ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၅ (မော်ကွန်း)
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ဒီနေ့မနက်အစောပိုင်းမှာ လုံးဝသိမ်းပိုက်လိုက်နိုင်ပြီလို့ လားရှိုးကို တိုက်ခိုက်နေတဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဒီနေ့မနက် ၄း၀၀ နာရီခန့်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
“လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်” လို့ MNDAA သတင်းထုတ်ပြန်ရေးက ဒီနေ့မနက်မှာ ထုတ်ပြန်ခဲ့တာပါ။
လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဘယ်လိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်ကျဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ MNDAA က ထုတ်ပြန်ထားတာမရှိသေးပါဘူး။
လူမှုကွန်ရက်ပေါ်မှာ စစ်ရေးသုံးသပ်ချက်တွေရေးသားနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကတော့ လားရှိုးမြို့ရဲ့ စိုးမိုးကုန်းတွေနဲ့ လားရှိုးလေဆိပ်ကို သိမ်းပိုက်နိုင်တာကိုတော့ အတည်ပြုနိုင်ပြီဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလို့ သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ ဒီနေ့ မနက် ၁၁း၀၀ နာရီခန့်က ရေးသားထားပါတယ်။
မနေ့က ညနေပိုင်းထိတော့ လားရှိုးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် (၁)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၁၂) တွေမှာ တိုက်ပွဲပြင်းထန်နေပြီး နေအိမ်အများအပြားလည်း မီးလောင်နေတယ်လို့ လားရှိုးဒေသခံတစ်ဦးကပြောပါတယ်။
“တစ်ညလုံးတော့ တိုက်ပွဲတွေဖြစ်နေတာ။ မနေ့တည်းကတော့ ရမခကို ဝိုင်းပတ်ပြီးတော့ ပိတ်ထားပြီးပြီ။ မြို့ထဲမှာလည်း ရပ်ကွက်တွေလည်း မီးတွေလောင်နေပြီး တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်” လို့ ၎င်း လားရှိုးဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ လားရှိုးအခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၄၁ ကို MNDAA က သိမ်းပိုက်လိုက်ပြီးနောက်မှာ အဲဒီတပ်ရင်းက စစ်ကြောရေးမှာဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသတွင်းသတင်းတချို့မှာဖော်ပြထားပါတယ်။
မနေ့ကလည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ မန္တလေးတိုင်း မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပြီးနောက် နောက်ထပ်မြို့ကြီးတစ်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာပါ။
အလားတူပဲ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ဟာလည်း ပြီးခဲ့တဲ့လ နောက်ဆုံးပတ်မှာ စတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေး (ခေါ်) ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ထားနိုင်ပြီး မန္တလေးတိုင်းထဲက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း မြို့နယ်တွေမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ပုံစာ – MNDAA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – ကိုးကန့်မီဒီယာ

