လွမ်းဖွယ် အညာ ဘူတာရုံ

Photo- Than Naing Oo

မီးရထားဘူတာရုံတွေနဲ့ ပတ်သက်လို့စာရေးဆရာတွေ၊ ကဗျာဆရာတွေ အများအပြားမဟုတ်တောင် မနည်းမနော ရေးဖွဲ့ ခဲ့ပြီးကြပါပြီ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူခိုးငနဲ လူညာတွေပေါတဲ့ ပဲခူးဘူတာအကြောင်းအညာမင်္ဂလာဆောင်လေးချိုးကြီးမှာ ထည့်သွင်းရေးဖွဲ့ ခဲ့တယ်။

စာရေးဆရာ ရဲသျှမ်းကတော့ မီးရထားဝတ္ထုတိုတွေ တစိုက်မတ်မတ်ရေးဖွဲ့ခဲ့ပြီး ‘အသည်းကွဲရှန်တိန်’ဆိုတဲ့ ဝတ္ထုက သူ့ရဲ့ ထင်ရှားတဲ့ မီးရထားဝတ္ထု ဖြစ်ခဲ့တယ်။

စာရေးဆရာမ မြို့သာမရာထိုကလည်း သူနေတဲ့ မြို့က ဘူတာရုံလေးနဲ့ မီးရထားစီး ခရီးသည်တွေအကြောင်း တောရထား စာအုပ်ရေးပြီး အမျိုးသားစာပေဆု ဆွတ်ခူးနိုင်ခဲ့တယ်။ မောင်ချောနွယ်ရဲ့ ဆတ်သွားဆိုတဲ့ ရထားကဗျာကလည်း သူနဲ့ ခေတ်ပြိုင်တွေကို ဟတ်ထိစေခဲ့တဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။ ကျွန်တော်တို့ခေတ်ရဲ့ ဂီတသူရဲကောင်း ထူးအိမ်သင်ကတော့ သူ့ရဲ့ နာမည်ကျော်  ‘အမေ့အိမ်’ သီချင်းမှာ ‘ရထားဥသြသံလေးများ ကြားရင် xxx အိမ်ပြန်ချင်တဲ့ စိတ်လေး တားမရဘူးxxx’ ဆိုပြီး သီချင်းထဲ ထည့်ဆိုခဲ့တယ်။ ရထားနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက သဟဇာတ ဖြစ်လှတယ်။ ရထားနဲ့ ပတ်သက်တဲ့ သီချင်းတွေ၊ ကဗျာတွေ ရေးခဲ့သားခဲ့ကြတယ်။ ရထားနဲ့ပတ်သက်တဲ့ နာမည်ကျော် လုံးချင်းဝတ္ထုရှည်ကြီးလည်း ရှိသေးတယ်။ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ မသိန်းရှင်ဆီ ပို့ပေးပါဆိုတဲ့ ဝတ္ထု။ သူ့ခေတ်သူ့အခါက ခေတ်ပြိုင်ခံစားမှုကို ရေးဖွဲ့ခဲ့တဲ့ သရုပ်ဖော်ဝတ္ထုရှည်တစ်ပုဒ်လည်း ဖြစ်ပါတယ်။

အညာမြို့လေးက ဘူတာရုံလေးအကြောင်း မိတ်ဆွေတို့ကို ပြောပြချင်ပါတယ်။ အဲဒီ ဘူတာရုံလေးက ရထားကြီးငယ်တွေ အမြဲမပြတ် ဝင်ထွက်သွားလာနေတဲ့ ဘူတာ မဟုတ်ဘူး။ ဈေးသည်တွေရဲ့ အော်ဟစ်ဆူညံသံတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ဘူတာရုံလည်း မဟုတ်ဘူး။ တစ်နေ့လုံးနေမှ ရထားနှစ်စင်းလောက်ပဲ ဖြတ်တယ်။

