ဖိနပ်တွေပြောသော ပုံပြင်ထဲက ပျောက်ဆုံးသွားသော ခုံဖိနပ်

ဇွန်လ-၂၀၁၄ ၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၄)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေထဲမှာ ဖိနပ်တွေ ပါဝင်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ပလတ် စတစ်ကောက်တဲ့ ကလေးငယ်တွေရဲ့ ခြေထောက်တွေက ကျွန် တော့်ယုံကြည်မှုကို ယိုင်နဲ့သွားစေတယ်။ ပလတ်စတစ်ကောက်တဲ့ ကလေးငယ်အချို့ ဖိနပ်မပါ ခြေဗလာနဲ့ နိစ္စဓူဝ သွားလာလုပ် ကိုင်နေကြတယ်။ အမှိုက်ပုံတကာ ခြေဗလာနဲ့ သွားလာနေကြတာ ဖြစ်ပြီး သူတို့လေးတွေကို ကြည့်ကာ လှံဖျား ပုစဉ်းနား ကျီးကန်း ချေးပါ ဆိုသလို ရင်မ နေရသူက ကျွန်တော်။

          ဖိနပ်တွေရဲ့ သမိုင်းအစဟာ လူ့ယဉ်ကျေးမှုအစဖြစ်နိုင် တယ်။ တောပစ်၊ အမဲလိုက်တဲ့အခါ နယ်မြေသစ်တွေရှာလို့ စစ် ဖြစ်တဲ့အခါ ဖိနပ်တွေက အခြားချပ်ဝတ်တန်ဆာတွေလို မပါမဖြစ် ပါမှာပဲ။ ဖိနပ်တွေဟာ ခလုတ်ကန်သင်းတွေ၊ အပိတ်အဆို့၊ အဟန့်အတား၊ အတားအဆီးတွေကို စစ်သည်ရဲမက်တွေနဲ့အတူ ရင်ဆိုင်ကျော်လွှားကြမှာပဲ။

          ဒီနေ့ကမ္ဘာကြီးမှာတော့ ဆန္ဒရှိမယ်ဆိုရင် ကိုယ်တိုင်လုပ် မြက်ဖိနပ်မှသည် ဘိလပ်ဒေသထွက် ဒေါက်တာမာတင်အထိ ဝယ်ယူစီးနင်းလို့ ရနေပါပြီ။ ဖိနပ်တွေနဲ့ ပတ်သက်ရင် ဖိလစ်ပိုင် သမ္မတကတော်ဟောင်း အီဗယ်လ်ဒါမားကို့စ်ရဲ့ ဖိနပ်အရံ ၆,ဝဝဝ ကျော်ကလည်း လူပြောသူပြောများလှတဲ့ ရာဇဝင်တစ်ခု၊ စာရေး ဆရာ မြသန်းတင့်က အဲဒီအကြောင်း အက်ဆေးတစ်ပုဒ်ရေးခဲ့ သေးတယ်။ ဖိနပ်တွေချည်း အရံ ၆,ဝဝဝ ကျော် စုဆောင်းခဲ့တဲ့ သမ္မတကတော်ရဲ့ လောဘသက္ကာယက သြချရလောက်တယ်။ တစ်နေ့ ဖိနပ်တစ်ရံစီးရင်တောင် အနှစ်နှစ်ဆယ်ကျော်စီးမှ ကုန်မယ့်အဖြစ်။

          သူငယ်ချင်းတစ်ယောက်က ဖိနပ်နဲ့ ပတ်သက်တဲ့ မှတ်ချက် စကားကလည်း စိတ်ဝင်စားစရာ။ ယောကျ်ားတစ်ယောက်အဖို့ လည်ကတုံးအင်္ကျီအဖြူရောင်တစ်ထည်ရယ်၊ သားရေဖိနပ် ကောင်းကောင်းတစ်ရံရယ်ရှိရင် ထသွားလာသွားအတွက် ပူစရာ မလိုတော့ဘူးတဲ့။ သူပြောတာ မှန်သင့်သလောက် မှန်တယ်။ မြန်မာ့ဆိုရိုးစကားမှာ ယောကျ်ားဖိနပ်၊ မိန်းမနားကပ်ရယ်လို့ ရှိတာကိုး။

