သူများမှာလည်း အမျိုးသမီးတွေသာ ဖြစ်နေလေ့ရှိသည်။

အဝတ်လျှော်ရန်၊ ထမင်းချက်ရန်အတွက် အမျိုးသမီးများကသာလျှင် လုံးလုံးလျားလျား တာဝန်ရှိကြောင်း ပြသနေခြင်းပင်။ ထိုအရာတို့သည် လူ့အဖွဲ့အစည်းအတွင်း ကျား၊ မ တန်းတူညီမျှမရှိစေခြင်း ဖြစ်လာစေရန် စိတ်ပိုင်းဆိုင်ရာအရ အားပေးအားမြှောက်ပြုခြင်းများထဲက တစ်ခု ဖြစ်သည်။

အထက်ပါအကြောင်းအရာများသည် ‘မိန်းမဆိုတာ သေစာရှင်စာဖတ်တတ် တော်ရောပေါ့’ ဆိုသည့်နည်းကို လိုက်နာကျင့်သုံးခဲ့သည့် ခေတ်မျိုးတွင် အဆင်ပြေကောင်းပြေနိုင်ပေသော်လည်း ယနေ့ခေတ် အမျိုးသမီးရော၊ အမျိုးသားပါ ပညာရည်တန်းတူ၊ အရည်အချင်းတန်းတူ၊ ဝင်ငွေတန်းတူ စသည့် နှလုံးရည်ချည်း ယှဉ်နိုင်စွမ်း ရှိသည့် ခေတ်မျိုးတွင်မူ အိမ်ထောင်ရေးကို နစ်နစ်နာနာထိခိုက်စေနိုင်သည့် အဆိပ်ပင်များဟုဆိုရမည်။

လက်တွေ့ဘဝတွင် အမြင်သာဆုံးဥပမာကို ဆိုရလျှင် မီးဖိုချောင်ဝင်၊ ထမင်းဟင်းချက်ပြုတ်၊ အဝတ်များလျှော်ဖွပ်ပေးခြင်း ဆိုသည့် အရာများမှာ မေတ္တာတရားကိုအခြေခံကာ လုပ်ရမည့်အရာများ ဖြစ်သည်။ တာဝန်ကြီးတစ်ရပ်မဟုတ်။ အမျိုးသမီးတွင်လည်း ယင်းတာဝန်မရှိသလို၊ အမျိုးသားတွင်လည်း ယင်းတာဝန်မရှိပေ။ နှစ်ဦးစလုံးတွင် ယင်းသို့လုပ်ကိုင်ပေးလိုသည့် မေတ္တာတရားသာလျှင် ရှိသင့်သည်မဟုတ်ပါလား။

အချို့က မိတ်ဆွေလူပျိုကြီးများကို ”အိမ်ထောင်ပြုပါလား၊ ချက်ပြုတ်လျှော်ဖွပ်ပေးဖို့ မိန်းမတစ်ယောက် လိုတယ်”တိုက်တွန်းလေ့ရှိသည်ကို ကြားဖူးသည်။ အမျိုးသမီးများအပေါ် မည်မျှတစ်ဖက်စောင်းနင်း ဆန်လိုက်သည့် စကားလုံးများနည်းဟု ခံစားမိသည်။

မကြာမီ လက်ထပ်မင်္ဂလာပြုကြတော့မည့် သီတင်းကျွတ်ကာလကို ရောက်တော့မည်။ တူနှစ်ကိုယ်ဘဝ တည်ဆောက်မည့် မင်္ဂလာဦးသူတို့ကို အိမ်ထောင်သာယာရေးအတွက် အကြံပေးလိုသည့် အချက်တချို့ကို တွေးမိသည်။

သတို့သားလောင်းတို့သည် မိဘအိမ်တွင် မိခင်ဖြစ်သူ၊ အစ်မဖြစ်သူ၊ ညီမဖြစ်သူတို့က မိမိ၏ ဝေယျာဝစ္စတို့ကို ဝိုင်းဝန်းလုပ်ဆောင်ပေးသည့် ရွှေရောင်နေ့ရက်များသည် အိမ်ထောင်ကျတော့မည်ဆိုကတည်းက ကုန်ဆုံးတော့မည်ကို သတိချပ်သင့်သည်။ မိမိအတွက် အခြားသူကိုဝန်ထုပ်ဝန်ပိုးမပေးဘဲ ကိုယ့်တာဝန်ကိုယ်ယူတတ်သည့် လူတစ်ယောက်ဖြစ်အောင် ကြိုတင် ကြိုးစားထားသင့်သည်။

သတို့သားလောင်းဖြစ်စေ၊ သတို့သမီးလောင်းဖြစ်စေ ရှေးရိုးစွဲ အယူအဆများကို နှစ်ဦးနှစ်ဖက် ညီတူညီမျှ တိုက်ဖျက်နိုင်အောင် ကြိုတင်ကြိုးစားထားကြသင့်သည်။ တချို့ကမူ ယင်းသို့ မိရိုးဖလာ လက်ခံကျင့်သုံးခဲ့သည့် အယူအဆများကို သဘောကျနှစ်သက်ကာ ဆက်လက် လက်ခံကျင့်သုံးသွားလိုသည့် သတို့သားလောင်းများလည်း ရှိနိုင်သည်။ ထိုသို့သော သတို့သားလောင်းများကို အကြံပေးရလျှင် တော်သည့်၊ ထူးချွန်သည့် ဖြတ်ထိုးဉာဏ်ကောင်းပြီး ထက်မြက်သည့်၊ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်သည့် အိမ်ထောင်ဘက်မျိုးကို အစကတည်းက မရွေးချယ်သင့်။ မိမိထက် အရည်အချင်းမရှိသူ၊ ဝင်ငွေမရှိသူ၊ အတတ်ပညာမရှိသူ စသည့် အစစအရာရာ နိမ့်ကျသော သတို့သမီးမျိုးကိုသာ ရွေးချယ်သင့်သည်။ ‘ငါတို့မိန်းမတွေဟာ ယောကျ်ားများထက် ဘုန်းကံနိမ့်တယ်၊ အရည်အချင်းမရှိပါဘူးလေ’ ဆိုသည့် ရှေးရိုးစွဲအမြင်နှင့် ထားရာနေ စေရာသွားမည့် အမျိုးသမီးမျိုးကိုသာလျှင် ရွေးသင့်ပေသည်။ သို့မှသာ မိမိအိမ်ထောင်ဘက်အပေါ် လူပေါ်လူဇော်လုပ်၍ ရမည်ဖြစ်သည်။ အိပ်ရာမဝင်မီ ဇနီးဖြစ်သူက ကျုံ့ကျုံ့လေးထိုင်ကာ ကန်တော့ခြင်းကို မိန့်မိန့်ကြီးထိုင်ပြုံးကြည့်ခွင့်ရမည်ဖြစ်သည်။