ဘူတာရုံလေးက ဘူတာရုံနဲ့ မတူဘဲ တောရကျောင်းလေးလိုပဲ ငြိမ်သက်တိတ်ဆိတ်နေတယ်။ ကျွန်တော်တို့ရောက်တဲ့ မေလ နောက်ဆုံးပတ် ဥပုသ်နေ့ မနက် ၁ဝ နာရီလောက်မှာ ခရီးသည် စုစုပေါင်း တစ်ယောက်သာ ဘူတာရုံထဲက သစ်သားကွပ်ပျစ်ပေါ်မှာ အေးအေးလူလူ ထိုင်နေတယ်။

မြန်မာနိုင်ငံမှာ ဘူတာရုံကြီးငယ်တွေ ရာချီရှိနိုင်တယ်။ ဘူတာရုံတိုင်းမှာ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကောင်းတွေ အသေအချာရှိနေမှာဖြစ်တယ်။ လူတကာစုံတဲ့ ဘူတာရုံလို့ ဆိုထားတာကိုး။ ကျွန်တော်ကတော့ အညာမြို့လေးက ဘူတာရုံလေးတစ်ရုံကိုပဲ အာရုံတိမ်းညွှတ်နေမိတယ်။ အထူးသဖြင့် စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား ဦးသိန်းဖေမြင့်ရဲ့ အရေးအဖွဲ့ကြောင့် သူ့မြို့က ဘူတာရုံလေးက ရေးဖို့ အကြောင်းဖန်လာရခြင်း ဖြစ်ပါတယ်။ ဆရာဦးသိန်းဖေမြင့်က သူ့ဇာတိ ဘုတလင်မြို့က ဘူတာရုံလေးအကြောင်း သူ့စာထဲမှာ အခုလို မမေ့မလျော့ မှတ်တမ်းတင်ခဲ့တယ်။

‘ရန်ကုန်ကျောင်းသွားတက်တော့ အမေ မီးရထားဘူတာ လိုက်ပို့သည်ဟု အမှတ်ရသေးသည်။ အမေ့မှာ တမာပင်လေးကို မှီလျက် ညှိုးငယ်သော မျက်နှာငယ်နှင့် ကျွန်တော့်ကို ကြည့်နေပါသည်။ ရထားလူကျပ်သဖြင့် ကျွန်တော့်မှာ ပြတင်းပေါက်တည့်တည့်တွင် နေရာမရ ဖြစ်လေရာ အမေ့အား မျက်နှာကို ပြည့်ဝစွာ မပြနိုင်လေပါ။ အမေကား အားမလိုအားမရ ဖြစ်နေ၏’

ဆရာသိန်းဖေမြင့်ရဲ့ ဘုတလင်ဘူတာရုံမှာ သားဖြစ်သူကို ဘူတာလိုက်ပို့တဲ့ အဖွဲ့အနွဲ့ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့အနွဲ့ကပဲ ကျွန်တော့်ကို ဘုတလင်ဘူတာရုံလေးအကြောင်း ရေးဖို့ တွန်းအား ဖြစ်စေခဲ့တယ်။ ဆရာဦးသိန်းဖေမြင့်က အမေချစ်သားပီပီ သူ့အမေအကြောင်း အလျဉ်းသင့်သလိုရေးဖွဲ့ ခဲ့တာချည်းပဲ။ ကာလကတ္တားကို ကျောင်းအဖွင့်အပြန် ဆားလင်းကြီးကအထွက် မြင်ကွင်းအဖွဲ့ကိုလည်း အခုလို ရေးခဲ့သေးတယ်။

‘ကာလကတ္တားသို့ ပြန်ရန် ဆားလင်းကြီးမှ ထွက်သောအခါ ဘတ်စ်ကားဂိတ်သို့ အမေ လိုက်ပို့သည်။ ကားပေါ်က ကျွန်တော့်အား ကားအောက်က အမေက မျက်ရည်တွေနှင့် စိုက်ကြည့်နေစဉ် ကားစက်နှိုး၍ ထွက်ပါသည်။ ထိုအခါ အမေမှာ သူ့ကိုယ်သူမထိန်းနိုင်ဘဲ ကားနောက်က အပြေးကလေးလိုက်၍ ကျွန်တော့်မျက်နှာကိုပင် စိုက်ကြည့်လျက် ကြည့်မြဲ ကြည့်နေပါသေးသည်။ သို့သော် ဘတ်စ်ကားသည် အမေ မမီအောင် ပြေးလေပြီ’