          မြန်မာ့သမိုင်းမှာလည်း အရေးပါတဲ့ ဖိနပ်ဇာတ်လမ်းတစ် ပုဒ်ရှိတယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်အရာရှိကြီးတစ်ယောက် ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးပြီး တက်တယ်။ မျိုးချစ်လူငယ်တွေ က အဲဒီကိစ္စ အကြီးအကျယ်ကန့်ကွက်ခဲ့ကြတယ်။ အဲဒီခေတ်အဲဒီ အခါက အုပ်ချုပ်သူလူတန်းစားကို နိုင်ငံရေးအရ ဖိအားပေးနိုင်ခဲ့ တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။

          ကမ္ဘာ့ဇာတ်ခုံပေါ်မှာလည်း လူသိများတဲ့ ဖိနပ်ဇာတ်လမ်း တစ်ပုဒ်ရှိတယ်။ အိန္ဒိယရဲ့ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ရထား စီးသွားရင်း ဖိနပ်တစ်ဖက် ကျွတ်ကျကျန်ရစ်တယ်။ ဂန္ဒီကြီးက ကျန်တဲ့ ဖိနပ်တစ်ဖက်ကို ကောက်ရတဲ့သူ အဆင်ပြေအောင် ချွတ်ပစ်ခဲ့တယ်တဲ့။ ဂန္ဒီကြီး ကျွတ်ကျကျန်ခဲ့တာ ဖိနပ်တစ်ဖက် မဟုတ်ဘဲ စိန်နားကပ်တစ်ဖက် ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက ကျွန်တော့်ကို အလုပ်ရှုပ်စေတယ်။ ကျွန်တော်ရထားစီးနေတုန်းများ စိန်နားကပ်တစ်ဖက် ပြုတ်ကျကျန်ခဲ့ရင် အရေးပေါ်အချက်ပေးသံ ထွက်ဖို့ တပ်ဆင်ထားတဲ့ သံကြိုးကို ဆွဲမိမှာပဲ။ (အေးလေ၊ ကျွန် တော်က ဂန္ဒီမှ မဟုတ်ဘဲ။ မောင်ဥယျာဉ်ကိုး) ဖိနပ်တစ်ဖက် ကျွတ်ကျခဲ့ရင်ရော။ ဖိနပ်ဆိုရင်တော့ ကျွန်တော်လည်း လက် ကျန်ဖိနပ်တစ်ဖက် လွှင့်ပစ်ခဲ့မိမှာပဲ။

          ကျွန်တော်တို့ငယ်ငယ်က ဖိနပ်တွေ များများစားစား သိပ် မရှိဘူး။ သွားစရာ၊ လာစရာရှိရင် သားရေဖိနပ်စီး၊ အိမ်နေရင်းဆို ရင် ရာဘာဖိနပ်စီး၊ အခုခေတ်လို ကွင်းထိုးတို့၊ ကြိုးသိုင်းတို့ ရောင် စုံညှပ်ဖိနပ်တို့ မရှိဘူး။ လူကြီးပိုင်းကတော့ ခုံဖိနပ်စီးကြတယ်။ ခုံဖိနပ်တစ်ရံကလည်း စီးပေတော့ မပျက်မချင်းဆိုသလိုကိုး။ ကျွန်တော့်အဘွားစီးတဲ့ ခုံဖိနပ်ကတော့ နောက်မြီးကို ပါးလွှာနေ တာပဲ။