ထူးချွန်ထက်မြက်ပြီး ပညာတတ်သူ၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိ သတို့သမီးလောင်းများအတွက် ကြိုတင် သတိပြုသင့်သည့် အချက်များအနက် အဓိကအကျဆုံးမှာ မိမိသတို့သားလောင်း၏ စိတ်ကျန်းမာရေး အခြေအနေပင်ဖြစ်သည်။ သူ့တွင် ‘ငါဟာ မိန်းမတွေထက် ဘုန်းမြင့်ကံမြင့် ယောက်ျားဘသား’ဆိုတဲ့ အမြုံစိတ်၊ မကျန်းမာသည့် စိတ်၊ မိမိမဟုတ်သည့် အခြားသောအမျိုးသမီးများကို အထင်သေးနှိမ့်ချစိတ်မျိုးများ ရှိနေသလား ဆိုသည့်အချက်ကို စောစောစီးစီး ဝေဖန်ဆန်းစစ်ဖို့လိုအပ်ပါမယ်။ အစောပိုင်းတွင် ချစ်၍ ခွင့်လွှတ်နိုင်သော်လည်း အိမ်ထောင်သက် ကြာလာသည်နှင့်အမျှ ကြီးထွားလာမည့်အနာကို အစောကတည်းက ဆေးကုထားဖို့ လိုမည်ဖြစ်သည်။

တစ်ခါတစ်ရံတွင် မိမိအိမ်ထောင်ဘက်အမျိုးသားက ယင်းသို့စိတ်ရောဂါမရှိဘဲ သူ့မိဘအသိုင်းအဝိုင်းတွင် ရှိနေမည် ဆိုပါကလည်း နှစ်ကိုယ်တူဘဝအပေါ်တွင် သက်ရောက်မှုများ ရှိလာတတ်ရာ ကြိုတင်ညှိနှိုင်းထားခြင်းကသာ အကောင်းဆုံးဖြစ်သည်။ မိမိတို့ အိမ်ထောင်ရေးတွင် သူစိမ်းများက ဝင်ရောက်စွက်ဖက်ခံရမှု မရှိအောင် ကြိုတင် ပြင်ဆင်ထားသင့်ပါသည်။

သတို့သမီးဘက်မှ ပြင်ဆင်စရာရှိသည်လည်း ရှိသည်။ အိမ်ထောင်ပြုလျှင် အမျိုးသားကသာ အိမ်၏ ဝင်ငွေကို ရှာစေ၊ မိမိမှာ အမျိုးသမီးဖြစ်၍ အသင့်မှီခိုစားသောက်မည် ဆိုသည့် စိတ်မျိုးကလည်း အမျိုးသားအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ကို သတိပြုရမည်ဖြစ်သည်။ တန်းတူညီမျှရေးမူကို အနှောင့်အယှက်ဖြစ်စေသည့် အချက်များထဲမှ တစ်ခုဖြစ်သည်။

အိမ်ထောင်ရေးတွင် ‘လူသားချင်း အပြန်အလှန်လေးစားမှု’ဆိုသည့် အချက်ကသာ အခရာအကျဆုံးဖြစ်၏။ ခင်ပွန်းကိုကန်တော့ရမည်ဆိုသည့် ယူဆချက် နိဋ္ဌိတံသွားသည့်နေ့မှစကာ ကျွန်မတို့ဇနီးမောင်နှံ အိမ်ထောင်သာယာရေးအတွက် ဆက်လက် ကျင့်သုံးခဲ့သည်မှာကား အပြန်အလှန် လေးစားမှုပင်ဖြစ်သည်။ တစ်ဦးသဘောထားမပါဘဲ တစ်ဦးက အတင်းအဓမ္မ တိုက်တွန်းခြင်း၊ စေခိုင်းခြင်း၊ လွှမ်းမိုးချုပ်ကိုင်ခြင်းများကို မလုပ်ဘူးဆိုသည့် မူကို ယနေ့တိုင် ကျင့်သုံးလျက်ပင်ဖြစ်သည်။

တန်းတူညီမျှရေးဆိုသည့် အချက်တစ်ခုတည်းနှင့် အိမ်ထောင်သက် ခုနစ်နှစ်တိုင်အောင် သူ့တူမတို့၏ အိမ်ထောင်ရေး သာယာချမ်းမြေ့နေဆဲဖြစ်ကြောင်း မင်္ဂလာဦးနေ့ မှာတမ်းခြွေခဲ့သည့် နယ်က အဒေါ် ဖြစ်သူ သိစေချင်လှပါသည်။

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ အက်ဆေး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."