သံတွဲမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်

 သံတွဲမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်

ရန်ကုန် – ၂၀၂၄ ဇွန် ၂၂ (မော်ကွန်း)

ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်မှာ မနေ့ကနေ့လယ်ပိုင်းက စစ်ကောင်စီနဲ့ AA  တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင် အဆောက်အအုံတချို့ ပျက်စီးသွားတယ်လို့ သံတွဲဒေသခံတချို့ကပြောပါတယ်။

သံတွဲမြို့နယ်က ရွှေလှေရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ကျေးရွာအတွင်းက လူနေအိမ်တွေအပြင် စာသင်ကျောင်း၊ ရဲစခန်းစတဲ့ အဆောက်အအုံတွေ ဗုံးထိမှန်ကာ ပျက်စီးခဲ့သလို အရပ်သားဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သံတွဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရွှေလှေရွာဟာ အာရက္ခတပ်တော် (AA) က ဝင်ရောက်ထိုးစစ်ဆင်ခဲ့တဲ့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးမှာရှိပြီး  အဲဒီအနီးတဝိုက်ကျေးရွာတွေမှာ ဧပြီလပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

“သံတွဲမှာ ဒီရက်ပိုင်းနည်းနည်းပြန်ငြိမ်နေတာ၊ ဒီမနက်ပြန်စတယ်၊ ရွှေလှေရွာ၊ ဆင်ခေါင်းရွာတွေကို ဗုံးကြဲသွားတယ်၊ ဆရာမတစ်ယောက်လည်း ထိသွားတယ်လို့တော့ကြားရတယ်” လို့ အဲဒီ သံတွဲဒေသခံကပြောပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဟာ ရခိုင်တောင်ပိုင်းဒေသတွေကို တပ်ဖြန့်လာပြီး သံတွဲမြို့နယ်နဲ့ ငပလီကမ်းခြေဒေသတွေမှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာကျော်ငပလီကမ်းခြေက ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေလည်း ပိတ်ထားရပြီး အဲဒီက ဝန်ထမ်းတွေလည်း ဘေးလွတ်ရာကို ရှောင်နေကြရတယ်လို့ ငပလီ ဂျိတ်တောကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက သူတို့ (စစ်ကောင်စီ) က ပင်လယ်ဝမှာ စစ်သင်္ဘောထိုင်ထားပြီး နေ့တိုင်း ဒီဘက်တောင်တွေကို လှမ်းပစ်နေတယ်။ လေကြောင်းကလည်း ပစ်တာရှိတယ်။ ကမ်းခြေကလုံးဝပိတ်ထားရတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။

AA နဲ့ စစ်ကောင်စီတပ်တို့ဟာ အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ်က သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မောင်တော အစရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေတဲ့ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က မြို့အများအပြားကို ထိန်းချုပ်ထားပြီး ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ နီးစပ်နေတာပါ။

ပုံစာ – ဗုံးကြဲခံရလို့ ပျက်စီးသွားတဲ့ ရွှေလှေကျေးရွာစာသင်ကျောင်း

ဓာတ်ပုံ – ပေးပို့

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."