ဆရာဦးသိန်းဖေမြင့်ရဲ့ အရေးအဖွဲ့ဂုဏ်ကြောင့် စာဖတ်သူတွေမှာပါ လွမ်းမောဝေဒနာ ခံစားရတယ်။ ကျွန်တော် ဒီစာပိုဒ်ဖတ်တိုင်း ဆရာဦးသိန်းဖေမြင့်တို့ သားအမိရဲ့ အလွမ်းဇာတ်ဝင် ခန်းတစ်ပုဒ်လို မြင်ယောင်မိတာချည်းပဲ။ ဆရာကတော့ သူ့စာကို အခုလို ဆက်ရေးပါတယ်။

‘သည်လို အမေ ကားနောက်က အပြေးကလေး လိုက်ကြည့်ပုံကို ကာလကတ္တားတက္ကသိုလ်မှ ကျွန်တော့်ဆရာ ဒေါက်တာဘရူးဝါးအား ပြောပြလေရာ ‘မင်းကရော မျက်ရည်ကျသေးလား’ဟု မေး၏။ ကျွန်တော်ကတော့ မကျဘူးဟုဆိုရာ ဟက်ဟက်ပက်ပက်ရယ်ပြီး ‘မင်းလိုကောင်မျိုး ဒီလို ချစ်မြတ်နိုးတဲ့အမေနဲ့ မထိုက်တန်ဘူး’ဟု မှတ်ချက်ချပါသည်’

Photo- Than Naing Oo

ကျွန်တော်နဲ့ ကားဆရာ ဘုတလင်ဘူတာရုံထဲ ရောက်တဲ့အခါ မီးရထားသံလမ်းပေါ် အေးအေးလူလူ ထိုင်နေတဲ့ ဘုတလင်မြို့နယ် ညောင်ကန်ရွာသား ကိုသိန်းငွေကို တွေ့ရတယ်။ လူကြုံက ရထားန့ဲ တင်ပေးလိုက်မယ့် ငှက်ပျောခိုင်ကို လာစောင့်နေတာပါ။ ကိုသိန်းငွေက သူ့ရွာသူ အမွှမ်းတင်တယ်။ ”ကျွန်တော်တို့ရွာက ညောင်ကန်ဆရာတော်ဦးဗုဓ်ရဲ့ ဇာတိဗျ။ နန်းမတော်မယ်နု ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးပေါ့”။ ကျွန်တော်က သူ့ရွာအခြေအနေ မေးကြည့်တယ်။ ”ဒီနှစ် ပဲတီစိမ်းတော့ မရကြဘူး။ ကုလားပဲတော့ ရကြတယ်။ ပဲစင်းငုံနဲ့ မြေပဲတော့ ကြဲထားတာပဲ။ ရမလား၊ မရဘူးလား ပြောတော့ မရဘူး။ အခုမှ ထယ်ရေးလိုက်ကြတုန်း ရှိသေးတာ။ ကျွန်တော်က ရှမ်းပြည်ဘက်က အချိုခြောက်စက်ရုံမှာ သွားလုပ်တာ။ အခု လုပ်ငန်းသိမ်းချိန်မို့ ပြန်လာတာ။ ရွာက လူငယ်တွေကတော့ ထန်းတက်ရင် တက်၊ ထန်းမတက်ရင် ဖားကန့် တက်ကြတာပဲ”။