          ကျွန်တော်တို့စီးတဲ့ ရာဘာဖိနပ်တွေလည်း အချိန်တော် တော်ကြာအောင်စီးရတာ မှတ်မိတယ်။ ဖိနပ်သဲကြိုးပြတ်သည့် တိုင်အောင် လွှင့်မပစ်ဘဲ သဲကြိုးလဲပြီး စီးခဲ့ကြရတာကလား။ ဖိနပ်အသစ်ဝယ်ခါစက သဲကြိုးအစိမ်းရောင်ဖြစ်ပေမယ့် ခြောက် လလောက်ကြာတော့ သဲကြိုးအနီဖြစ်ရင် ဖြစ်သွားတတ်တာလေ။ ဖိနပ်သဲကြိုးပြတ်သွားရင် မလေးရှားပုဆိုးကို ဖိနပ်သဲကြိုး အပေါက်ထဲထည့်၊ သဲကြိုးခေါင်းသွင်းပြီး တစ်ဖက်က ပြန်ဆွဲထုတ် ကြရတာ မှတ်မိတယ်။

          တစ်ခါတလေ သဲကြိုးခေါင်းက ကြီးပြီး ဖိနပ်ပေါက်မှာ တစ် ခံနေတာလည်း ကြုံရတယ်။ အဲဒီအခါ ဆပ်ပြာရည်ကို ချောဆီ အဖြစ်သုံးပြီး သဲကြိုးလဲလှယ်ခဲ့ရတယ်။ ရာဘာဖိနပ်ကလည်း အခုခေတ်လို ရွေးချယ်စရာများလှတာတော့ မဟုတ်ဘူး။ ဆင် ကြယ်လေး၊ မြင်းကြယ်လေးလောက် ရှိတာ။ အပေါ့စားရာဘာနဲ့ လုပ်ထားတဲ့ အောက်ခုံအဖြူရောင်ရှိုးဝါးဖိနပ်တွေက ဈေးကွက် စီးပွားရေးလို့ တွင်တွင်အော်တဲ့ အချိန် (၁၉၉ဝ ခုနှစ်ဝန်းကျင်)ကျ မှ ပေါ်လာတာဖြစ်တယ်။

          အခုခေတ်မှာတော့ ဖိနပ်တစ်ရံမပြတ်သေးဘူး၊ နောက် တစ်ရံအဆင်သင့်။ အရောင်နည်းနည်းကျရင်ကို လဲလှယ်စီးကြ တော့တယ်။ လူလတ်တန်းစားမိသားစုတွေဆီမှာ လူတစ်ယောက် ဖိနပ်သုံး၊ လေးရံလောက် ဆောင်ထားကြတယ်။ (ကျွန်တော်တစ် ဦးတည်းအမြင်အရ ဒီနေ့ခေတ်လူငယ်တွေ ဖိနပ်ပေါ်မှာ သိပ် အရေးပေးလွန်းတယ်လို့ ထင်တယ်) လုပ်ခလစာရဲ့ ထက်ဝက် လောက်ကို ဖိနပ်တစ်ရံဝယ်ဖို့ ဝန်မလေးတဲ့ လူငယ်တွေ တွေ့ဖူး တယ်။ ဖိနပ်တစ်ရံရဲ့ တန်ဖိုးက ဂဏန်းခြောက်လုံးလောက်အထိ ပေးပြီး ဝယ်စီးတဲ့သူလည်း ရှိတယ်။ ကျွန်တော်ကတော့ ဖိနပ်ကို အဆင်တန်ဆာလို့ သဘောမထားဘူး။ အသုံးအဆောင်လို့ပဲ သဘောထားတယ်။

          ဖိနပ်တွေအကြောင်းပြောရင် စင်ဒရဲလားရဲ့ ဖိနပ်ပုံပြင်ကို လည်း ချန်ထားလို့မရဘူး။ ရွှေဖိနပ်တစ်ဖက် ကျန်ခဲ့တဲ့ မင်းသမီး လေးကို မင်းသားက တစ်အိမ်တက်ဆင်း လိုက်ရှာတာလေ။ အမျိုးသမီးကြီးငယ်ရွယ်လတ်အားလုံး စီးကြည့်ကြပေမယ့် မတော်ကြဘူး။ စင်ဒရဲလားအလှည့်ရောက်မှ စီးလို့ ကွက်တိဖြစ် သွားတယ်။ ဇာတ်လမ်းက ဟတ်ပီးအန်းဒီး (Happy Ending) ပျော်ရွှင်စွာပေါင်းဖက်ကြစေသတည်းပေါ့။

