ဝက်လက် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရထားသံလမ်းဘေးကျေးရွာတွေက စစ်ရှောင် ၁၀,၀၀၀ ကျော်ဟာ ရာသီအကူးအပြောင်း တုပ်ကွေးကူးစက်ခံနေရတယ်လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့ဆီကသိရပါတယ်။
စစ်ရှောင်နေရတာ နှစ်လကျော်ကြာပြီဖြစ်တဲ့အပြင် ရာသီဥတုအကူးပြောင်းကာလဖြစ်တဲ့အခုချိန်မှာ ရာသီတုပ်ကွေးဖြစ်ပွားသူများနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့၊ တာဝန်ရှိသူ ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။
“စစ်ရှောင်တွေက ရာသီတုပ်ကွေးဖြစ်နေကြတာပါ၊ ဖျားရင်ဆေးဝယ်သောက်နေရပါတယ်၊ဆေးဝါးအကူညီလည်းလိုအပ်ပါတယ်၊ ဆောင်းဝင်တော့မှာဆိုတော့စောင်တွေလည်းလိုနေပါတယ်၊သက်ကြီးရွယ်အိုနဲ့ကလေးတွေလည်းဖျားနေတယ်”လို့ ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မန္တလေး -မြစ်ကြီးနားရထားသံလမ်းကို ဇွန်လက စတင်ပြီး စစ်ကိုင်းမြို့ဘက်ကနေပြုပြင်လာတာကြောင့် ဝက်လက်နယ်အရှေ့တောင်ခြမ်း၊ ထန်ကြီးရွာမ၊ထန်းကြီးဘူတာ၊ပေါက်ကန်ရွာမ၊ပေါက်ကန်ဘူတာ၊ကူကောင်းရွာ၊ သုံးဆင့်ကန်ရွာ၊ရေသောက်ကန်ရွာ၊ကူကောင်းရွာ၊ဝက်လူးအိုင်ရွာ၊သာလိုင်းရွာနဲ့ ရုံးသာရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရပ်နားထားခဲ့ရတဲ့ မန္တလေး – မြစ်ကြီးနားရထားလမ်းကို စစ်တပ်ဘက်က ပြည်သူတွေအသုံးပြုဖို့မဟုတ်ဘဲ လက်နက်နဲ့ရိက္ခာထောက်ပို့လုပ်ငန်းအတွက် ရထားလမ်းကိုပြုပြင်နေတာလို့ ဒေသခံတွေကပြောပါတယ်။
ရထားလမ်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ မိုင်းဆွဲ ဖျက်ဆီးထားတာကြောင့် အာဏာသိမ်းစစ်တပ်က ရထားသံလမ်းဘေး ကျေးရွာတွေကိုစစ်ကြောင်းထိုးပြီး ထန်ကြီးရွာမ၊ထန်းကြီးဘူတာ၊ပေါက်ကန်ရွာမ၊ပေါက်ကန်ဘူတာနဲ့ ကူကောင်းရွာတွေကို မီးရှို့ထားတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
” အဖမ်းခံထားရတဲ့သူတွေလည်းရှိသေးတယ်၊ မီးရှို့ထားတာတွေရှိတယ်၊ ပြည်သူတချို့ပြန်မလွှတ်ပေးသေးတာတွေရှိတယ်၊ အခုလက်ရှိ စစ်အုပ်စုကသုံးဆင့်ကန်၊ ဝက်လူးအိုင်၊ သာလိုင်း၊ ရုံးသာတို့မှာတပ်စွဲထားပါတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ညောင်ပင်ကြီးတောရွာက အမျိုးသားနှစ်ဦး၊ ရေသောက်ကန်ရွာကအမျိုးသမီးတစ်ဦး၊အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားတာ တစ်လကျော်ကြာပြီဖြစ်ပြီး ယနေ့အထိပြန်မလွှတ်ပေးသေးဘူးလို့ သူကပြောပါတယ်။
ဝက်လက်မြို့နယ်က စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ ထောက်ပံ့ချင်တယ်ဆိုရင် ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့ Facebook Page – https://shorturl.at/tyAKS ကို ဆက်သွယ်နိုင်ပါတယ်။
ပုံစာ – ၂၀၂၃ ခုနှစ် မေလအတွင်းက တွေ့ရတဲ့ ဝက်လက်စစ်ရှောင်မိသားစု တစ်စု။
ဓါတ်ပုံ – ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့

