ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၁၀ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ သီတင်းပတ်နှစ်ပတ်ခန့်ကြာမြင့်လာပြီးနောက် စစ်ဘေးရှောင်ဦးရေဟာ နေ့စဉ်တိုးလာနေကာ ငါးသောင်းကျော်ထိရှိလာပြီး လူဦးရေကိုးသောင်းနီးပါးဟာလည်း အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က မနေ့က ထုတ်ပြန်ပါတယ်။
စစ်ပွဲနယ်မြေဟာ မူဆယ်၊ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို စတဲ့ မြို့နယ်တွေအထိ ကျယ်ပြန့်လာကာ ၎င်းမြို့နယ်အသီးသီးမှာ စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ထားရတာပါ။
အဲ့ဒီလို တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ လမ်းပမ်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေဆဲဖြစ်တာကြောင့် စစ်ဘေးရှောင်တွေကို ရိက္ခာနဲ့ ကူညီထောက်ပံ့မှုတွေ ပို့ဆောင်ဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေ ကူညီနေတဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က မော်ကွန်းကိုပြောပါတယ်။
“တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တစ်ဖက်စီဖြစ်နေတဲ့ ကွမ်းလုံတို့၊ သိန္နီမြို့တို့ဆိုရင် ဘယ်လိုမှ ရိက္ခာပို့လို့မရဘူး။ စစ်ရှောင်တွေရှိတဲ့နေရာမှာ သူတို့ဘာသာ မြို့ထဲမှာရှိတဲ့ ဆန်တွေနဲ့ ကူညီနေကြရတာပေါ့။ အချင်းချင်း မျှဝေတာ ကူညီတာလုပ်နေရတာပေါ့” လို့ သူက ပြောပါတယ်။
ရှမ်းမြောက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေဟာ မြို့နယ်အများစုမှာ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်သေကြေမှုနဲ့ အိုးအိမ်စွန့်ခွာရမှုတွေဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေဟာ ဘုန်းတော်ကြီးကျောင်း၊ ဘာသာရေးအဆောက်အဦတွေ၊ နယ်စပ်အနီးနဲ့ တစ်ဖက်နိုင်ငံထဲ တိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ကုလက ပြောပါတယ်။
UNOCHA ရဲ့ စာရင်းတွေအရ လောက်ကိုင်ဒေသမှာ လူဦးရေ ၁,၃၀၀၀ ကျော် ၊ ဝ ဒေသ နမ့်တစ်မှာ ငါးထောင်ကျော် ၊ သိန္နီမြို့မှာ ငါးထောင်ကျော်၊ နမ့်ခမ်းမှာ ငါးထောင်ကျော်၊ မူဆယ်မှာ ခုနှစ်ထောင်ကျော် ၊ လားရှိုးမှာ ရှစ်ထောင်ကျော် ၊ကွတ်ခိုင်မှာ သုံးထောင်ကျော်၊ ကျောက်မဲမှာ တစ်ထောင်ကျော်နဲ့ နောင်ချိုမြို့နယ်မှာ နှစ်ထောင်ကျော်ဝန်းကျင်ဟာ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တရုတ်နယ်စပ်မိုင်တိုင်အမှတ် BP-125 အနီးမှာလည်း စစ်ဘေးရှောင်စခန်းတစ်ခုဖွင့်လှစ်ထားပြီး၎င်းစခန်းမှာ စစ်ဘေးရှောင် ၁၆,၀၀၀ ကျော်ထိ ရှိလာပြီလို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဘက်ကိုလည်း စစ်ဘေးရှောင် ငါးထောင်ကျော်ခန့်ဟာ နယ်စပ်ဖြတ်ကျော်ကာ သွားရောက်ခိုလှုံနေပြီး ၎င်းတို့ကို တရုတ်နိုင်ငံက လက်ခံထားပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းမြောက်စစ်ဘေးရှောင်အရေးဟာ ဒေသတွင်းမှာ ကျယ်ပြန့်လာဖွယ်ရှိတယ်လို့ ဒေသတွင်းအကူအညီပေးသူတွေက ပြောပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယိင်းလျန်းဟန်ကတော့ “အခုအခြေအနေက နှစ်ဖက်လုံး ဟိုဘက်ဒီဘက် ဘယ်ဘက်ကမှ ထိန်းချုပ်နိုင်တာမရှိသေးဘဲ စစ်ရေးတင်းမာနေတဲ့ အချိန်ဆိုတော့ စစ်ပွဲတွေက ဒီထက်ပိုပြီး ပြင်းထန်လာနိုင်တယ်။ စစ်ဘေးရှောင်အရေအတွက်ကလည်း ဒီထက်ပိုပြီးတော့ မြင့်တက်နိုင်တယ်” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)၊ ကရင်ပြည်နယ် စတဲ့ ဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ထိုင်းနိုင်ငံနယ်စပ်၊ အိန္ဒိယနိုင်ငံနယ်စပ်တွေမှာလည်း မြန်မာစစ်ဘေးရှောင်တွေ အများအပြား ခိုလှုံနေကြတာပါ။
၂၀၂၁ အာဏာသိမ်းယူပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ လုံခြုံမှုကင်းမဲ့လာတဲ့ အခြေအနေတွေကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ ၁ ဒသမ ၆ သန်းကျော်ထိ ရှိလာပြီလို့ UNODHA က နောက်ဆုံးထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – ကိုးကန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေဦးစီးအဖွဲ့
ပုံစာ – တရုတ်နယ်စပ်အနီးဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်း

