ရခိုင်တွင် တစ်လအတွင်း စစ်ရှောင်ဦးရေ ၉,၄၀၀ ကျော်တိုးလာ၊ စခန်းအတွင်း စားနပ်ရိက္ခာများပြတ်လပ်

ရခိုင်တွင် တစ်လအတွင်း စစ်ရှောင်ဦးရေ ၉,၄၀၀ ကျော်တိုးလာ၊ စခန်းအတွင်း စားနပ်ရိက္ခာများပြတ်လပ်

ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၈ (မော်ကွန်း)

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခများကြောင့် တစ်လအတွင်း စစ်ရှောင်ဦးရေ ၉,၄၀၀ ကျော် တိုးလာကာ စစ်‌ရှောင်စခန်းများအတွင်း စားနပ်ရိက္ခာပြတ်လပ်လာကြောင်း Rakhine Ethnics Congress (REC)အဖွဲ့က မော်ကွန်းသို့ ပြောသည်။

“တိုက်ပွဲတွေဖြစ်နေတာရှိတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းပဲ သွားရောက်ထောက်ပံ့နိုင်ခြင်းမရှိဘူး။ အဲဒီတော့ အစိုးရဘက်ကလည်း မရဘူး။နိုင်ငံတကာဘက်ကလည်း မရတဲ့အခါ ဒေသခံတွေဆီကပဲ စားသောက်နေရတာ။ ဒေသခံကလည်း လူတွေအများကြီးကို မထောက်ပံ့နိုင်တော့ တဖြည်းဖြည်းနဲ့ စားနပ်ရိက္ခာတွေပြတ်တောက်နေတာဖြစ်တယ်”ဟု Rakhine Ethnics Congress အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

ယင်းအဖွဲ့က နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သောစာရင်းများအရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်တွင်စစ်ရှောင်စခန်း ၁၆၈ ခုရှိကာ စစ်ရှောင်ဦးရေ ၂၃၆,၀၀၀ ကျော် ရှိလာခဲ့သည်။

ထို့ကြောင့် ၎င်းအဖွဲ့သည် မြေပုံမြို့နယ်ရှိ စစ်ရှောင်စခန်းသုံးခုကို အရေးပေါ်အသုံးပြုရန် ဆန် ၁၀ အိတ်စီ ထောက်ပံ့ပေးခဲ့ပြီး ရသေ့တောင်နှင့်မြောက်ဦးမြို့နယ်ရှိ စစ်ရှောင်စခန်းမှာလည်း စားနပ်ရိက္ခာအခက်ကြုံနေသည်ဟု သူကဆိုသည်။

မြောက်ဦးမြို့နှင့် ၁၀ မိုင်အကွာတွင်ရှိသော စစ်ရှောင်ဦးရေ ၃,၃၀၀ ကျော်ခိုလှုံနေသည့် တိမ်ညိုစစ်ရှောင်စခန်းတွင်လည်း စားနပ်ရိက္ခာများအခက်ကြုံနေရကြောင်း ယင်းစခန်းတာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က မော်ကွန်းသို့ပြောသည်။

“တပ်ကနေကျွန်တော်တို့ရိက္ခာတွေကိုသိမ်းဆည်းသွားတဲ့အခါကျတော့ ရိက္ခာကပြတ်သွားတယ်။ ကြာတော့ ဒုက္ခရောက်တယ်၊ အခက်အခဲတွေဖြစ်ကုန်တယ်”ဟု သူကဆိုသည်။

တိမ်ညိုစစ်ရှောင်စခန်းသို့ အစိုးရကထောက်ပံ့သည့် ဆန်အိတ်များကို နိုဝင်ဘာ ၁၀ ရက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက သိမ်းယူသွားပြီး ဒေသခံအလှူရှင်များ၏ထောက်ပံ့ပေးထားသော ဆန်အိတ် နှစ်ရက်စာသာကျန်ရှိတော့သည်ဟု ဦးဝေလှအောင်က ရှင်းပြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်‌ဇော်မင်းထွန်းထံ မော်ကွန်းက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

တိမ်ညိုစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၈၇၀ ကျော် ခိုလှုံနေသည့်အတွက် တစ်ရက်လျှင် ဆန်အိတ် ၆၀ ကုန်ကျကြောင်း ဦးဝေလှအောင်က ဆိုသည်။

ပုံစာ – စားနပ်ရိက္ခာပြတ်လပ်နေသည့် မြေပုံမြို့နယ်ရှိ ကျီးခေါင်းတောင် စစ်ရှောင်စခန်းသို့ REC က အရေးပေါ်ဆန်အိတ်များထောက်ပံ့ပေးနေမှု။
ဓာတ်ပုံ – Rakhine Ethnics Congress (REC)


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."