ဒူးပလာယာ – ၂၀၂၄ ဧပြီ ၂၄ (မော်ကွန်း)
ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ နှစ်အိမ်ကျေးရွာရဲ့ စာသင်ကျောင်းဟာ မနေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နှစ်အိမ်ကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းကို မနေ့၊ နံနက် ၁၀း၀၀ နာရီဝန်းကျင်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ဝင်းရေးမြို့နယ်ထဲက အနန်းကွင်းရွာ အာဏာသိမ်းစစ်တပ်စခန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် နှစ်အိမ်ရွာကို ခုလိုဗုံးလာကြဲတာလို့ဆိုကြပါတယ်။
စာသင်ကျောင်းဆောင်အားလုံးနဲ့ဆရာ၊ ဆရာမတွေနေထိုင်တဲ့ အဆောင်တွေလည်းပျက်စီးသွားပေမယ့် ထိခိုက်ဒဏ်ရာရသူတော့မရှိပါဘူး။
စာသင်ကျောင်းအနီးအနားက နေအိမ်တချို့လည်း ထိခိုက်ပျက်စီးပြီး ပေါင် ၅၀၀ ဗုံးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
အခု ဗုံးလာကြဲတဲ့လေယာဉ်ဟာ မနေ့က ကေအဲန်ယူ-ဝင်းရေးမြို့နယ်ရုံးကို လာကြဲတဲ့လေယာဉ်ဖြစ်ပြီး အချိန်လည်းအတူတူပဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နှစ်အိမ်ရွာ စာသင်ကျောင်းမြင်ကွင်း
ဓါတ်ပုံ – ပေးပို့