ဦးဇမ်းခန့်ထန် (ခ) ကိုဇန်၊ သုတေသီ၊ ပြည်ထောင်စုအင်စတီကျု
ဆယ်စုနှစ်များစွာ စစ်တပ်အုပ်ချုပ်ခဲ့ရာမှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကာ ပါတီစုံရွေးကောက်ပွဲများ ကျင်းပ၍ ပြည်သူ့အုပ်ချုပ်မှုစနစ်ကို နိုင်ငံတွင် ဖော်ဆောင်လာသည်မှာ ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပါပြီ။ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပခဲ့ပြီ ဖြစ်ပါသည်။ ဒုတိယတစ်ကြိမ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အများပြည်သူ လိုလားသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့၏။ ယခုတစ်ဖန် တတိယတစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ကာလသို့ ရောက်ခဲ့ပြန်ပါပြီ။ သို့ရာတွင် ပြည်သူအစိုးရဟု ကြွေးကြော်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လက်ထက်တွင် ကျင်းပမည့် ယခု ရွေးကောက်ပွဲတွင် ညံလာသည့်အသံတစ်ခုရှိပါသည်။
ယင်းမှာ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲမဲဆွယ်မိန့်ခွန်းများကို ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ပိတ်ဆို့နေခြင်း ဖြစ်ပါသည်။ ယင်းလုပ်ရပ်များအပေါ် နိုင်ငံရေးပါတီတစ်ချို့က သပိတ်မှောက်သလို တစ်ချို့က နှုတ်ဆိတ်နေခဲ့ကြပါသည်။ လေ့လာသူတစ်ချို့ကတော့ ယင်းသည် ကော်မရှင်၏ မမျှမတဘတ်လိုက်မှုဟု ကင်ပွန်းတပ်ကြသည်။ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်းများကို တည်းဖြတ်ပြင်ဆင်မှုတွေကြောင့် ဒီမိုကရေစီနိုင်ငံရေးစနစ် ၏ အနှစ်သာရနှင့် နိုင်ငံရေးဆိုင်ရာအလားအလာတွေအကြောင်းကို ပါတီနိုင်ငံရေးတွင် မပါဝင်သည့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတစ်ချို့ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားသည်များထဲမှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။
ဂေထောမေးသည်။
မော်ကွန်း။ ။ အရပ်သားအစိုးရအုပ်ချုပ်တဲ့ကာလရောက်လာတာတောင်မှ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေကို ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာလုပ်နေတယ်။ ဦးကိုကိုကြီးတို့ရဲ့ ပြည်သူ့ပါတီထုတ်ပြန်ချက်အရဆိုရင် ကော်မရှင်က မူလကန့်သတ်ထားတဲ့ အချက်တွေနဲ့လွတ်ကင်းအောင် ရေးထားတာတောင်မှ ဆင်ဆာထပ်အလုပ်ခံရတဲ့ သဘောမျိုး ရှိတာပေါ့လေ။ ဒီလိုဖြစ်ရပ်တွေက လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေရဲ့ တန်ဖိုးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။
ဦးဇမ်းခန့်ထန်။ ။ ရွေးကောက်ပွဲက ဘာပြောပြော လွတ်လပ်မှာပါ။ ဒါပေမဲ့ မမျှတဘူး။ အဲဒါတော့ပြောလို့ရတယ်။ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကနေ ဦးကိုကိုကြီးတို့ ပြည်သူ့ပါတီရယ်၊ နောက်တခြားပါတီလည်း ဒီလိုမျိုး တည်းဖြတ်မှုတွေရှိနေတယ်။ သူတို့ (ကော်မရှင်) တည်းဖြတ်လိုက်တဲ့ စာသားတွေကို ကြည့်မယ်ဆိုရင် လက်ရှိ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ထင်ရတဲ့ စာသားတွေ ဖြစ်နေတယ်။ UEC သည် တည်းဖြတ်ရအောင်၊ မတည်းဖြတ်ရအောင် အာဏာရပါတီ သို့မဟုတ် အာဏာရအစိုးရဘက်ကို အများကြီးကို Cover လုပ်နေတယ်ဆိုတာ သုံးသပ်လို့ရတယ်။