          မြန်မာ့ယဉ်ကျေးမှုဘာသာရေးနယ်ပယ်မှာလည်း ဖိနပ်က ပါနေပြန်တယ်။ ရဟန်းခံရှင်ပြု အလှူလုပ်ရာမှာ ဖိနပ်က မပါ မဖြစ်ပစ္စည်း၊ ပရိက္ခရာရှစ်ပါးမှာ တစ်ပါးအပါအဝင်ပေါ့။ ဖိနပ်တင် မကဘူး၊ ထီးတောင် ပါလိုက်သေးတယ်။ ဒါကြောင့်လည်း ဒီခရီး ကို ဒီထီးနဲ့၊ ဒီဖိနပ်နဲ့၊ ဒီအရပ်ကို သွားတယ်ဆိုတာတွေ ပေါ်လာ တာပေါ့။ တချို့ကလည်း ရေဘူးနဲ့ ဖိနပ်မပါ နွေခါမှ သိ၊ သီလနဲ့ ဒါနမပါ သေခါမှ သိဆိုပြီး ပြောကြပြန်တယ်။

          မြန်မာ့နည်း၊ မြန်မာ့ဟန် ရီဆိုက်ကယ်ဖိနပ်တွေလည်း ရှိ သေးတယ်။ ကားတာယာအဟောင်းတွေကို ဖြတ်လှီးပြီးတော့ ဖိနပ်လုပ်ထားတာပါ။ ဈေးကွက်မှာ အလွယ်တကူ ကားဖိနပ်လို့ ခေါ်ကြတယ်။ မိတ္ထီလာမြို့နယ်က အမြောက်အမြားထုတ်လုပ်ပြီး မန္တလေးဈေးကွက်ထဲကို တင်ပို့ကြတယ်။ ကားဖိနပ်တွေက တော သူတောင်သားတွေရဲ့ အသုံးတော်ခံတွေပါပဲ။ ရွှံ့ထဲ၊ ဗွက်ထဲ၊ လယ် ထဲ၊ ကိုင်းထဲဆင်းပြီး တောင်သူအလုပ်ကို နွားနဲ့ ဖက်ရုန်းတဲ့အခါ အဖိုးနည်း ဝန်ပါ ကားဖိနပ်တွေက အသုံးတည့်လှတယ်။ ရာသီ ဥတုဒဏ်၊ ဆူးညှောင့်ခလုတ်ကန်သင်းဒဏ်တွေကို ကာကွယ်ပေး တယ်။ နတ်သမီးမီးခြစ်နဲ့ နင်လား၊ ငါလားပေါ့။ ဥတုသုံးပါးခံသည် ဆိုတာမျိုးလေ။ အဲဒီလို ကားတာယာအဟောင်းတွေနဲ့ လုပ်ထား တဲ့ ကားဖိနပ်ကို ဗီယက်နမ်သမ္မတကြီး ဟိုချီမင်းလည်း စီးဖူးပါ သတဲ့။ ကျွန်တော်တို့ဆီက တောသူတောင်သားတွေ ကားတာ ယာဖိနပ်ကို စီးကြတာ ဟိုချီမင်းကြီး အားကျလို့တော့ ဟုတ်ဟန် မတူ။ ရာသီဥတုနဲ့ ကိုက်ညီတာရယ်၊ ဈေးနှုန်းသက်သာတာရယ်၊ ခိုင်ခံ့တာရယ်၊ ဝယ်လို့လွယ်တာရယ်ကြောင့် ဖြစ်မယ်။

