၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။
မော်ကွန်း သတင်းအဖွဲ့ မေးမြန်းသည်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတဲ့ Fortify Rights အဖွဲ့ဟာ မြန်မာ-တရုတ် ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တစ်လျှောက် လူ့အခွင့်အရေးချိုးဖောက်ခံ နေရမှုများအပါ အဝင် မြန်မာနိုင်ငံတစ်ဝန်းက အခြားသော လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုတွေနဲ့ပတ်သက်ပြီး အစဉ်တစိုက်ထောက်ပြဝေဖန်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ တည်ထောင်သူနဲ့ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာမက်သယူးစမစ် (Matthew Smith) ကို ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး မော်ကွန်းကဒီဇင်ဘာတတိယပတ်ထဲမှာ အီးမေးလ် ကတစ်ဆင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မက်သယူးစမစ်ဟာ The New York Times လို နိုင်ငံတကာသတင်းစာတွေမှာလည်း လူ့အခွင့် အရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးလေ့ရှိပါတယ်။ ၎င်းနဲ့ မေးမြန်းဖြစ်ခဲ့တာတွေထဲက တချို့ကို ကောက်နုတ်ဖော်ပြ ပေးလိုက်ပါတယ်။
မော်ကွန်း။ ။ ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေက ဘယ်လိုရှိပါသလဲ။
မက်သယူးစမစ်။ ။ ပိုက်လိုင်းဖြတ်သွားတဲ့ နေရာတွေ၊ အဲဒီနေရာ တွေမှာ နေထိုင်ကြတဲ့သူတွေအတွက် ပိုက်လိုင်းတွေက လူ့ အခွင့် အရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်စေခဲ့ပါတယ်။ တချို့မိသားစုတွေ က သူတို့ရဲ့မြေတွေအတွက် အတော်အသင့် လျော်ကြေးရကြပေ မယ့် အများစုကတော့ (မျှမျှတတ) လျော်ကြေးမရခဲ့ကြသလို ဘာမှမရှိတော့သလောက်နီးပါးဖြစ်သွားကြတာကို ကျွန်တော်တို့ သိထားတယ်။
(ရှမ်းပြည်နယ်) မြောက်ပိုင်းမှာဆိုရင် ပိုက်လိုင်းတွေက လက်နက်ကိုင်ပဋိပက္ခကို အားပေးနေတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက ပိုက်လိုင်းဖြတ်သွားမယ့်နယ်မြေတွေကို လုံခြုံ အောင် တပ်မတော်ဟာ အဲဒီဘက်ကို ဝင်ပြီးလှုပ်ရှားတယ်။ အဲဒီ မှာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေတာတွေ၊ နှိပ်စက်တာတွေ၊ ပြီးတော့ စစ်ရေးဆိုင်ရာ ပစ်မှတ်မဟုတ်တဲ့ဟာတွေကို တိုက်ခိုက် တာတွေ စတဲ့ကိစ္စတွေကို ကျူးလွန်ခဲ့တယ်။ တချို့ကိစ္စတွေက စစ် ရာဇဝတ်မှုတောင် ဖြစ်နိုင်လောက်တယ်။
မော်ကွန်း။ ။ အဲဒါတွေက ဘယ်လောက်စိုးရိမ်ရလဲ။ အဲဒီဟာတွေ အတွက် ဘယ်သူတွေမှာ တာဝန်ရှိလဲ။
မက်သယူးစမစ်။ ။ ရှမ်းပြည်မြောက်ပိုင်းမှာလှုပ်ရှားတဲ့ တပ်မ တော် တပ်ရင်းတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်က ဖြစ် ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေအတွက် တာဝန် ရှိကြတယ်။ အဲဒီကိစ္စတွေဟာ တော်တော်ကို စိုးရိမ်ရပြီး အာရုံ စိုက်ကြဖို့ လိုပါတယ်။
