“ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရင်တောင် COVID ရောဂါကို အမြစ်ပြတ်အောင်တိုက်ဖျက်နိုင်တဲ့ အနေထားမရှိတဲ့အတွက် ကျွန်တော်တို့က ပုံမှန်သတ်မှတ်ထားတဲ့နှစ်ကိုပဲ ကျင်းပသင့်တယ်လို့ မြင်ပါတယ်”

“ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရင်တောင် COVID ရောဂါကို အမြစ်ပြတ်အောင်တိုက်ဖျက်နိုင်တဲ့ အနေထားမရှိတဲ့အတွက် ကျွန်တော်တို့က ပုံမှန်သတ်မှတ်ထားတဲ့နှစ်ကိုပဲ ကျင်းပသင့်တယ်လို့ မြင်ပါတယ်”

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီဟာ တိုင်းနဲ့ပြည်နယ် ငါးခုမှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ဖို့ ရှိနေပါတယ်။ ကိုယ်စားလှယ်နေရာ ၆၅ ခုအထိ ဝင်ပြိုင်မယ့် ဒီတိုင်းရင်းသားပါတီ ဟာ ယခင်က မွန်အမျိုးသားပါတီ(MNP)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) နဲ့ မွန်နိုင်ငံရေးအင်အားစုတွေ စုပေါင်းထားတာလည်းဖြစ်ပါတယ်။

လတ်တလောမှာCOVID-19 ပျံ့ပွားနှုန်းမြင့်တက်နေတဲ့အတွက် အစိုးရက ကန့်သတ်ပိတ်ဆို့မှုတွေ ချမှတ်ထားစဉ် အတွင်း သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုတွေကို ဘယ်လိုလုပ်နေသလဲ၊ စိန်ခေါ်မှုနဲ့ အခက်အခဲ ဘာတွေရင်ဆိုင်နေရသလဲဆိုတာကို ပါတီရဲ့တွဲဖက်အတွင်းရေးမှူးဖြစ်သလို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်ကနေဝင်ပြိုင်မယ့် နိုင်လယိတမကို ဆက်သွယ်မေးမြန်းထားတာတွေထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက် ပါတယ်။

ဂေထောမေးသည်။

မော်ကွန်း။ ။ ရွေးကောက်ပွဲကျင်းပဖို့ကလည်း တစ်လလောက်ပဲ လိုတော့တယ်။ ကိုဗစ်ကလည်း အခုထိ မငြိမ်သေးတဲ့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို အောက်တိုဘာလကုန်အထိ အစိုးရက တိုးမြှင့်ထားတော့ တိုင်းရင်းသား‌ဒေသတွေမှာမဲဆွယ်ရတာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရလဲ။

နိုင်လယိတမ။ ။COVID အနေအထားအောက်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွန်ကြားချက်အတိုင်း လုပ်ရတဲ့ အခါကျတော့ အကန့်အသတ်ကတော့များတာပေါ့။ ကျွန်တော်တို့က စည်းရုံးဟောပြောပွဲတွေမှာ လူ ၅၀ ပဲ စည်းရုံး ဟောပြောရမယ်ဆို‌တော့ ပေးချင်တဲ့မက်ဆေ့တွေက ပြည်သူကြားမှာ သိပ်ပြီးကျယ်ကျယ်ပြန့်ပြန့် မရောက်ဘူး။ သွားရ၊ လာရတာ တစ်ချို့ရွာတွေမှာ Positive (ပိုးတွေ့) လူနာတွေ့တဲ့ ရွာတွေကတော့ ရွှေ့ဆိုင်းရတဲ့ အနေထားမှာ ရှိနေတယ်။ မဲဆွယ်သွားတဲ့အခါမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ ရုံးအဖွဲ့ ၁၀ ယောက်လောက်ပဲ သွားတယ်။ အဲဒီရွာကိုရောက်ရင် ရွာမှာရှိတဲ့ Volunteer (လုပ်အားပေး) ကပဲ သူ့လူနဲ့သူ လက်ကမ်းစာရွက်တွေ ဝေတယ်။ လှည့်လည်တာပေါ့။ အဲဒီ လောက်ပဲ ရှိတယ်။

ကျွန်တော်တို့က တစ်ရွာဝင်၊ တစ်ရွာထွက် အင်အားပြပြီး စီတန်းလှည့်လည်တာတော့ မလုပ်ဘူး။ သူ့ရွာနဲ့ သူ့လူတွေကပဲ ရွာထဲမှာ အောင်နိုင်ရေးတွေ လုပ်တဲ့အခါကျ‌တော့ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ထားပြီးသား ဖြစ်တာ ပေါ့။ အဲဒီလိုသွားတဲ့အခါ သူ့ရွာနဲ့သူ ကျန်းမာရေးနဲ့အညီ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ၊ လက်သန့်ဆေးတွေ အားလုံး အသုံးပြုပြီး သွားတယ်။ Lockdown ချထားတဲ့နေရာဆို ကျွန်တော်တို့ ဝင်လို့မရဘူး။ အဲဒီလို အနေထား ရှိတယ်။