ကျွန်တော်နဲ့ ကိုသိန်းငွေက ဘုတလင်ဘူတာရုံရဲ့ ညာဘက်ထောင့်က တမာပင်ကြီးအောက်မှာ ထိုင်ရင်း စကားပြောနေကြတာပါ။ ဆရာဦးသိန်းဖေမြင့်ရဲ့ အမေမှီခဲ့တဲ့ တမာပင်လေးများ ဖြစ်နေလေရော့သလား။ တမာပင်ကြီးရဲ့ ပင်စည်လုံးပတ်က လူကြီးသုံးယောက်လောက် ဖက်မှ ရလိမ့်မယ်။ ကျွန်တော် ကိုသိန်းငွေနဲ့ စကားပြောရင်း ဘုတလင်ဘူတာရုံကို ဓာတ်ပုံမှတ်တမ်းတင်တယ်။ ဘုတလင်ဘူတာရုံက ကိုလိုနီခေတ် ဘူတာရုံအဟောင်း လေးပါပဲ။ သုံးခန်းပတ်လည် တစ်ထပ်အုတ်ကာသွပ်မိုး အဆောက်အအုံလေးပါ။ ထည်ထည်ဝါဝါ ခမ်းခမ်းနားနား မရှိပေမယ့် သပ်သပ်ရပ်ရပ်တော့ ရှိတယ်။ ဘူတာရှေ့မှာ ပန်းစက္ကူရုံလေး ရှိတယ်။ စိန်ပန်းပင်ကြီးတွေက အညာနေရောင်အောက်မှာ ရဲပတောင်းခတ်အောင် ပွင့်နေကြတယ်။ ဘူတာရုံရဲ့ လက်ဝဲဘက်ထောင့်မှာ အုတ်ရေချမ်းစင်ရှိပြီး ကုသိုလ်ရှင် ဘယ်သူမှန်း မသိရဘူး။ အခိုင်အမာ ဆောက်လုပ်ထားတဲ့ အုတ်ရေချမ်းစင်ကို ထုံးဖွေးဖွေး သုတ်ထားပြီး ရေအိုးတွေ ရေအပြည့်ဖြည့်ထားတယ်။ ကျွန်တော်တို့ကားပေါ်မှာ ရေသန့်ဘူးတွေ ပါပေမယ့် အုတ်ရေချမ်းစင် သောက်ရေအိုးထဲကရေတွေ ကျွန်တော် ခပ်သောက်ခဲ့ပါ သေးတယ်။ မီးရထားဝန်ထမ်းအိမ်ရာအချို့ ကိုလိုနီခေတ်လက်ရာအတိုင်း ရှိနေသေးတယ်။ ဘူတာရုံအတွင်းမှာလည်း သွားနိုင်တဲ့ ခရီးစဉ်တွေကို ဗီနိုင်းနဲ့ ချိတ်ဆွဲထားတယ်။ မီးရထားလက်မှတ် ဝယ်ယူရာမှာ အပိုကြေးပေးရန် မလိုတဲ့အကြောင်း ဘူတာမှာ ကြေညာထားတယ်။ ဘုတလင်ဘူတာရုံလေးထဲမှာ အေးအေးဆေးဆေး ထိုင်နေတဲ့ ခရီးသည်တစ်ယောက် ရှိတယ်။ အသက် ၆ဝ ကျော်အရွယ် အညာသားကြီးတစ်ယောက်ပါ။ ဘုတလင်ဘူတာကို အသုံးပြုတဲ့ မီးရထားစီး ခရီးသည်တစ်ယောက်ကို တွေ့ရတော့ ကျွန်တော် ပျော်သွားမိတယ်။ သူက မီးရထားနဲ့ ပြန်လာတဲ့ ခရီးသည်တစ်ယောက် ဖြစ်တယ်။ သားရေလက်ဆွဲအိတ်လေး ဘေးချပြီး ဘူတာထဲက ဝါးကွပ်ပျစ်ပေါ်မှာ ထိုင်နေတာပါ။

Photo- Than Naing Oo

”နာမည် ဘယ်လိုခေါ်ပါသလဲဗျ။ ဘယ်ဇာတိလဲ”

”သန်းမြင့်ပါ။ ထူးကြီးရွာ(ဘုတလင်မြို့နယ်ထဲက)ဇာတိပါပဲ”

”ဘယ်က ပြန်လာတာလဲဗျ”

”ခင်ဦးကပါဗျာ”

”အလုပ်ကိစ္စနဲ့ သွားတာလား”