နိုင်ငံရေးပါတီတစ်ခုတည်းကိုပဲ တည်းဖြတ်တာမဟုတ်ဘူး။ တစ်ပါတီထက်ကျော်နေပြီ။ ဖြတ်လိုက်တဲ့စာသားတွေ အကုန်ကြည့်လိုက်ရင် လက်ရှိအစိုးရရဲ့ ပုံရိပ်ကိုထိခိုက်စေတယ်လို့ ထင်ရတဲ့အသုံးနှုန်းတွေ ဖြစ်နေတယ်။ ဒါက ရမ်းသမ်းပြောတာမဟုတ်ဘူး။ ဖြတ်လိုက်တဲ့ စာသားအထောက်အထားကို ကြည့်ပြီးတော့ UEC သည် တော်တော်လေးကို Fair (မျှမျှတတ) မဖြစ်ဘူးလို့ပဲ ကျွန်တော်စွပ်စွဲချင်တယ်။
ရွေးကောက်ပွဲရလဒ်ဟာ လက်ရှိတွက်ချက်မှုတွေအရတော့ NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ပဲ ဆက်ပြီးတော့ အနိုင်ရဖို့ များပါတယ်။ သို့သော် ဘာဖြစ်လာနိုင်သလဲဆိုတော့ UEC က ၂၀၁၆ ကနေ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ၂၀ ကျော် ဖြစ်ခဲ့တယ်။ အဲဒီမှာ အာဏာရပါတီအတွက်ကိုပဲ ဆုံးဖြတ်ချက် ချခဲ့တာ များတယ်။ တော်တော်လေးကို အာဏာရပါတီ သဘောကျနှစ်ခြိုက်ရအောင် စွမ်းဆောင်နိုင်တဲ့ UEC ဖြစ်နေတယ်။ အဲဒီလိုပဲ အခုရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ နိုင်ငံရေးပါတီအသီးသီးရဲ့ မိန့်ခွန်းတွေ၊ ကြေညာချက်တွေကိုလည်း သူတို့တည်းဖြတ်မှုတွေ လုပ်တယ်။ နိုဝင်ဘာ ၈ ရက်မှာလုပ်မယ့် ရွေးကောက်ပွဲရလဒ်မှာလည်း မဲအငြင်းပွားမှုတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။
ဖြစ်လာလို့ရှိရင်လည်း UEC က ထပ်ပြီးတော့ လက်ရှိအာဏာရပါတီဘက်ကိုပဲ ဆုံးဖြတ်လာနိုင်တယ်လို့ ထင်တယ်။ ကျွန်တော်အနေနဲ့ယူဆတာကတော့ လက်ရှိအာဏာရပါတီကပဲ ရွေးကောက်ပွဲမှာ နိုင်မယ်။ သို့သော်လည်းပဲ လက်ရှိ UEC သည် အာဏာရပါတီ၏ လက်ကိုင်တုတ်ဖြစ်တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ သူ့ကိုယ်သူ ပုံဖော်လာနိုင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှာ တချို့သော အငြင်းပွားမှုဖြစ်လာတဲ့အခါမှာ သူ့ရဲ့ဆုံးဖြတ်မှုက အာဏာရပါတီဘက်ကိုပဲ ဆွဲလာမယ်။ ပိုပြီးတော့များ သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် အငြင်းပွားမှုမှတစ်ဆင့် ဒေသတစ်ခုခုမှာ ထပ်ပြီးတော့ ပဋိပက္ခ ဖြစ်လာမလားဆိုတာ နည်းနည်းစိုးရိမ်တာပေါ့။
လက်ရှိမဲဆွယ်ကာလမှာ ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်တာတွေ တွေ့နေရတယ်။ ရွေးကောက်ပွဲရဲ့ တကယ့်ကို အရှိန်အမြင့်ဆုံးရလဒ်ကြေညာတဲ့အခါမှာ တကယ်လို့များ UEC က မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ ဘက်လိုက် ဆုံးဖြတ်ခဲ့မယ်ဆိုလို့ရှိရင်လည်း စနက်တံကို မီးရှို့သလိုဖြစ်လာမလား၊ ကျွန်တော်တို့ စိုးရိမ်တယ်။