မော်ကွန်း။ ။ ဆန္ဒမဲပေးဖို့တောင်မှ တစ်ချို့ တိုင်းရင်းသားကျေးရွာတွေမှာ ရှင်းရှင်းလင်းလင်းမသိကြသေးတာကို မြေပြင်မှာ တွေ့ရတယ်။ ဒီပြဿနာကိုရော ဆရာတို့ ပါတီကိုယ်စားလှယ်လောင်းတွေ ဘယ်လိုဖြေရှင်းနေကြသလဲ။

နိုင်လယိတမ။ ။ မဲပေးနည်းကိုတော့ သင်တန်းပေးထားတဲ့Volunteer တွေ ရှိတယ်။ သူတို့က လောလောဆယ် အခြေအနေအရ တစ်အိမ်တက်၊ တစ်အိမ်ဆင်း သွားဖို့မလွယ်တဲ့အခါကျတော့ ဆိုင်းငံ့ထားတယ်။ မဲပေးပုံ၊ ပေးနည်း အတွက် တစ်လလုံးအချိန်ရှိသေးတယ်ဆို‌တော့ ကျွန်တော်တို့ ရောဂါအခြေအနေကြည့်ပြီးတော့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မဲပေးနည်းကို ပြောပြဖို့စီစဉ်ထားတာရှိပါတယ်။Volunteer တွေကိုပဲ သင်တန်းပေးထားတဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင်မှာ ရောဂါအခြေအနေအရ အကောင်းဘက်ကိုရောက်လာမယ်ဆိုရင် ကျန်ရှိတဲ့ရွာတွေမှာ ကျွန်တော်တို့လုပ်ဖို့ စဉ်းစားထားပါတယ်။

မော်ကွန်း။ ။ ကိုဗစ်ကလည်းဖြစ်နေတော့ မဲဆွယ်ရေးလုပ်ငန်းစဉ်တွေမှာ လက်ရှိအာဏာရပါတီ ကိုယ်စားလှယ် လောင်းတွေနဲ့ တစ်ခြားကိုယ်စားလှယ်တွေ မြေပြင်လူထုနဲ့ထိတွေ့မှုအပိုင်းမှာကွာဟချက် ဘယ်လိုမျိုးရှိသလဲ။ အားသာချက်၊ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။

နိုင်လယိတမ။ ။ ဘယ်လိုဖြစ်ဖြစ် အာဏာရပါတီက သူ့မှာ လူသိများတယ်။ ငါးနှစ် ပြည်သူလူထုနဲ့ထိတွေ့ ဆက်ဆံမှုတွေ ရှိတဲ့အခါကျတော့ ဒီအခြေအနေမှာ အတိုက်အခံနဲ့စာရင် နည်းနည်းအားသာနေတာပေါ့။ ပြည်သူလူထုကြားမှာ လောလောဆယ် အဲဒီလိုအခြေအနေရှိတယ်။ တခြားပါတီက ကိုယ်စားလောင်းတွေလည်း ကျွန်တော်တို့လို အခက်အခဲရှိတယ်။ အခက်အခဲကြားမှာ လုပ်နေတာရှိတယ်။ ဘယ်သူက အားသာတယ်။ အားနည်းတယ်ဆိုတာထက် အားလုံးက‌တော့ ကျန်းမာရေးဌာနညွန်ကြားချက်နဲ့အညီ လုပ်နေကြတဲ့အခြေအနေမှာပဲ ရှိပါတယ်။

မော်ကွန်း။ ။ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အားကောင်းမယ်လို့ မူလက ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ COVID က ဖြစ်လာတော့ မူလခန့်မှန်းသလို အားကောင်းနိုင်ပါဦးမလား။ ဘယ်လိုမြင်သလဲ။

နိုင်လယိတမ။ ။COVID ရောဂါရဲ့ ရွေးကောက်ပွဲအပေါ်မှာ သက်‌ရောက်မှုကတော့ ပါတီတိုင်းမှာ တန်းတူသက်‌ရောက် မှုတော့ ရှိတာပဲလေ။ အဲဒါကြောင့်မို့ ဘယ်လိုဖြစ်ဖြစ် COVID အနေထားကြောင့် အားသာတဲ့ပါတီက အားနည်းသွားတာ၊ အားနည်းတဲ့ပါတီက အားသာသွားတယ်ဆိုတာကတော့ မရှိပါဘူး။ အားလုံးက ညွန်ကြားချက်အောက်မှာပဲ အလုပ်လုပ်တဲ့ အခါကျတော့ အားသာတယ်၊ အားနည်းတယ်ဆိုတာ မရှိပါဘူး။ လောလောဆယ်က သံဖြူဇရပ်မြို့နယ်မှာ COVID မရှိခင် ကာလက အောင်နိုင်ရေးစွမ်းဆောင်မှုကို ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့အခါကျတော့ ဒီအချိန်ထိ ကောင်းနေတုန်းပဲလေ။ ပြည်သူရဲ့ကြားထဲမှာလည်း ကျွန်တော်တို့ပါတီရဲ့ အိပ်မက်ကတော့ ကောင်းကောင်း ရောက်နေပြီလို့ ယူဆရတယ်။