မော်ကွန်း။ ။ ခင်ဗျားတို့ရဲ့ ဆန်းစစ်ချက်တွေအရ အစိုးရဟာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘာကြောင့် ပျက်ကွက်နေတာလဲ။
မက်သယူးစမစ်။ ။ အစိုးရဟာ လုပ်နေကျအတိုင်းပဲ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့အချက်ကို လုံးဝငြင်း ပယ်နေတယ်။ ဒါဟာ အရင်စစ်အစိုးရရဲ့ အမူအကျင့်အတိုင်းပါပဲ။ တချို့လူ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေမှာ စီးပွားရေးဆိုင်ရာ ကိစ္စတွေ ရှိတယ်။ အဲဒီပြဿ နာရဲ့ ဇာစ်မြစ်ကတော့ အတော မသတ်နိုင်တဲ့ လောဘပေါ့။
မော်ကွန်း။ ။ ဒီ(လူ့အခွင့်အရေးချိုးဖောက်နေတဲ့)ကိစ္စကို ကိုင် တွယ်ဖြေရှင်းဖို့ ဘာတွေ လုပ်ဖို့လိုမလဲ။
မက်သယူးစမစ်။ ။ ရခိုင်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ပိုက်လိုင်းတစ်လျှောက်က လူမှုအဖွဲ့အစည်းတွေဟာ လူ့အခွင့် အရေးအတွက် အရေးဆိုတဲ့နေရာမှာ တော်ကြပါတယ်။ သူတို့ရဲ့ အားထုတ်မှုတွေကို ပံ့ပိုးပေးသင့်တယ်။
ပိုက်လိုင်းတစ်လျှောက်မှာမြင်နေရတဲ့ ပြဿ နာတွေ အတွက် တာဝန်ခံမှုလုပ်ထုံးလုပ်နည်းတွေကတော့ အလုပ်မဖြစ် ဘူး၊ ဒါမှမဟုတ် ရှိကို မရှိတာဖြစ်နိုင်တယ်။ အစိုးရသစ်ကတော့ ပြည်သူကို ကိုယ်စားပြုပြီး ပြောင်းလဲဖို့ ဆတက်ထမ်းပိုးလုပ် လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
မော်ကွန်း။ ။ ပိုက်လိုင်းရဲ့ဘေးကင်းလုံခြုံမှုကိစ္စနဲ့ပတ်သက်ပြီး တော့ ဘာကိုစိုးရိမ်မိလဲ။
မက်သယူးစမစ်။ ။ ဒီလောက်ကြီးမားတဲ့ စီမံကိန်းမျိုးဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် လုံခြုံမှုရှိဖို့ လိုအပ်မှာပဲ။ ဒီကိစ္စမှာ အာဏာပိုင်တွေဟာ မငြိမ်းချမ်းတဲ့နယ်မြေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးချယ်လမ်းဖောက်ထားတယ်။ ဒါဟာ သိမ်းပိုက်ခြင်း မဟာ ဗျူဟာ ဖြစ်ပုံရပါတယ်။
KIA၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့အထိ ပိုက်လိုင်းလုံခြုံရေးအတွက် စီမံ ကိန်းကို ရွှေ့ဆိုင်းတာက အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီ အတိုင်းဖြစ်မလာခဲ့ဘူး။ ပိုက်လိုင်းကို စစ်ရေးမဟာဗျူဟာနဲ့အတူ အသုံးချတယ်လို့ ကျွန်တော်တို့ယူဆတယ်။
မော်ကွန်း။ ။ လူ့အခွင့်အရေးပြဿ နာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ NLD ဦးဆောင်တဲ့အစိုးရကို ဘာအကြံပေးချင်လဲ။။
မက်သယူးစမစ်။ ။ သဘာဝပတ်ဝန်းကျင်၊ ဒါမှမဟုတ် လူ့အခွင့် အရေးပေါ်မှာ သက်ရောက်မှုရှိတဲ့ စီမံကိန်းတွေအတွက် လူမှု အသိုင်းအဝိုင်းကို ကြိုတင်အသိပေးထားပြီး လွတ်လပ်စွာဆန္ဒပြု နိုင်မှု (Free, Prior and Informed Consent) တွေ ရှိစေဖို့ NLD အနေနဲ့ အသေအချာလုပ်ဆောင်သင့်တယ်။ လူ့အခွင့် အရေး ချိုးဖောက်သူတွေဟာ တာဝန်ယူရမယ်။ ပြီးတော့ တချို့ ကိစ္စတွေမှာ ပူးပေါင်းကြံစည်သူတွေလည်း ပါနိုင်ပါတယ်။ ။