UEC ဥက္ကဋ္ဌကို တောက်လျှောက်လေ့လာကြည့်တယ်။ မီဒီယာနဲ့လည်း တွေ့ဆုံမှုအားနည်းတယ်။ နိုင်ငံရေးပါတီနဲ့ကလည်း တွေ့ဆုံညှိနှိုင်းမှု အားနည်းတယ်။ တတိယအချက်ကလည်း ကြားဖြတ်ရွေးကောက်ပွဲကို ဆုံးဖြတ်တဲ့အခါမှာလည်း အာဏာရပါတီကို ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်တွေ များတယ်။ မဲစာရင်းကြည့်တဲ့ကာလကိုလည်း အရင်က ခုနှစ်ရက်ပေါ့။ နောက်တော့ ၁၄ ရက် တိုးသွားတယ်။ အဲဒီဆုံးဖြတ်ချက်က နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းမှာတွေ့ပြီး နောက်ရက်မှာ ဖြစ်တယ်။ သူ့မှာက လက်ရှိအစိုးရ အကြီးအကဲစကားကို နားထောင်နေတဲ့ bureaucrat (ဝန်ထမ်း) တစ်ယောက်ထက် မပိုဘူး။ ထူးမခြားနား ဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် အရင် UEC ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်အေးရဲ့ ခြေဖျားတောင်မမှီဘူးလို့ ပြောချင်တယ်။
မော်ကွန်း။ ။ တစ်ချို့ဖြတ်တောက်ခံရတဲ့ စကားစုတွေဟာ ၂၀၁၅ ကော်မရှင်ကတောင် ခွင့်ပြုခဲ့တဲ့ အသုံးအနှုန်းတွေလို့ အဖြတ်ခံရတဲ့ ပါတီတစ်ချို့က ပြောကြတယ်။ ကော်မရှင်အနေနဲ့ ဒီလိုအပြုအမူတွေလုပ်တဲ့အပေါ် ဘယ်လိုမြင်သလဲ။
ဦးဇမ်းခန့်ထန်။ ။ မလုပ်သင့်ဘူး။ သူကဘာလဲ၊ စာပေစိစစ်ရေးလား။ ဒါမှမဟုတ် အာဏာရအစိုးရရဲ့ အလိုတော်ရိတွေလား။ UEC သည် တကယ်တမ်းပြောရမယ်ဆိုရင် ဥက္ကဋ္ဌက ပြောတာပေါ့နော်၊ ဝန်ထမ်းနည်းနည်းလေးနဲ့ လုပ်နေရတာတဲ့။ ဒါကတော့ တစ်ပိုင်းပေါ့လေ။ ဒါပေမဲ့ UEC မှာ ရှေ့က ငါးနှစ်လောက်ဖြတ်သန်းခဲ့ဖူးတဲ့ လူတွေရှိတယ်။ အနည်းဆုံးတော့ သူတို့ထက်မသာရင်တောင် သူတို့ထက်မညံ့သင့်ဘူး။ အခုက သူတို့ထက်ညံ့နေတာ။ ခေါင်းဆောင်မှုအရည်အချင်းရဲ့ ညံ့ဖျင်းမှု၊ ဘက်လိုက်မှုကလည်း အများကြီး ဖြစ်နေတယ်။ ဒါကလည်း ရွေးကောက်ပွဲရဲ့ ဒီမိုကရေစီပုံရိပ်တွေကို သွားပြီး ထိခိုက်တာပေါ့လေ။
မော်ကွန်း။ ။ အာဏာရပါတီက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်တစ်ရပ်အနေနဲ့ ဒီလို ဆင်ဆာတွေ လုပ်နေတာဟာ လွတ်လပ် တရားမျှတမှုရှိရမယ့် ဒီမိုကရေစီရွေးကောက်ပွဲ စံနှုန်းတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေသလဲ။
ဦးဇမ်းခန့်ထန်။ ။ ဒီမိုကရေစီမှာက လွတ်လပ်စွာပြောဆိုဖော်ထုတ်ခွင့်တာရှိတာကိုး။ အခုက ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်လာတဲ့နိုင်ငံဖြစ်တယ်။ အဲဒီအချိန်မှာ တိုင်းရင်းသားပါတီတွေရော၊ တခြားပါတီတွေရော ဝင်ပြိုင်လာကြတယ်။ ဒါပေမဲ့ အဲဒီအထဲမှာမှ တိုင်းရင်းသားပါတီက တကယ်တမ်းပြောရင် သူရဲ့သွားလိုတဲ့ ဖက်ဒရယ် နိုင်ငံရေးတစ်ခု၊ စနစ်တစ်ခုကို လွှတ်တော်နိုင်ငံရေးကနေ ဖော်ဆောင်လို့ရမလားဆိုပြီး ဝင်လာတာရှိတယ်။ ဖော်ဆောင် နိုင်မှုကတော့ တကယ်တမ်း လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် လုံးဝ အခွင့်လမ်းနည်းတယ်။