”မဟုတ်ပါဘူး။ ချွေးမနဲ့ မြေးလေး အလည်လာကြလို့ သူတို့အပြန် လိုက်ပို့တာပါ”

”ခင်ဦးနဲ့ ဘုတလင် ကားလိုင်းတွေ ရှိတယ်မဟုတ်လား။ ဘာကြောင့် ရထားနဲ့ သွားရတာလဲဗျ”

”ကားလိုင်းတွေကတော့ ရှိတာပေါ့။ ချွေးမက ကားစီးရင် ခေါင်းမူးတတ်တော့ ရထားနဲ့ လာတာလေ။ ဒီတစ်ခေါက် မြေးကလည်း ပါလာတော့ လိုက်ပို့ရတော့တာပဲ”

”ခင်ဦးမှာ ဘယ်နှရက်နေခဲ့သေးလဲ”

”မနေတော့ပါဘူး။ သူတို့ပို့ပြီးတာနဲ့ အစုန်ရထားနဲ့ ပြန်လိုက်လာတာပဲ”

”ရထားနဲ့ ကားခ ဘယ်ဟာက သက်သာသလဲဗျ”

”ရထားကတော့ တစ်ယောက်မှ (ကျပ်) ၅ဝဝ ပဲပေးရတယ်။ ကားခကတော့ တစ်ယောက် ၁ဝဝဝ လောက်ကျမယ်”

ဦးသန်းမြင့်က သူ့ရွာက လာကြိုမယ့် ဆိုင်ကယ်ကို စောင့်ရင်း ကျွန်တော်နဲ့ စကားပြောဖြစ်တယ်။ သူ့ရွာက ဘုတလင်မြို့နဲ့ အနည်းငယ်လှမ်းပြီး ဆိုင်ကယ်ခရီး နာရီဝက်သာသာ စီးရတယ်လို့ ဆိုပါတယ်။ မိရိုးဖလာ တောင်သူလုပ်ငန်း လုပ်ကိုင်တဲ့ တောသူတောင်သားတစ်ယောက်သာ ဖြစ်ပါတယ်။ ပဲစင်းငုံနဲ့ နှမ်းတွေ စိုက်ထားတဲ့အကြောင်း၊ မနှစ်က ပဲစင်းငုံအထွက်တိုးပေမယ့် ဈေးမရတဲ့အကြောင်း၊ အရင်နှစ်တွေက ပဲစင်းငုံ ဈေး ကျပ် ၄ဝ,ဝဝဝကျော်ခဲ့ပေမယ့် အထွက်တိုးတဲ့ နှစ်မှာ ကျပ် ၂၅,ဝဝဝ သာ ရခဲ့တဲ့အကြောင်း စီကာပတ်ကုံး ပြောပြတယ်။