မော်ကွန်း။ ။ ကိုဗစ်က အထူးသဖြင့် ရန်ကုန်နဲ့ရခိုင်လိုနေရာတွေမှာ အဓိကပျံနှံ့နေပါတယ်။ ဒါကြောင့် တစ်ချို့သော နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကိုရွှေ့ပေးဖို့ဆိုပြီး ပြောကြတာတွေရှိပါတယ်။ ဆရာတို့ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

နိုင်လယိတမ။ ။ ကျွန်တော်တို့ပါတီရဲ့သဘောထားက‌တော့ ရွေးကောက်ပွဲကလည်း ကျင်းပမယ့်ရက်ကို ကြေညာထား ပြီးပြီ။ မဲဆွယ်စည်းရုံးရေးလည်း လုပ်နေကြပြီ။ ဥပဒေအရ သုံးစွဲခွင့်ရှိသလောက်ကိုလည်း သုံးစွဲနေကြပြီ။ နိုင်ငံတကာ ရောက်နေတဲ့ မဲဆန္ဒရှင်တွေလည်း မဲဆန္ဒပေးပြီ။ ရွေးကောက်ပွဲကတော့ မူလကြေညာထားတဲ့အတိုင်း ကျင်းပသင့်တယ်။ တကယ်လို့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင် မလိုလားအပ်တဲ့နိုင်ငံရေးသက်ရောက်မှုတွေဖြစ်လာမှာကို ကျွန်တော်တို့ စိုးရိမ်မိတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကတော့ ပုံမှန်ကြေညာတဲ့အတိုင်းကျင်းပနိုင်ဖို့ ကျွန်တော်တို့ပါတီက မြင်ပါတယ်။

မော်ကွန်း။ ။ တကယ်လို့COVID ရောဂါပိုဆိုးလာလို့ ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလာခဲ့မယ်ဆိုရင်ရော အဲဒီအပေါ်ဘယ်လိုမြင်မိလဲ။

နိုင်လယိတမ။ ။COVID အနေအထားက ရေရှည်သွားမယ့် အလားလာရှိတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရင်တောင် COVID ရောဂါကို အမြစ်ပြတ်အောင်တိုက်ဖျက်နိုင်တဲ့ အနေထားမရှိတဲ့အတွက် ကျွန်တော်တို့က ပုံမှန်သတ်မှတ်ထားတဲ့နှစ်ကိုပဲ ကျင်းပသင့်တယ်လို့ မြင်ပါတယ်။

မော်ကွန်း။ ။ ခန့်မှန်းကြတာက ကိုဗစ်ကူးစက်မှုမြင့်တက်နေချိန်မှာ ရွေးကောက်ပွဲသာကျင်းပခဲ့ရင် မဲရုံကိုလာပြီး မဲပေးတဲ့နှုန်း ကျဆင်းနိုင်တယ်လို့ တစ်ချို့ကဆိုကြတယ်။ မဲပေးသူနှုန်း တကယ်ကျဆင်းခဲ့ရင် တိုင်းရင်းသားပါတီတွေရဲ့ အောင်နိုင်ရေးအပေါ်သက်ရောက်မှု ဘယ်လောက်ရှိနိုင်သလဲ။

နိုင်လယိတမ။ ။ ဒီအနေအထားမှာ မဲပေးတဲ့အခါ Social Distancing အရ ပေးရမယ့် အနေထားရှိတဲ့အခါကျတော့ အချိန်ကန့်သတ်တာတော့ ရှိကောင်းရှိလာနိုင်တာပေါ့။ မဲရုံအရေအတွက်နဲ့ မဲဆန္ဒရှင်အ‌ရေအတွက်အရ ဆိုလို့ရှိရင် လူထုက မဲပေးဖို့ အချိန်တစ်မိနစ်လောက်ပဲ အချိန်ရတယ်။ ဒီရောဂါအခြေအနေအရ Social Distancing လုပ်ရတဲ့ အခါကျတော့ မဲပေးရမယ့် အချိန်အတိုင်းတာကတော့ နည်းနည်းအကန့်အသတ်ရှိတယ်။ သို့သော်လည်းပဲ ဘယ်လောက် အကန့်အသတ် ရှိသည်ဖြစ်စေ၊ မဲရုံးလာတဲ့ မဲဆန္ဒရှင်မှန်သမျှ မဲပေးနိုင်ဖို့အတွက်က သက်ဆိုင်ရာကော်မရှင်က အခု ကတည်းက တိတိကျကျ စီစဉ်ဆောင်ရွက်ထားသင့်တယ်လို့ မြင်ပါတယ်။ သံဖြူဇရပ်မြို့နယ် အနေထားမှာဆိုရင် ရောဂါအခြေအနေအရ ဘယ်လိုပဲရှိသည်ဖြစ်စေ၊ ဒီအခွင့်အရေးကိုအရယူပြီးတော့ မဲပေးဖို့ကမဲဆန္ဒရှင်တိုင်းမှာ တက်ကြွနေတဲ့အနေအထားမှာ ရှိနေဆဲပဲဖြစ်တယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."