သဇင်လတ်
ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၁ (မော်ကွန်း)

ယာဉ်မောင်းများနှင့် အကျေအလည်သဘောတူညီချက်မရသေးဘဲ YBPC ကုမ္ပဏီက ယာဉ်မောင်းများ၏လစာကိုလျှော့ချကာ ခေါက်ကြေးပေးမည့်စနစ်သို့ပြောင်းလဲလိုက်ပြီး သဘောမတူသည့်ယာဉ်မောင်းများ အလုပ်မှရပ်နားကြောင်း ကုမ္ပဏီက ယနေ့ကြေငြာလိုက်သည်။
ယမန်နေ့က အလုပ်သမားကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမားဦးစီးဌာန တာဝန်ရှိသူများနှင့် ကုမ္ပဏီတာဝန်ရှိသူများက မှော်ဘီမြို့နယ်အလုပ်သမားဦးစီးဌာနရုံးတွင် ဆွေးနွေးခဲ့ကြရာ သဘောတူညီမှုမရခဲ့သေးဘဲ စတင်ခဲ့ခြင်းဖြစ်သည်ဟု YBPC (Yangon Bus Public Company) ကုမ္ပဏီ၏ အခြေခံယာဉ်မောင်း အလုပ်သမားသမဂ္ဂအဖွဲ့ကဆိုသည်။
ယာဉ်မောင်းများအနေဖြင့် ယခင်က အခြေခံလစာ ကျပ်သုံးသိန်း၊ နေ့စဉ်ယာဉ်ပြေးဆွဲမှုမှရရှိသည့်ဝင်ငွေ ခြောက်ရာခိုင်နှုန်းနှင့် ထမင်းဖိုး ကျပ် ၁၅၀၀၊ အများပြည်သူပိတ်ရက်များတွင် လုပ်အားခနှစ်ဆနှင့် ကုမ္ပဏီမှ ဆုကြေးများရရှိသည်။
“ ကျွန်တော်တို့ဘက်က လျှော့ပေးပါ့မယ်၊ လခသုံးသိန်းနဲ့ ထမင်းဖိုးပဲပေးပါ၊ အလုပ်လုပ်ပါ့မယ်ဆိုပြီးတော့ ၂၉ ရက်နေ့ ၆ လပိုင်း ၂၀၂၀ အစည်းအဝေးမှာတင်ပြခဲ့တယ်။ တင်ပြခဲ့တာကိုသူတို့ကလက်ခံပြီး ပြန်ပြီးစီအီးအိုတင်ပြပါ့မယ်ဆိုပြီးတော့၊ နောက်နေ့လည်းကျရော (လခ) တစ်သိန်းခွဲနဲ့ ခေါက်ကြေးသုံးထောင်ရယ်ဆိုတဲ့ဟာနဲ့ပဲ သူတို့ဘက်ကလိုက်လျောပေးနိုင်မယ်ဆိုပြီးတော့ အဲ့လိုမျိုးတွေဖြစ်လာတယ်” ဟု YBPC အခြေခံယာဉ်မောင်းအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဦးမျိုးမင်းထွန်းကဆိုသည်။
ယာဉ်မောင်းများကို အလုပ်ထုတ်လိုက်ခြင်းမဟုတ်ဘဲ ၎င်းတို့သဘောဆန္ဒအရသာ အလုပ်မှရပ်နားပြီး နစ်နာကြေးပေးခြင်းဖြစ်သည်ဟု YBPC ကုမ္ပဏီမှ HR မန်နေဂျာ ဒေါ်အေးအေးသွယ်က မော်ကွန်းကိုပြောသည်။
“သူတို့အနေနဲ့ အခြေခံလစာသစ်စနစ်ကို လိုက်ပါဆောင်ရွက်လိုခြင်းမရှိဘူး၊ သူတို့ဟာသူတို့ စားဝတ်နေရေးပြေလည်တယ်ဆိုတဲ့သူတွေကို အလုပ်ရပ်နားနစ်နာကြေးပေးပြီးတော့ သူတို့သဘောဆန္ဒအလျောက် အလုပ်ရပ်နားပေးတာပါ” ဟု ဒေါ်အေးအေးသွယ်က မော်ကွန်း၏ မေးမြန်းမှုအား ဖြေကြားသည်။
နစ်နာကြေးမည်ကဲ့သို့ပေးသည်ကိုမူ ညှိနှိုင်းဆဲဖြစ်သောကြောင့် ပြောပြ၍မရကြောင်းသာ တုန့်ပြန်သည်။
ကိုဗစ်ကာလအတွင်း ခရီးသွားလာမှုလျော့နည်းကျဆင်းခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရသဖြင့် ကုန်ကျစရိတ်ပိုလာပြီး ဝင်ငွေနည်းပါးလာခြင်းကြောင့် ယခုကဲ့သို့ပြောင်းလဲသတ်မှတ်ရခြင်းဖြစ်ကြောင်း ၎င်းကုမ္ပဏီ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ကြေငြာချက်ထုတ်ပြန်ထားသည်။
အခြေခံလစာနှင့်ခံစားခွင့်များနှင့်ပတ်သက်၍ ယာဉ်မောင်းဝန်ထမ်းကိုယ်စားလှယ်များ၊ သမဂ္ဂအဖွဲ့ဝင်များ နှင့်ကုမ္ပဏီတာဝန်ရှိသူများ ညှိုနှိုင်းမှုကိုးကြိမ်ပြုလုပ်ခဲ့သည်။
YBPC ကုမ္ပဏီလက်အောက်တွင် YBS ၃၇ (ထောက်ကြန့်)၊ ၃၇ (မှော်ဘီ)၊ ၃၇ (ဥက္ကံ)၊ ၃၇ (လှည်းကူး)၊ ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၉၆၊ ၈၉ ယာဉ်လိုင်းများရှိပြီး ရန်ကုန်တိုင်းအစိုးရမှ ရှယ်ယာ ၈၅ ရာခိုင်နှုန်းထည့်ဝင်ထားသော ကုမ္ပဏီဖြစ်သည်။ ယာဉ်မောင်းနှင့် ဝန်ထမ်းစုစုပေါင်း တစ်ထောင်ကျော်ရှိသော ကုမ္ပဏီဖြစ်ပြီး လစာစနစ်သစ်ကိုသဘောမတူသောကြောင့် အလုပ်ရပ်နားခံရမည့် ယာဉ်မောင်း ၅၀၀ နီးပါးရှိသည်ဟု YBPC အခြေခံယာဉ်မောင်း အလုပ်သမားသဂ္ဂအဖွဲ့ကဆိုသည်။
#Dailynews