အခုက ထပ်ပြီးတော့ ဒီလိုမျိုးဆင်ဆာဖြတ်လိုက်ခြင်းက စာသားလေးဖြတ်တောက်လိုက်တာပဲလို့ တွေးကောင်းတွေကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီလောက်ပဲတော့ မဟုတ်ဘူး။ လွတ်လပ်စွာပြောဆိုခွင့်တစ်ခုလုံးကို ကန့်သတ်ပိတ်ပင်သွားသလိုပဲ။ တိုင်းရင်းသား အများစုရဲ့ ဖော်ထုတ်ခွင့်ဖြစ်တဲ့ ဖက်ဒရယ်အရေးနဲ့ပတ်သက်ပြီးတော့ ထပ်ပြီးတော့ ကန့်သတ်လာမလားလို့ စိုးရိမ်တယ်။ အခု UEC ရဲ့ ဖြတ်တောက်မှုတွေ၊ တည်းဖြတ်မှုတွေက ဒီမိုကရေစီအရေးဆိုတာတင် မကဘူး။ ဖက်ဒရယ်ကို ဖော်ဆောင်ချင်တဲ့ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒထုတ်ဖော်ခွင့်၊ သူတို့ရဲ့လမ်းကြောင်းကိုပါ ထပ်ပြီး ပိတ်ပင်သလို၊ ကန့်သတ်သလိုဖြစ်မှာလည်း စိုးရိမ်ရတယ်။
အခုက ပြည်မဘက်ပါတီကြီးတွေမှာ ပြည်သူ့ပါတီကို တည်းဖြတ်လိုက်တယ်။ ပြည်သူ့ပါတီမတိုင်ခင်မှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီလား၊ သူ့ကိုလည်း တော်တော်ကြီး တည်းဖြတ်လိုက်တယ်။ တိုင်းရင်းသားပါတီကိုလည်း ပိုပိုပြီးတော့ တည်းဖြတ်မှုတွေလုပ်လာတာရှိမယ်။ သက်ရောက်မှုက တစ်ဖြည်းဖြည်းနဲ့ ကြီးလာတယ်။ နဂိုကတည်းက ခွေးတိုးပေါက် အနေအထားနဲ့ ဝင်ပြိုင်နေရတဲ့အနေထားမှာ ထပ်ပြီးတော့ ဒီစကားလုံးလေးတောင် ပြောခွင့်မရှိဘူးပေါ့။ ဒီမိုကရေစီတင် မကဘူး၊ ဖက်ဒရယ်အတွက်ပါ နည်းနည်း ရင်လေးစရာ ဖြစ်လာတာပေါ့။
မော်ကွန်း။ ။ အောက်တိုဘာလကုန်အထိ COVID-19 ဆိုင်ရာ ကန့်သတ်ချက်တွေကို အစိုးရက တိုးမြှင့်လိုက်ပါပြီ။ ဒါအပြင် ရန်ကုန်နဲ့ ရခိုင်ဟာလည်း Stay Home အမိန့်အောက်မှာ ဆက်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကို သတ်မှတ်ကာလအတိုင်းဆက်ကျင်းပဖို့ ကော်မရှင်က ပြင်ဆင်နေတဲ့အပေါ် ဘာများမှတ်ချက်ပြုချင်ပါသလဲ။
ဦးဇမ်းခန့်ထန်။ ။ သူတို့ (ရွေးကောက်ပွဲကော်မရှင်) ကတော့ ရွေးကောက်ပွဲကို မရွှေ့ရဲဘူး ဖြစ်နေတယ်။ စဉ်းစားလို့မရဘူး။ တစ်အချက်က ရွေးကောက်ပွဲကို ဘာဖြစ်လို့မရွှေ့ရဲတာလဲ။ သူတို့မှာ ရွှေ့လို့ရတဲ့ အခွင့်အာဏာလည်းရှိတယ်။ ဒါပေမဲ့ သူတို့မရွှေ့ဘူး။ ရှေ့ကိုတိုးခိုင်းတာ မဟုတ်ဘူးလေ။ နောက်ကိုဆုတ်ခိုင်းတာ။ လုပ်ငန်းဆောင်ရွက်မှုမှာ အချိန်ရွှေ့လို့ ရတယ်။ ဒါပေမဲ့ ဘာကြောင့် မရွှေ့တာလဲ။
နံပါတ်နှစ်အချက်ကတော့ COVID က စိုးရိမ်ရတယ်ထားဦးတော့။ သူတို့က ဆက်လုပ်မယ်ဆိုတာ လက်ရှိအာဏာရပါတီ၊ အစိုးရအကြီးအကဲတွေရဲ့ လိုလားမှုကို အဓိကထားပြီး သူတို့ကဆုံးဖြတ်နေတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဟာ COVID ထက်တောင်မှ အရေးကြီးတယ်လို့ ပြောခဲ့တယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲကော်မရှင်ကလည်း နောက်ဆုတ်ဖို့အကြောင်းမရှိဘူးလို့ ပြောတယ်။ လက်ရှိအာဏာရပါတီ၊ အစိုးရအကြီးအကဲခေါင်းဆောင်တွေရဲ့ အာဘော်နဲ့ UEC ရဲ့ ဆုံးဖြတ်ချက်နဲ့ အရမ်းကို ထပ်တူကျတယ်။ သူတို့သည် COVID ဒီလောက်ဖြစ်နေတာတောင်မှ ရွေးကောက်ပွဲကိုနောက်မဆုတ်ရခြင်းသည် အစိုးရ၊ လက်ရှိအာဏာရပါတီ၊ အစိုးရအကြီးအကဲတွေရဲ့ လိုလားမှုကိုပဲ အဓိက အကောင်ထည်ဖော်နေတယ်လို့ မှတ်ချက်ပေးချင်တယ်။
#Interview