          ဖိနပ်နဲ့ ပတ်သက်တဲ့ တေးသီချင်းတွေလည်း ရှိတယ်။ စင် ဒရဲလားသီချင်းဟာ နာမည်ကျော်ကြားလူကြိုက်များတဲ့ သီချင်း တစ်ပုဒ်ပေါ့။ အဆိုတော်လွှမ်းမိုးဆိုထားတဲ့ ကတ္တီပါဖိနပ်စီး ရွှေ ထီးဆောင်းတို့၊ ထူးအိမ်သင်ဆိုထားတဲ့ တစ်နေ့နေ့တော့ ချစ်လာ လိမ့်မည်တို့မှာလည်း ဖိနပ်ကို ရေးဖွဲ့ထားပါပကော။

          ”သူဆင်မြန်းတဲ့ ဖိနပ်နီနီxxxကျွန်တော်ခဏဖြစ်ချင်သည် xxxကြင်နာသူလေး ခလုတ်မထိဖို့xxxကိုယ်ကြိုးစားမည်xxxရင် မှာ ဒီလောက်ချစ်ပါသည်xxxဒါကို သူလည်း သိနေသည်xxxတစ် နေ့နေ့တော့ ဖြစ်လာလိမ့်မည်xxx”

          လူတွေမကြိုက်တဲ့ ဖိနပ်သံတွေလည်း ရှိတယ်။ အဲဒါက တော့ စစ်ဖိနပ်သံတွေပဲ။ အမှောင်ခေတ်ကြီးထဲမှာ စစ်ဖိနပ်သံတွေ တဖြောင်းဖြောင်းက နတ်ဆိုးကျိန်စာတိုက်သံလိုပဲ။ စစ်ဖိနပ်သံ တွေကြားမှာ ဘဝတွေ ကတိမ်းကပါးဖြစ်သွားသူတွေ မရေတွက် နိုင်အောင် များလှတယ်။ ထားလိုက်ပါတော့။

          ဖိနပ်အကြောင်း ပြောတော့မယ်ဆိုရင် ခုံဖိနပ်တွေကို ချန် ထားလို့မရဘူး။ အောက်ခံခုံကို သစ်သားပြားနဲ့ ပြုလုပ်ထားပြီး သဲကြိုးကို ကားတာယာအဟောင်းနဲ့ လုပ်ထားတယ်။ ခုံဖိနပ်စီး သွားတဲ့အခါ တဂွပ်ဂွပ်နဲ့ မြည်လို့ တချို့က ဂွပ်ဂွပ်ဖိနပ်လို့လည်း ခေါ်ကြတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ အိမ်တိုင်းစေ့နီးပါး  ခုံဖိနပ်စီးတဲ့ ဓလေ့ ရှိခဲ့ဖူးတယ်။ အောက်ခံသစ်သားခုံကို နီညို   ရောင်သင်္ဘောဆေး ခပ်ကြမ်းကြမ်းသုတ်ထားတာ မှတ်မိတယ်။ အောက်ခြေလူတန်းစားနင်းပြားတွေရဲ့ အမှတ်လက္ခဏာတစ်ခု ပေါ့။ ခုံဖိနပ်တစ်ရံကို သုံးကျပ်ခွဲ၊ လေးကျပ်လောက်သာ ပေးရ ချိန်။ အဲဒီတုန်းက လက်ဖက်ရည်တစ်ခွက် တစ်ကျပ်။

