အရာတော် – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သမရိုးကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းတွေကို ယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က အရာတော်အရှေ့နယ်၊ သမရိုးကျေးရွာကို စစ်ကောင်စီတပ်တွေဟာ အင်အား(၅၀)ခန့်နဲ့ ဝင်ရောက်လာခဲ့ပြီး ရွာထဲက ပြည်သူတွေရဲ့နေအိမ်တွေ၊ စတိုးဆိုင်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများကိုလည်း ယူသွားခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကွန်ပျူတာ၊ ဖုန်းတွေနဲ့ ငွေစုထားတဲ့ ကလေးစုဘူးပါမကျန် သိမ်းဆည်းသွားပြီး နေအိမ်နဲ့ဆိုင်တွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ စုစုပေါင်း အနည်းဆုံးသိန်း(၅၀)ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့မနက် ၅း၀၀ နာရီခန့်ကလည်း အရာတော်-မုံရွာ ကားလမ်းမပေါ်မှာ အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီ တပ်သားတွေကို မဟာမိတ် ခုနှစ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေဟာ အရာတော်မြို့နယ်ထဲကကျေးရွာတွေကိုဝင်ရောက်အကြမ်းဖက်မီးရှိူ့တာတွေပြုလုပ်ခဲ့တဲ့အပြင် သမရိုးကျေးရွာနားရောက်ရှိလာပြီး ရွာထဲကစက်ပြင်သမားတစ်ဦးကို PDF လို့ စွပ်စွဲကာသတ်ဖြတ်ခဲ့ကြောင်း၊ ရုပ်အလောင်းကိုတော့ မူးမြစ်အတွင်းမျှောချခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပုံစာ – စစ်ကောင်စီတပ်တွေ ဝင်ဖျက်ဆီးသွားတဲ့ အိမ်များ။
ဓါတ်ပုံ-အရာတော်သတင်းမှန်ပြန်ကြားရေး
#Dailynews