တကယ်တော့ ဘုတလင်ဘူတာရုံက ခပ်သေးသေးရယ်ပါ။ ခရီးစဉ်လည်း အများကြီးပြေးဆွဲနိုင်တာ မဟုတ်ပါဘူး။ ဘုတလင်က မြောက်ဘက်ဆက်သွားရင် ငပရင်း၊ ဆယ်ကြီး၊ ကန်ပြား၊ တင်းတိမ်ရံ၊ ချမ်းသာ၊ ရေဦး၊ အင်းတော်၊ မြစ်တော်၊ ခင်ဦးမှာ ဂိတ်ဆုံးပါတယ်။ ဘုတလင်က တောင်ဘက်ဆက်သွားရင် အလုံနဲ့ မုံရွာကို ရောက်မှာ ဖြစ်ပြီး မုံရွာက လမ်းဆုံးဘူတာဖြစ်တယ်။ တစ်နေ့လုံးနေမှ ၅၉ အဆန်နဲ့ ၆ဝ အစုန် စုစုပေါင်း ရထားနှစ်စီးသာဖြတ်သွားတဲ့ ဘူတာလေးဖြစ်ပါတယ်။ ကားရထားခရီးစဉ်လည်းရှိပြီး ဒေသခံတွေက ရိုးရိုးရထားကို ရထားကြီးလို့ခေါ် ပြီး ကားရထားကိုတော့ ရထားလေးလို့ ခေါ် ကြပါသတဲ့။ ခရီးသည် တစ်ယောက်ကို ဘုတလင်ဘူတာကနေ မုံရွာဘူတာထိ ကျပ် ၂၅ဝ၊ ရေဦးဘူတာထိ ကျပ် ၃၅ဝ၊ ခင်ဦးဘူတာထိ ကျပ် ၅ဝဝ ကျသင့်မှာ ဖြစ်တယ်။ ဘုတလင်က မုံရွာမြို့ မြောက်ဘက် မိုင် ၂ဝ အကွာမှာ တည်ရှိတယ်။ မြို့လယ်မှာ ဗန္ဓုလ မြင်းစီးကြေးရုပ်ရှိတယ်။ မြို့နယ်ရုံးတွေကို ဘုတလင်မြို့တွင်း ဝင်တဲ့ လမ်းဘေးဝဲယာမှာ စီစီရီရီ တွေ့ရတယ။် ဘုတလင်ဘူတာက ဦးသိန်းဖေမြင့်ရဲ့ ဂူဗိမာန်နဲ့ မနီးမဝေးမှာ တည်ရှိတယ်။ ဘူတာသွားရာ လမ်းတစ်လျှောက်မှာ တမာပင်တွေ အုပ်မိုး ထားတယ။်နွေနှောင်းကာလမို့ ရွက်ကြွေတွေက တဖြောဖြော ကြွေကျနေတယ်။ တကယ်တော့ ဘုတလင်ဘူတာက မြေဝါတွေ သုတ်ထားတဲ့ အုပ်ကာသွပ်မိုးတစ်ထပ် အဆောက်အအုံလေးသာ ဖြစ်ပါတယ်။ မုံရွာနဲ့ ခင်ဦးကြားက တောဘူတာလေးသာ ဖြစ်ပြီး ခရီးသည်တွေ ကျိတ်ကျိတ်တိုး စည်ကားနေတာ မဟုတ်ဘူး။ ဒါပေမဲ့ သက်တမ်းအားဖြင့် မနည်းလှတော့ဘူး။ ဦးသိန်းဖေမြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝဆိုတော့ ၁၉၃၆ ဝန်းကျင် ဖြစ်မှာပေါ့။ တချို့ မီးရထားဝန်ထမ်းနေအိမ်တွေက ကိုလိုနီခေတ်လက်ရာအတိုင်း အခုထိ ရှိနေသေးတယ်။ညောင်ကန်ရွာသား ကိုသိန်းငွေက မီးရထားစောင့်နေရင်းသူ့ရွာ အလည်လိုက်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်တယ်။ ကျွန်တော်တို့မှာ အလုပ်ကိစ္စတွေ ရှိနေလို့ မလိုက်နိုင်ကြောင်း အားနာနာနဲ့ ငြင်းလိုက်ရတယ်။

Photo- Than Naing Oo

ဘုတလင်ဘူတာရုံက သမိုင်းဝင် ဘူတာရုံ မဟုတ်ပေမယ့် အလွမ်းဓာတ်တွေ ပေးစွမ်းနိုင်စွမ်းရှိတယ်။ အညာဒေသ တမာတောက တောဘူတာရုံလေး ဆိုသော်ငြား မေတ္တာတရားတွေ လွှမ်းခြုံထားတဲ့ ဘူတာလေး ဖြစ်ပါတယ်။ သူ့မှာ မြို့ကြီးပြကြီးက ဘူတာရုံကြီးတွေလို မခမ်းနား မထည်ဝါပေမယ့် ရိုးဂုဏ်နဲ့ လှပနေတယ်။ ဘုတလင်ဘူတာရုံလေးထဲမှာ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ပုန်းကြီးဖတ်စာထဲက စာတွေကိုပဲ သတိရနေမိတော့တယ်။

ဤခရီးနီးသလား။

လေးနာရီလာရ၏။

မီးရထား စီးလာပါ။

အလကား မစီးရ။

၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ Remembrance ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."