          ခုံဖိနပ်ကို စွဲစွဲမြဲမြဲ သေသည်အထိ ဘဝတစ်လျှောက်လုံး စီးသွားသူတစ်ယောက်ကို တွေ့ဖူးတယ်။ ခေါင်းတုံဆံတောက် ဆံပင်ရယ်၊ ဖျင်အင်္ကျီဖားဖားကြီး အမြဲဝတ်ဆင်လေ့ရှိပြီး ခုံဖိနပ် ကို ကွယ်လွန်ချိန်အထိ ခုံခုံမင်မင် စီးသွားသူဖြစ်တယ်။ အဲဒီလူ ကြီးက အလှူအတန်းရက်ရောသလို အခြားတစ်ဖက်မှာလည်း မကောင်းမှုနဲ့ နာမည်ကျော်တဲ့သူ ဖြစ်နေပြန်တယ်။ သူက ငွေ      ကြေး ပြည့်စုံကုံလုံြ<ွကယ်ဝပါရက်နဲ့ ပွဲလမ်းသဘင်သွားလည်း ခုံ ဖိနပ်ကြီး စီးတာပဲ။ အိမ်နေရင်းလည်း ခုံဖိနပ်မချွတ်ဘူး။ ဘဝတစ် လျှောက်လုံး ခုံဖိနပ်ကို ခုံခုံမင်မင်စီးသွားသူပေါ့။

          အခုတော့ ခုံဖိနပ်တွေက မြင်ချင်ပါတယ်ဆိုရင်တောင် မြင် ဖို့ မလွယ်ကူတော့တဲ့ အနေအထားကို ရောက်လာပြီ။ အရင်က တော့ ခုံဖိနပ်တစ်ရံ ဝယ်ချင်ရင် ရပ်ကွက်ထဲက အိမ်ဆိုင်မှာ ဝယ် လည်း ရတယ်။ လမ်းထိပ်က ကုန်စုံဆိုင်သွားဝယ်လည်း ရတယ်။ ဈေးသက်သာချင်သပဆိုရင် ဈေးသွားဝယ်လိုက်ရုံပဲ။ အခုတော့ ကုန်စုံဆိုင်မပြောနဲ့၊ ဈေးမှာတောင် ဝယ်ဖို့ မလွယ်တော့ဘူး။

          ခုံဖိနပ်တွေ ရောင်းခဲ့ဖူးတဲ့ ညီငယ်တစ်ယောက်ရဲ့ ပြော စကားက စိတ်ဝင်စားစရာကောင်းတယ်။

          ”အရင်က မ္တနလေးမြို့၊ ဧရာဝတီမြစ်အနောက်ဘက် ဟင်း ရွက်စုဆိုတဲ့ ရွာက တစ်ရွာလုံးနီးပါး ခုံဖိနပ်လုပ်ရောင်းကြတာ။ အခုတော့ ခုံဖိနပ်လုပ်တဲ့ သစ် ရှားလာလို့ ဖိနပ်လုပ်တဲ့သူတွေ တခြားအလုပ် ပြောင်းကုန်ကြပြီ။ ဖိနပ်လုပ်တဲ့ သစ်က တမာသား နဲ့ လုပ်ကြရတာ။ အိမ်ထောင်စုတစ်စုပဲ ခုံဖိနပ်လုပ်တဲ့သူ ရှိတော့ တယ်။ အဲဒီမိသားစုလည်း ဒီမှာ (မန္တလေးမှာ) ကုန်ကြမ်းမရလို့ ကုန်ကြမ်းရတဲ့ အထက်မော်လူးဒေသကို သွားလုပ်နေရတယ်။ ထွက်သမျှ ခုံဖိနပ်အားလုံးကို ဖြုန်းပေးနိုင်ပေမယ့် ကုန်ကြမ်းမရ တော့ ဘယ်လိုမှ မတတ်နိုင်ဘူး”

