ရန်ကုန် – ၂၀၂၄ မေ ၁၇ (မော်ကွန်း)
စက်သုံးဆီဈေးနဲ့ ယာဉ်ပြင်ဆင်စရိတ်တွေ မြင့်တက်လာတာကြောင့် ရန်ကုန်မြို့တွင်း ကွန်တင်နာယာဉ်ငှားရမ်းခတွေ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ကုန်တင်ယာဉ်ပိုင်ရှင်တချို့က ပြောပါတယ်။
ကွန်တင်နာယာဉ် ငှားရမ်းခတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လပိုင်းကလည်း မြင့်တက်လာတဲ့ စက်သုံးဆီဈေးကြောင့် တစ်ကြိမ်တိုးမြှင့်သတ်မှတ်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်တာပါ။
ကွန်တင်နာသေတ္တာတွေကို ကားပေါ်တင်တာ အလုံးချိန်းတာ စတဲ့အခြေခံယာဉ်းငှါးခနှုန်းထားဟာ မနှစ်တုန်းကတော့ ပေ ၂၀ တစ်စီးကို ကျပ် တစ်သိန်း သတ်မှတ်ထားရာကနေ လက်ရှိမှာ ကျပ်တစ်သိန်းခွဲ ကျသင့်မှာဖြစ်ပြီး ပေ ၄၀ ယာဉ်တစ်စီးကိုတော့ မနှစ်ကတော့ ကျပ်တစ်သိန်းခွဲကနေ နှစ်သိန်းတစ်သောင်းကျပ်ကို ယခုလ ၂၀ ရက်ကစပြီး တိုးမြှင့်ကောက်ခံမယ်လို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်ယာဉ်များအသင်း (Myanmar Container Trucking Association) က မနေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တွင်းသွားလာတဲ့ နှုန်းထားတွေကိုလည်း ကီလိုမီတာအလိုက် တိုးမြှင့်ခဲ့ပြီး သီလဝါဆိပ်ကမ်း (MITT) ကနေ လှိုင်သာယာစက်မှုဇုန်ကို ယခင်က ကျပ်သုံးသိန်းလေးသောင်း ကျသင့်နေရာက လက်ရှိမှာ ကျပ်လေးသိန်းကျော်ထိ တိုးမြှင့်လိုက်ပါတယ်။
ဒီကာလမှာ စက်သုံးဆီဈေးတွေ မြင့်တက်နေကာ မော်တော်ယာဉ်အပိုပစ္စည်းတွေနဲ့ ပြင်ဆင်စရိတ်တွေလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်နေတယ်လို့ ကွန်တင်နာယာဉ်ပိုင်ရှင်တချို့က ပြောပါတယ်။
“စက်သုံးဆီကတော့ ပုံမှန်ပဲတက်နေတာပဲပေါ့၊ အဓိကတော့ ကားပစ္စည်းဈေးက တော်တော်များတယ်။ အရင် တာယာတစ်လုံးဈေးက အခုနှစ်ဆဖြစ်သွားပြီ။ တခြားအထွေထွေပေါ့၊ အင်ဂျင်ဝိုင်တို့ ပြင်ဆင်စရိတ်တွေ အကုန်တက်တယ်” လို့ ကွန်တင်နာယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့တွင်း ကုန်သေတ္တာတွေ ပို့ဆောင်ရတဲ့ယာဉ်တွေဟာ ဆိပ်ကမ်းတွေနဲ့ စက်မှုဇုန်တွေအများစုရှိတဲ့ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေအပြင် လှည်းကူး၊ တိုက်ကြီး၊ ပဲခူး စတဲ့မြို့နယ်တွေကိုပါ ပြေးဆွဲနေတာပါ။
မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းက ထုတ်ပြန်ထားတဲ့အချက်အလက်အရ ရန်ကုန်မြို့မှာ ကုန်သေတ္တာသယ်ယူပို့ဆောင်ပေးနေတဲ့ ယာဉ်အစီးရေပေါင်း ၅,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ပုံစာ – ရန်ကုန်မြို့ ကမ်းနားမှာ မြင်တွေ့ရတဲ့ ကွန်တင်နာယာဉ်များ
ဓာတ်ပုံ – မော်ကွန်း

