ဂေထော
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၆ (မော်ကွန်း)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁ ရက်ကစပြီး တစ်နိုင်ငံလုံးရှိ မဲပေးခွင့်ရှိသူစာရင်း နောက်ဆုံးအကြိမ်ထုတ်ပြန်ရာ ရန်ကုန်တိုင်းဒေသကြီး၌ မဲပေးခွင့်ရှိသူ နှစ်သိန်းတိုးလာကြောင်း တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးတင်မောင်အေးက မော်ကွန်းသို့ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာအတွင်း ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းတွင် ၅၆ သိန်းရှိရာမှ ယခုနောက်ဆုံးအကြိမ်ကြေညာသည့် မဲစာရင်းတွင် မဲပေးခွင့်ရှိသူ ၅၈ သိန်းရှိလာသည်။
မဲပေးခွင့်ရှိသူဦးရေတိုးလာတာနှင့်ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်၊ကော်မရှင်အဖွဲ့ခွဲမှအတွင်းရေးမှူး ဦးမောင်မောင်တင်က “မိမိအမည်မဲစာရင်းမှာမပါလို့ ပုံစံ ၃ နဲ့လျှောက်တာရှိတယ်။ နောက်မဲစာရင်းလာမကြည့်တဲ့သူအချို့ကို ပံ့ပိုးကူညီရေးအဖွဲ့မှ အိမ်တိုင်ရာရောက်ကွင်းဆင်းပြီး လိုက်ကောက်တာရှိတယ်။အမှားလည်းရှိတယ်။ အမှားဆိုတာအရေးချွတ်မှားတာတွေ။အဲဒါတွေက ပုံစံ ၄ – ဂ နဲ့ ပြန်ပြင်ရတာ”ဟု သူက ပြောသည်။
မဲစာရင်းနောက်ဆုံးအကြိမ်စတင်ကြေညာသည့် အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိ မဲစာရင်းကပ်ထားသည့် ရပ်ကွက်ရ္ဂေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် မဲစာရင်းလာကြည့်သူ တစ်သိန်းသုံးသောင်းရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
လာမည့် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းတွင် ပါတီပေါင်း ၄၀ ကျော်၊တစ်သီးပုဂ္ဂလကိုယ်စားလှယ်အပါအဝင် ၉၄၉ ဦး ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်သည်။
ပုံစာ- ကျောက်တံတားမြို့နယ်၊အမှတ် ၃ ရပ်ကွက်၊ဓမ္မာရုံတစ်ခုတွင် မဲစာရင်းကပ်ထားသည်ကို မဲဆန္ဒရှင်တစ်ဦးက အောက်တိုဘာ ၁ ရက်တွင် လာရောက်ကြည့်ရှုစစ်ဆေးနေစဉ်
ဓာတ်ပုံ – ဂေထော
#Dailynews