          အခုခေတ်စားနေတဲ့ ကွင်းထိုးဖိနပ်တွေရဲ့ မူလအစက ခုံ ဖိနပ်တွေလို့ ပြောနိုင်မယ်ထင်တယ်။ ကုန်ကြမ်းအခက်အခဲ ကြောင့် သုံးစွဲသူ အဆင်သင့်ရှိနေသည့်တိုင် လုပ်မပေးနိုင်တော့ ဘူး။ ခေတ်က မတောင်းဆိုလို့ ပျက်စီးသွားတဲ့ မိရိုးဖလာ တစ်နိုင် တစ်ပိုင် စီးပွားရေး မဟုတ်ဘူး။ ရောင်းပေးမယ့် ဈေးသည်လည်း ရှိတယ်၊ ဝယ်ယူအသုံးပြုမယ့် ကပ်စတန်မာလည်း ရှိပေမယ့် ကုန် ကြမ်းကြောင့် ဆက်လက်မထုတ်လုပ်နိုင်တော့တဲ့ မိဘလက်ငုတ် လက်ရင်းတွေ ဘယ်လောက်များ များပြားနေပြီလဲ။ ဒီကြားထဲ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ကုန်ကြမ်းအခက်အခဲဖြစ်နေချိန်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အရောင်လှလှ ဒီဇိုင်းသွက်သွက် ဖိနပ်တွေ က ဈေးကွက်ထဲကို ဒလဟော စီးဝင်နေတယ်။ ဝင်လာတဲ့ ဖိနပ် တွေကလည်း လူတန်းစားအားလုံးအတွက် ရည်ရွယ်ထုတ်လုပ် ထားတာ။ ကလေး၊ လူကြီး၊ ယောကျ်ား၊ မိန်းမ၊ ကျောမွဲ၊ သူဌေး ဘယ်ဟာမှ မလွတ်စေရဘူး။ မိဘလက်ငုတ်လက်ရင်း တစ်နိုင် တစ်ပိုင် အိမ်တွင်းမှုစီးပွားရေးလေးတွေကို ကုန်ကြမ်းကြောင့်၊ နည်းပညာကြောင့်၊ အခွန်အတုတ်ကြောင့်၊ ဈေးကွက်ကြောင့် စတဲ့ စာကြောင်းပေါင်းများစွာ ပြုတ်ပြုတ်ပြုန်းမသွားရအောင် ဘယ်လိုကျားကန်ပေးကြမလဲ။ ဘယ်သူတွေက ကူညီကြမလဲ။ အမျိုးသားအကျိုးစီးပွားကာကွယ်မြှင့်တင်ရေးဟာ အော် ကောင်းဟစ်ကောင်းရုံ ရေးထားတဲ့ ကြွေးကြော်သံ မဟုတ်တာ သေချာပါတယ်။ ဒီလိုနဲ့ တိမ်ကောပျောက်ကွယ်သွားရတဲ့ မြန်မာ့ လက်ငုတ်လက်ရင်း တစ်နိုင်စီးပွားရေးလုပ်ငန်းတွေ ဘယ် လောက်များနေပြီလဲ။ မနက်ဖြန်သန်ဘက်ခါရောက်ရင်ပဲ လူ ပြောသူပြောများလှတဲ့ အက်ဖတာတို့၊ အေအီးစီတို့က လာတော့ မယ်။ အဲဒီအခါ တစ်နိုင်စီးပွားရေးလေးတွေ ဈေးကွက်လက်ဝါး ကြီးအုပ်တာ မခံရအောင် အခုကတည်းက ပြင်ဆင်ထားပါမှ တော်ကာကျပါလိမ့်မယ်။

