ရန်ကုန်၊ ၂၀၂၃ မေ ၇ (မော်ကွန်း)
မြန်မာ့ကမ်းရိုးတန်းကို အားကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်နိုင်တဲ့ သတင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ ကမ်းရိုးတန်းနဲ့နီးတဲ့ မြို့နယ်တွေကကျေးရွာတွေမှာ ရွာလုံးကျွတ်ရွှေ့ပြောင်းမှုတွေပြုလုပ်နေတယ်လို့ ရွှေ့ပြောင်းလာသူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်နဲ့ ဧရာဝတီတိုင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး အစရှိတဲ့ မြို့နယ်တွေက ပယ်လယ်ကမ်းစပ်နဲ့ နီးတဲ့ ကျေးရွာတွေကဒေသခံတွေဟာ နီးစပ်ရာကုန်းတွင်းပိုင်းမြို့နယ်တွေကို ယာယီရွှေ့ပြောင်းနေကြတယ်လို့ ဘိုကလေးဒေသခံ ဦးမြင့်ဦးက ပြောပါတယ်။
မနေ့ကစတင်ပြီး ဒေသခံတွေ အခုလိုရွှေ့ပြောင်းနေကြတာဖြစ်ကာ မအူပင်-ကျိုက်လတ်-ဖျာပုံ-ဘိုကလေး ကားလမ်းပေါ်မှာ ကားတွေဆိုင်ကယ်တွေနဲ့ အရေးပေါ်ရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ပယ်လယ်ထဲက အလုပ်တွေအကုန်သိမ်းနေကြတယ်။ ပင်လယ်နဲ့နီးတဲ့ရွာတွေ ရွာလုံးကျွတ်ပြောင်းပြေးကြတာ။ ဒုတိယ နာဂစ်လိုဖြစ်မှာ တော်တော်ကြောက်ပြီး ပြောင်းနေကြတယ်။ ကားလမ်းပေါ်မှာ ပြောင်းနေတဲ့ကားတန်းကြီး အပြည့်ပဲ၊ တချို့ပြေးတာ ရန်ကုန်ထိရောက်တယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် ကုန်းတွင်းပိုင်းကမြို့နယ်များမှာလည်း မုန်တိုင်းဝင်ရောက်မယ့်သတင်းကြောင့် စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းမှုတွေလည်း ရှိနေတယ်လို့ ကျိုက်လတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“မုန်တိုင်းကျလာရင် အချို့ စားသောက်ကုန်တွေဝယ်လို့မရမှာ၊ စားစရာမရှိမှာစိုးလို့ စားသောက်ကုန်တွေလည်း အလုအယက်ပဲ ဝယ်နေကြတယ်။ ဈေးတွေမှာ ကြိုဝယ်နေကြတယ်” လို့ အဆိုပါဒေသခံက ပြောပါတယ်။
မြန်မာ့ကမ်းရိုးတန်းဒေသအနီး ဘင်္ဂလားပင်လယ်အော်ကိုဗဟိုပြုကာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာပိုမိုအားကောင်းလာနိုင်ပြီး ရက်ပိုင်းအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိကာ မြောက်ပိုင်းကို ရွေ့လျားလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီမုန်တိုင်းငယ်ဟာ လာမယ့်မေလ ၁၀ ရက်မှာ အားပြင်းတဲ့ ဆိုင်ကလုံးမုန်တိုင်းအဖြစ် ပြောင်းလဲသွားနိုင်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
အဆိုပါမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို လမ်းကြောင်းနှစ်ခုက ဝင်ရောက်နိုင်ပြီး ဧရာဝတီတိုင်း ဖျာပုံမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်အနီး (သို့မဟုတ်) ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူ ကမ်းရိုးတန်းဒေသတွေကို ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်နိိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက အသိပေးထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မေ ၉ ရက်မှ ၁၃ ရက်အထိ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်းများ ကျရောက်နိုင်ခြင်း၊ လှိုင်းကြီးနိုင်ခြင်း ဖြစ်ပေါ်ကာ လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ မှ ၆၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသအချို့၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
#Dailynews

