ရေဦး – ၂၀၂၂ ဇန်နဝါရီ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ရွာသားနှစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံက ပြောပါတယ်။
မနေ့က ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ကျေးရွာအတွင်းက လူနေအိမ်တွေထဲ ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးအပါအဝင် ရွာသားနှစ်ဦးကို သတ်ဖြတ်သွားခဲ့ပြီး အမျိုးသားသုံးဦးလည်း ရိုက်နှက်ခံခဲ့ရလို့ ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“နှစ်ဦးက ညှင်းပန်းနှိပ်စက်ပြီးအသတ်ခံရတယ်။ သုံးဦးကိုလည်း ဖမ်းဆီးနှိပ်စက်သွားတယ်။ ရွာထဲကနေအိမ်တော်တော်များများကိုလည်းဖျက်ဆီးသွားပြီး ပစ္စည်းတချို့လည်းယူသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ ဒီကနေ့မနက်ပိုင်းက နှစ်ကြိမ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေ ရှိနေပါတယ်။
ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ကျေးရွာအချို့ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများက ပြောပါတယ်။
ပုံစာ – စစ်ကောင်စီတပ်များ ချမ်းသာကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးရိုက်နှက်သွားပြီးနောက်တွေ့ရစဥ်
ဓါတ်ပုံ- Ye-U Urban Guerrilla
#Dailynews