          ကျွန်တော့်ညီငယ်တစ်ယောက်ကတော့ ဖိနပ်ခရေစီဖြစ် လွန်းသူလို့ ပြောလို့ရတယ်။ သူ့ဖိနပ်စင်မှာ နိုင်ငံခြားဖြစ် ဖိနပ်တွေ ကို အစီအရီထားတယ်။ ဖိနပ်တစ်ရံကို ကျပ်လေးငါးရှစ်သောင်း တန်တာအထိ သူ့ဖိနပ်စင်မှာ ရှိတယ်။ ကျွန်တော့်လို အဘိုးကြီး ပေါက်စအဖို့ အံ့သြစရာကို ဖြစ်လို့။ သူ့အပြောအရတော့ နှစ်သိန်း ခွဲ၊ သုံးသိန်းပေးရတဲ့ ဖိနပ်တွေလည်း ဈေးကွက်ထဲမှာ ရှိနေသတဲ့။ ဝယ်သူရှိလို့ ရောင်းသူရှိနေတာလား၊ ရောင်းသူရှိလို့ ဝယ်သူရှိနေ တာလား၊ သူတို့လို ခေတ်လူငယ်တွေအဖို့ ဖိနပ်တွေက ဂုဏ်ရည် ပြပစ္စည်းဖြစ်နေပြီ။ ကျွန်တော်ကတော့ ခြေဖဝါးအောက်မှာ ထား မယ့် ဖိနပ်တစ်ရံအတွက် ငွေပမာဏ များများ မသုံးနိုင်ဘူး။ မသုံး ချင်ဘူး။ မသုံးရက်ဘူး။ ဒါပေမဲ့ သူတို့က သူတို့မျှသာဖြစ်ပြီး ကျွန်တော်က ကျွန်တော်သာဖြစ်တယ်။

          ဈေးကွက်ထဲမှာတော့ ဖိနပ်အဆင် ဒီဇိုင်းမျိုးစုံက အရွယ် အစားမရွေး အချိန်နဲ့အမျှ ဝင်နေတယ်။ တရုတ်က ဝင်တယ်၊ ယိုးဒယားကလည်း ဝင်တယ်၊ ဟောင်ကောင်တို့၊ ဥရောပတို့လို နိုင်ငံ တွေကလည်း ဝင်နေတဲ့အပြင် အမေရိကန်ကလည်း ဝင်နေ တယ်။ ဖိနပ်တစ်ခုတည်းနဲ့တင် နိုင်ငံခြားငွေသန်းပေါင်းများစွာ နှစ်စဉ် အသုံးပြုနေရတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ ရွာ လွတ် ဖိနပ်ဆိုတာ ရှိခဲ့ပေမယ့် အခုတော့ ရှိမှ ရှိသေးရဲ့လား မသိ ဘူး။ ရာဘာကုန်ကြမ်းလည်း ထွက်တယ်။ သားရေကုန်ကြမ်း လည်း ထွက်တယ်။ ထွက်သမျှ ကုန်ကြမ်းတွေကို တရားဝင်ရော တရားမဝင်ပါ ပြည်ပ တင်ပို့တယ်။ အလုပ်သမားတောင် တင်ပို့ လိုက်သေးတယ်။ မြန်မာကုန်ကြမ်းနဲ့ မြန်မာအလုပ်သမားက ပြည်ပမှာ လုပ်လိုက်တဲ့ ဖိနပ်ကို ပြည်တွင်းပြန်သွင်းပြီး ပြန်စီး ကြတယ်။ တွေးကြည့်တာနဲ့တင် ပျော်စရာကြီး။

          ကျွန်တော်ကတော့ နွေ၊ မိုး၊ ဆောင်း မန္တလေးသားရေဖိနပ် ကိုပဲ စီးဖြစ်တယ်။ ဒေသစွဲကြီးလို့ မဟုတ်သလို ပြည်တွင်းအလုပ် အကိုင်တွေကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းနေတာ လည်း မဟုတ်ပါဘူး။ ဈေးနှုန်းသင့်တယ်၊ ရာသီဥတုနဲ့ ကိုက်ညီ တယ်၊ စီးရတာ ကျွန်တော့်အတွက် အဆင်ပြေတယ်၊ သားရေဖိနပ် လုပ်သူတွေ ရှိနေသရွေ့ ဆက်ပြီး စီးဖြစ်နေဦးမှာပါ။ မိတ်ဆွေတို့ ရော ဘာဖိနပ်တွေ စီးဖြစ်ကြလဲ။ မိတ်ဆွေတို့ ပြောတဲ့ ဖိနပ်ပုံပြင် တွေ ကျွန်တော် နားထောင်ချင်ပါသေးတယ်။      ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."