ဒေါ်လာကို မှောင်ခိုဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်နဲ့ အရောင်းအဝယ်လုပ်နေ

ဒေါ်လာကို မှောင်ခိုဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်နဲ့ အရောင်းအဝယ်လုပ်နေ

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၃ (မော်ကွန်း)

ပြည်ပငွေလွှဲလုပ်ငန်းတွေနဲ့ ဒေါ်လာဈေးကွက်ကို စစ်ကောင်စီကတင်းကျပ်ထားတဲ့နောက်မှာ ဒေါ်လာကို မှောင်ခိုဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်နဲ့ အရောင်းအဝယ်ပြုလုပ်တယ်လို့ ဒေါ်လာနဲ့ နိုင်ငံခြားငွေကြေး အရောင်းအဝယ်ပြုလုပ်သူတွေဆီက သိရပါတယ်။

ဈေးကွက်အတွင်း ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကတော့ “လက်ရှိကတော့ တရားဝင်ဈေးကွက်လိုမရှိတော့ဘူး၊ ကြိုက်ရောင်းကြိုက်ဝယ်ပေါ့၊ ပေါ်ပေါ်ထင်ထင်ရောင်းလို့မရတော့ဘူးပေါ့၊ ဝယ်သူနဲ့ရောင်းသူ ဈေးကွက်ထဲက ပေါက်ဈေးအတိုင်းညှိပြီးပဲ အရောင်းအဝယ်လုပ်ကြတော့တယ်၊ ” လို့ ပြောပါတယ်။

ဇွန်လကုန်ပိုင်းက စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်းဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားတွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့ လူပုဂ္ဂိုလ် ၅၁ ဦးနဲ့ ကုမ္ပဏီတစ်ခုကို အရေးယူခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး တရားမဝင် နိုင်ငံခြားငွေလဲလှယ်မှုလုပ်ကိုင်သူတွေ၊ တရားမဝင်ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေကို ရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က အခုလို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်လာပြီးနောက် ဒေါ်လာအရောင်းအဝယ်ဈေးကွက်ဟာ ရပ်ဆိုင်းသွားခဲ့ပြီး အခုလို ကြိုက်ရောင်းကြိုက်ဝယ်နဲ့ မှောင်ခိုဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်မှုတွေရှိလာခဲ့တာပါ။

လက်ရှိမှာ အမေရိကန် တစ်ဒေါ်လာကို ၃,၁၀၀ ကျပ် ဝန်းကျင်မှာ ဈေးအတက်အကျဖြစ်နေပြီး ဒေါ်လာဝယ်ယူသူတွေလည်း ပြန်များလာတယ်လို့ ဈေးကွက်အတွင်းအရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

“ပြီးခဲ့တဲ့ အပတ်ကတော့ ကျွန်တော်သွားရောင်းသေးတုန်းက တစ်ဒေါ်လာကို ၃,၁၀၀ ကျော်လောက်ဖြစ်သွားတယ်၊ ခုတပတ်မှတော့ နည်းနည်းပြန်ကျသွားတယ်ပြောတယ်၊ ဒီနေ့ (ဇူလိုင် ၃ ရက်) မှာတော့ တစ်ဒေါ်လာကို ၃,၀၀၀ ကျပ်ကျော်မှာတော့ ရှိနေတယ်၊ ဒေါ်လာက ဈေးကောင်းလာတော့ ကိုင်တဲ့သူတွေများလာတယ်၊ အဝယ်လိုက်လာတယ်၊ အတက်အကျတော့ သိပ်မငြိမ်ဘူးဖြစ်နေတာ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဗဟိုဘဏ်က ဦးဆောင်ကာ AD လိုင်စင်ရဘဏ်တွေနဲ့ သုံးစွဲသူတွေအကြား အွန်လိုင်းကနေတဆင့် ရောင်းဝယ်နိုင်တဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံခြားငွေဝယ်ယူလိုသူ ရောင်းဝယ်လိုသူတွေအနေနဲ့ အဆိုပါလိုင်စင်ရဘဏ်တွေကနေ အရောင်းအဝယ်ပြုလုပ်ကြဖို့နဲ့ လူမှုကွန်ရက်အပါအဝင် အခြားနေရာတွေက ဖော်ပြတဲ့ ငွေလဲလှယ်နှုန်းတွေဟာ တရားမဝင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ပုံစာ – ငွေလဲကောင်တာတစ်ခုမှာ ဒေါ်လာတစ်ရာတန်များကို တွေ့ရစဉ်
ဓာတ်ပုံ – Fuji money Changer


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."