ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း)
အွန်လိုင်းစနစ်နဲ့ဈေးရောင်းချခြင်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုင်တွယ်ခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက အမိန့်ကြော်ငြာစာတစ်စောင် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
အွန်လိုင်းကနေဈေးရောင်းတဲ့လုပ်ငန်းကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ (ဂ) အရ အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာခဲ့တာပါ။
ဒါ့အပြင် အဲ့ဒီဝန်ဆောင်မှုကိစ္စရပ်များနဲ့ပတ်သက်တဲ့ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်စေတဲ့ အမိန့်ထုတ်ပြန်ခွင့်တွေကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အာဏာအပ်နှင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။
အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် အဲ့ဒီဈေးကွက်အတွင်းမှာ ကုန်စည်တွေကို ဈေးနှုန်းမြှင့်တင်ရောင်းချမှု၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်မှုတွေကို ထိန်းချုပ်အရေးယူလာနိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အွန်လိုင်းလုပ်ငန်းတွေနဲ့ပတ်သက်လို့ ထုတ်ပြန်လာမယ့် ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ရမှာဖြစ်ပြီး အွန်လိုင်းပေါ်က ဈေးရောင်းချနေတဲ့ ဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပါတယ်။
“အရင်က MLM စီးပွားရေးကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းထဲ သတ်မှတ်ပြီး တားမြစ်မိန့် ထုတ်ခဲ့တာမျိုးရှိတယ်။ အခုက စီး/ကူးကို အာဏာလွှဲပေးလိုက်တဲ့သဘောပဲပေါ့။ သူတို့ တားမြစ်မိန့်တွေ ညွှန်ကြားချက်တွေ ထုတ်ပြန်တာတွေ စောင့်ကြည့်ရတော့မှာပေါ့ အွန်လိုင်းဈေးကွက်တွေကို လိုအပ်သလို ထိန်းကြောင်းနိုင်တယ်၊ ပြီးတော့ သူတို့ နိုင်ငံတော်လုံခြုံရေးဆိုပြီးတော့ အချို့ဟာတွေကို တားမြစ်လာနိုင်တယ်၊” လို့ သူကပြောပါတယ်။
အရေးကြီးဝန်ဆောင်မှုလို့ သတ်မှတ်လိုက်တဲ့အတွက် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာနက အဲ့ဒီလုပ်ငန်းတွေကို မှတ်ပုံတင်ခိုင်းတာ၊ အခွန်အကောက် သတ်မှတ်ထုတ်ပြန်တာတွေ လုပ်ဆောင်လာနိုင်ပြီး အွန်လိုင်းကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်းရောင်းဝယ်သူတွေအပေါ် သက်ရောက်မှုရှိလာမယ်လို့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
“လုပ်ငန်းအကြီးတွေကတော့ လုပ်ငန်းလိုင်စင်တွေတင်ပြီး လုပ်ကြတာဆိုတော့ သိပ်ပြဿနာမရှိဘူးပေါ့၊ တစ်နိုင်တစ်ပိုင်သမားတွေကို ပိုသက်ရောက်လာမယ်ထင်တယ်၊ သူတို့က လုပ်ငန်းလိုင်စင်တွေ၊ မှတ်ပုံတင်ထားတာတွေမရှိဘဲ Facebook လိုမျိုးမှာတင်ပြီး ရောင်းနေကြတာမျိုးတွေ အများကြီးရှိတော့ သူတို့ကိုထိန်းချုပ်ဖို့လားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” လို့ အဝတ်အထည်တွေ အွန်လိုင်းကနေ ရောင်းချနေသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီလို သတ်မှတ်ပြီးနောက် ထုတ်ပြန်လာတဲ့တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေဟာ အွန်လိုင်းဈေးကွက်ကို ပိုမိုတွင်ကျယ်လာအောင် လုပ်ဆောင်နိုင်မယ့် အမိန့်ညွှန်ကြားချက်တွေ ဖြစ်သင့်တယ်လို့ အွန်လိုင်းကနေတဆင့် အလှကုန်ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။
“တကယ်က ပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်း ပိုအဆင်ပြေအောင် တင်သွင်းခွင့်တွေဖြေလျှော့ပေးတာမျိုး၊ ဈေးနှုန်းသက်သာလာအောင်လို့ အခွန်တွေ လျှော့ပေးတာမျိုးတွေ လုပ်ပေးသင့်တာပေါ့နော်၊ မဟုတ်ဘဲနဲ့ သူတို့ဥပဒေတွေကြောင့် ပိုပြီး လုပ်ရကိုင်ရ ခက်ခဲလာရင်တော့ အဆင်မပြေဘူးပေါ့၊ အခုတောင် အခက်အခဲတွေကြားက လုပ်နေကြတာ” လို့ သူက ပြောပါတယ်။
အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၂ မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဲ့ဒီဥပဒေမှာ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ထိခိုက်စေတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ကန့်သတ်တားဆီးဖို့နဲ့ မလိုလားအပ်တဲ့ကုန်စည်တွေ ပြည်တွင်းကို တင်သွင်းခွင့်ကို တားဆီးဖို့ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
အဲဒီ့ဥပဒေအရ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ တင်သွင်းမှု၊ ရောင်းချမှု၊ သိုလှောင်မှုတွေကို သက်ဆိုင်ရာက ကြီးကြပ်တားမြစ်မှုတွေ ပြုလုပ်နိုင်ပြီး ဥပဒေပါအချက်တွေကို ချိုးဖောက်ပါက ထောင်ဒဏ်ခြောက်လကနေ သုံးနှစ်အထိ ချမှတ်နိုင်တဲ့အပြင် ဒဏ်ငွေကျပ်ငါးသိန်းထိ ချမှတ်ခံရမယ့် ပြဋ္ဌာန်းချက်တွေပါဝင်ပါတယ်။
ပုံစာ – အွန်လိုင်း ဈေးဝယ် Website ကို ဝင်ရောက်ကြည့်ရှုနေသူတစ်ဦး
Photo : Mawkun
#Dailynews

