ရန်ကုန်- ၂၀၂၅ မတ် ၆ (မော်ကွန်း)
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ(Burmese Women’s Union) အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးကတည်းက နိုင်ငံတစ်ဝန်းကအမျိုးသမီးတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေကို ဒီအဖွဲ့ကစောင့်ကြည့်မှတ်တမ်းတင်နေတာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် ၄၅ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦး၊ မြေမြုပ်မိုင်းကြောင့် ခုနစ်ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် နှစ်ဦးနဲ့ အကျဉ်းထောင်ထဲမှာ ဆေးဝါးကုသခွင့်မပေးလို့ သေဆုံးခဲ့ရတာ တစ်ဦး ဖြစ်တယ်လို့ ဖော်ပြပါတယ်။
သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် လူငယ်အမျိုးသမီး ၁၃ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်း ဒဏ်ရာရခဲ့သူ အမျိုးသမီး ၆၈ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။ အမျိုးသမီးသေဆုံးမှု အမြင့်ဆုံးဒေသက စစ်ကိုင်းတိုင်းဖြစ်ပြီး ၂၁ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီမှာလည်း စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရသူ ၇၇ ဦး ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဒါဟာ နှစ်လအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၁၅၂ ဦး သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။
ပုံစာ- စစ်ကောင်စီဘက်က ပစ်တဲ့ လက်နက်ကြီးကျည်မှတ်လို့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာက အမျိုးသမီးတစ်ဦး ဒီနှစ် ဇန်နဝါရီလက သေဆုံးခဲ့ရစဉ်။
ဓါတ်ပုံ- APM

