မြောက်ဦး- ၂၀၂၄ စက်တင်ဘာ ၁၀ (မော်ကွန်း)
တိုက်ပွဲမရှိတဲ့ ရခိုင်ပြည်နယ်ကမြို့ရွာတွေအပေါ် စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာတွေ ဆက်တိုက်ဆိုသလို လုပ်လာတဲ့နောက် စိုးရိမ်ထိတ်လန့်စွာ ရှင်သန်နေကြရတယ်လို့ ရခိုင်ဒေသခံတစ်ချို့က ပြောပါတယ်။
စစ်ကောင်စီဟာ ဒီရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော်(AA) သိမ်းထားပြီးဖြစ်တဲ့ မြို့တွေကို ဗုံးကြဲတာတွေ ဆက်တိုက်လုပ်တာကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်နေတာပါ။
” ကျွန်တော်တို့မြို့မှာ လေယာဉ်လာရင် သတိပေးတဲ့ဥသြဆွဲသံတွေလည်းမရှိတော့ ကမန်းကတမ်းထပြေးရတဲ့ အချိန်တွေရှိတယ်။ ဗုံးခိုကျင်းကလည်း ရေပြည့်နေတော့ ပုန်းခိုဖို့နေရာတွေလည်းခက်ခဲတယ်” လို့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ကဒေသခံတစ်ဦးက ဒီနေ့ပြောပါတယ်။
ဒီမြို့ကို ဒီလ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် မြို့ပေါ်မှာ နေထိုင်သူတစ်ဦးသေကာ ငါးဦးဒဏ်ရာရခဲ့တာပါ။
“ လူစုလူဝေးတွေကို အတတ်နိုင်ဆုံး ရှောင်တယ်။ သူတို့က(စစ်ကောင်စီ) လူတွေနေတဲ့ အိမ်တွေကိုပဲ ပစ်မှတ်ထားတာဆိုတော့ အိမ်နဲ့ဝေးရာ နေရာတခုမှာ ဆင်းပုန်းဖို့အတွက် ကြိုတင်နေရာချထားတယ်။ ကွန်ကရစ်တံတားတွေအောက်မှာ ဆင်းပုန်းတယ်။ နေအိမ်ထဲမှာ ပုန်းတာမျိုးတို့၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ပြေးတာမျိုးတွေတော့ လုံးဝရှောင်ပါတယ်” လို့ အထက်ပါ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
သံတွဲမြို့ကို ဗုံးကြဲပြီး နောက်တစ်ရက် ဒီလ ၈ ရက်မှာလည်း စစ်ကောင်စီဟာ AA သိမ်းထားတဲ့ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အနီးအနားက အရပ်သားကလေးငယ်တွေအပါအဝင် စစ်သုံ့ပန်းတွေပါ သေဆုံးခဲ့ရတယ်လို့ AA က ထုတ်ပြန်ထားတယ်။
အဲဒီရွာမှာ တိုက်ပွဲအတွင်းဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို AA က ဆေးကုသပေးနေတာလို့ ဆိုပါတယ်။ စစ်ကောင်စီ ဗုံးကြဲတဲ့အတွက် သုံ့ပန်းအရာရှိကြီးတချို့အပါအဝင် စစ်သုံ့ပန်းခုနစ်ဦးနဲ့ အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့နယ်မှာ နေထိုင်သူတစ်ဦးကတော့ ” လက်နက်ကိုင်အချင်းချင်းတိုက်လို့ မနိုင်တဲ့အခါ စစ်ကောင်စီရဲ့ ပစ်မှတ်က ကျွန်တော်တို့ပြည်သူတွေ ဖြစ်လာတယ်။ သူတို့ စစ်ရှုံးထားတဲ့မြို့တွေကို အလွတ်ပေးမှာ မဟုတ်ဘူး။ မစားရတဲ့အမဲ သဲနဲ့လိုက်ပက်နေမှာ။ သူတို့က မြေပြင်မှာ ဘာမှလုပ်နိုင်စွမ်းမရှိတော့ လေကြောင်းကနေပဲ သွေးရူးသွေတမ်းနဲ့လိုက်ပစ်နေတာ။ ဒီလိုကာလမှာ ကျွန်တော်တို့ ပြည်သူတွေကလည်း အစစအရာရာ သတိထားနေထိုင်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက နေ့ခင်းဘက်မှာ ဗုံးလာကြဲခဲ့တဲ့အတွက် မြို့လယ်ကောင်မှာတင် ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မြောက်ဦးမြို့နယ်မှာနေထိုင်တဲ့ မမိုးမိုးကလည်း လေယာဉ်သံဟာ သူတို့နေ့စဉ်ဘဝတွေကို နှိပ်စက်နေတယ်လို့ ဆိုပါတယ်။
” တိုက်ပွဲကာလ တဖြတ်ကို အကြောက်တရားတွေနဲ့ ဖြတ်သန်းခဲ့ပြီးပြီ။ အခုတိုက်ပွဲတွေ မရှိတော့ပြန်ရင်လည်း လေယာဉ်ကို ကြောက်နေရပြန်တယ်။ တစ်ခြားမြို့တွေမှာ လေယာဉ်နဲ့ လာပစ်လို့ သေတဲ့သတင်းတွေ ကြားရလေ၊ ကြောက်စိတ်ပိုဝင်လေပဲ။ ညဆို အိပ်မောတောင် မကျဘူး။ လေယာဉ်သံကြားမလားဆိုပြီး မဝံ့မရဲအိပ်နေရတာ။ ဘယ်အချိန် လာပစ်ပြီး ဘယ်အချိန်သေရမယ်မှန်းမသိတဲ့ ဘဝတွေ။ ကျီးလန့်စာစားပြီး အသက်ရှင်နေရသလိုပဲ” လို့ သူက ဆိုပါတယ်။
မော်ကွန်းရဲ့ သီးခြားစာရင်းပြုစုချက်အရ စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဩဂုတ်လကနေ ဒီနေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၄၇ ဦးထိရှိနေပြီ ဖြစ်ပါတယ်။
ပုံစာ- စစ်ကောင်စီရဲ့ သံတွဲမြို့နယ်ထဲက နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ မောင်ရွှေလေး လေ့ကျင့်ရေးရေတပ်ဌာနချုပ်ကို သိမ်းခဲ့တဲ့ AA တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- AA Info Desk
🌐 Website
https://mawkun.com
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

